Latest News

Monday, May 28, 2018

ကလေးရဖို့ ခက်နေသလား - ​ဆောင်းပါး

ကလေးရဖို့ ခက်နေသလား - ​ဆောင်းပါး

အိမ်ထောင်သည် စုံတွဲများတွင် ကလေးယူရန်  ကြိုးစားနေတာကြာပြီဖြစ်သော်လည်း ကလေးမရနိုင်သေးသော ပြဿနာ တွေ့ရများသည်။ ၉ဝ ရာခိုင်နှုန်း ဝန်းကျင်သော  အိမ်ထောင်သည်စုံတွဲများသည် တစ်နှစ်ခန့်ကြိုးစားလျှင် ကလေးရကြောင်း လေ့လာချက်များအရ သိရသည်။ ကလေးရရန်ခက်ခဲခြင်းကို Subfertility ဟုခေါ်သည်။ မြုံသည်ဟုလည်း လူသိများကြ သည်။ ထိုကဲ့သို့ အခြေအနေ တစ်ခုသတ်မှတ်ရန် ယေဘုယျအားဖြင့် အချိန်ပိုင်းခြား ပြောလေ့ရှိသည်။

အသက် ၃၅ နှစ်အောက် အမျိုးသမီးများတွင် သန္ဓေတားနည်းလမ်းများ သုံးစွဲခြင်းမရှိဘဲ အမျိုးသားနှင့် မကြာခဏ ဆက်ဆံသော်လည်း တစ်နှစ်ကျော်ကြာသည့်တိုင် ကိုယ်ဝန်မရလျှင်သော် လည်းကောင်း၊ အသက် ၃၅ နှစ်အထက် အမျိုးသမီးများတွင် ထိုနည်းတူ နေထိုင်သော်လည်း ခြောက်လကျော်ကြာသည့်တိုင် ကိုယ်ဝန်မရလျှင်သော် လည်းကောင်း ကလေးရရန်ခက်ခဲသည့် အခြေအနေဟု ဆိုနိုင်သည်။ ခက်ခဲသည့် အခြေအနေဟု သတ်မှတ်သော်လည်း လိုအပ်သည့် စမ်းသပ်စစ်ဆေး ကုသမှုများ ပြုလုပ်ခြင်းဖြင့် ကိုယ်ဝန်ရနိုင်ခြေ ရှိသေးသည်။

အမျိုးသမီးပြဿနာသာမဟုတ်

နှစ်ကြာသည်အထိ ကလေးမရဖြစ်နေလျှင် အမျိုးသမီးဖြစ်သူကို အပြစ်တင်တတ်ကြသော  ဓလေ့ရှိသည်။အမှန်စင်စစ် ပြဿနာမှာ ယောက်ျားတွင် လည်းကောင်း၊ မိန်းမတွင်လည်းကောင်း၊ နှစ်ဦး စလုံးတွင် လည်းကောင်း ရှိနေနိုင်သည်။ နှစ်ဦးလုံးကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည်။

ဘာကြောင့်ကလေးမရနိုင်တာလဲ

လေ့လာထားချက်များအရ ကလေးမရခြင်း ဖြစ်စေသော အကြောင်းရင်းများမှာ အမျိုးသားပြဿနာကြောင့် ၂၆ ရာခိုင်နှုန်း၊အမျိုးသမီး မျိုးဥမကြွေသောကြောင့် ၂၁ ရာခိုင်နှုန်း၊   အမျိုးသမီး သားဥပြွန်ပြဿနာကြောင့် ၁၄ ရာခိုင်နှုန်း၊ သားအိမ်အတွင်းသား တစ်သျှူးများ သားဥအိမ်နှင့် တခြားနေရာများတွင် ရှိနေခြင်းကြောင့်  ၆ ရာခိုင်နှုန်း၊ လိင်ဆက်ဆံမှု ပြဿနာများကြောင့် ၆ ရာခိုင်နှုန်း၊    သားအိမ်ခေါင်းပြဿနာကြောင့် ၃ ရာခိုင်နှုန်းနှင့် အကြောင်းသေချာ ရှာမတွေ့ဘဲ ၂၈ ရာခိုင်နှုန်းခန့် ရှိကြောင်း တွေ့ရှိရသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရာခိုင်နှုန်း ကွာခြားချက် အနည်းငယ် ရှိနိုင်သော်လည်း အကြမ်းဖျင်း သိရှိမှတ်သားသင့်သည်။

ဘယ်အချိန်ဆရာဝန်နဲ့ပြဖို့လိုသလဲ

အသက်ငယ်သော  စုံတွဲများအတွက် တစ်နှစ်ခန့် ကြိုးစားကြည့်ပြီး ကလေးမရနိုင်လျှင် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။ အမျိုးသမီးအသက် ၃၅ နှစ်အထက် စုံတွဲများအတွက် ၆ လခန့်ကြိုးစားပြီး ကလေးမရလျှင် ဆရာဝန်နှင့် ပြသသင့်သည်။ သန္ဓေတားဆေး ထိုးဆေး၊ သောက်ဆေးနှင့် ပစ္စည်း မသုံးသော်လည်း လစဉ်ရာသီ မပေါ်သည်မှာ  လအနည်းငယ် ကြာလာလျှင်လည်း ဆရာဝန်နှင့်ပြသသင့်သည်။

အမျိုးသားအတွက်စစ်ဆေးခြင်း

၎င်း၏အထွေထွေ ကျန်းမာရေးနှင့် လိင်ဆက်ဆံခြင်း အခြေအနေအတွက် မေးခွန်းများ မေးမည်။ လိုအပ်သည်များ စမ်းသပ်မည်။ သုက်ပိုးအရေအတွက်၊ ပုံသဏ္ဌာန်၊ လှုပ်ရှားမှုနှင့် အရည်အပြစ်အကျဲ အခြေအနေကို သိနိုင်ရန်   စစ်ဆေးဖို့ ညွှန်ကြားမည်။ သုက်ပိုး စစ်ဆေးမှုကို လိုအပ်လျှင် အချိန်ခြား၍ ထပ်မံစစ်ဆေးရမည်။  ကျားဟော်မုန်းပမာဏကို သိနိုင်ရန် သွေးစစ်ရတတ်သည်။ ဟော်မုန်းဓာတ် ပမာဏမမှန်လျှင်လည်း  ကိုယ်ဝန်ရအောင် စွမ်းဆောင်နိုင်မည် မဟုတ်ပါ။ ကိုယ်ဝန်ရနိုင်ရန် ခက်ခဲစေသော မျိုးရိုးဗီဇရောဂါအချို့ အတွက်လည်းသွေးစစ်ဖို့ လိုနိုင်သည်။

သုက်ပိုးသယ်ပို့သည် သုက်ပို့ပြွန်ပိတ်ဆို့မှု ရှိ၊ မရှိ  အာထရာဆောင်းစက်ဖြင့် စမ်းသပ်ရန် လိုနိုင်သည်။   တစ်ခါတစ်ရံ သုက်ရည်များ လိင်တံထိပ်ဘက်သို့ မထွက်ဘဲ ဆီးအိမ်ဘက်သို့ ပြန်ထွက်သောပြဿနာကြောင့် ကိုယ်ဝန်မရသည်လည်း  ဖြစ်တတ်သည်။ ဆီးတွင်းသုက်ပိုးများ ပါ၊ မပါစစ်ဆေးကြည့်နိုင်သည်။ သုက်ရည်စစ်ဆေးရာတွင် သုက်ပိုးလုံးဝနီးပါး မရှိသည့် အခြေအနေမျိုးတွင် ကျွမ်းကျင်ဆရာဝန်က  ဝှေးစေ့မှအသားစ အနည်းငယ်ယူ၍ စစ်ဆေးပေးရန် လိုအပ်နိုင်သည်။

အမျိုးသမီးအတွက် စစ်ဆေးခြင်း

အထွေထွေကျန်းမာရေး အခြေအနေ၊ လစဉ်ရာသီပေါ်သည့် အခြေအနေ၊    လိင်ဆက်ဆံခြင်း အခြေအနေအတွက် မေးခွန်းများမေးမည်။ လိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်မည်။ သွေးတွင်းအမျိုးသမီး ဟော်မုန်းဓာတ်ပမာဏကို စစ်ဆေးပေးဖို့ လိုနိုင်သည်။ ဟော်မုန်းပမာဏမမှန်လျှင်   ကိုယ်ဝန်ရနိုင်ရန် ခက်ခဲသည်။  ကိုယ်ဝန်ရရန် ခက်ခဲသော မျိုးရိုးဗီဇရောဂါ တချို့အတွက် သွေးစစ်ရန် လိုနိုင်သည်။

မမျိုးဥကြွေမှသာ ကိုယ်ဝန်ရနိုင်မည်ဖြစ်သောကြောင့် မျိုးဥကြွေ၊ မကြွေသိနိုင်သည့် စမ်းသပ်နည်းတစ်ခုခုဖြင့် စမ်းသပ်မည်။ သားအိမ်နှင့်သားဥဆင်းပြွန် ပုံသဏ္ဌာန်မမှန်ခြင်း၊ ပိတ်ဆို့ခြင်းများရှိ၊ မရှိသိနိုင်ရန် အာထရာဆောင်းရိုက်ခြင်း၊ သားအိမ်နှင့်သားဥပြွန်တွင်းကြည့် ကင်မရာပါသည့် ပိုက်ထည့်ကြည့်ခြင်း၊ ဗိုက်တွင် အပေါက်ငယ်ဖောက်၍ ဗိုက်တွင်းသားဥအိမ်၊ သားဥပြွန်နှင့်သားအိမ်အခြေအနေသိရန်     မှန်ပြောင်းပိုက် ထည့်ကြည့်ခြင်းများ လိုအပ်သလို ပြုလုပ်ရသည်။

စမ်းသပ်စစ်ဆေးပြီးလျှင်

တစ်ဦးတွင်ဖြစ်စေ၊ နှစ်ဦးလုံးတွင်ဖြစ်စေ ရှိနေသော ပြဿနာများကို သိရှိပြီး ကုသနိုင်ရန် ကြိုးစားကြည့်ရမည်ဖြစ်သည်။ အချို့တွင်စစ်ဆေး၍ မတွေ့သော ပြဿနာများ ရှိနေနိုင်သေးသည်။ အမျိုးသားပြဿနာ၊ အမျိုးသမီး ပြဿနာစသည့် အခြေအနေအပေါ် မူတည်၍ ဆရာဝန်က ကုသပေးမည်ဖြစ်သည်။ ကိုယ်ဝန်မရနိုင်ဖြစ်နေသည့်အတွက်  ဝမ်းနည်းမှု၊ ပူပန်မှု၊ ဒေါသဖြစ်မှု၊ အပြစ်ရှိသလို ခံစားရမှုများ ဖြစ်နိုင်သည်။ စိတ်ခံစားမှုများ တတ်နိုင်သလောက် လျော့နည်းအောင် နှလုံးသွင်းပြီး ကျွမ်းကျင်သည့်ဆရာဝန်နှင့် တိုင်ပင်ကုသရန် အရေးကြီးသည်။  ။

ဒေါက်တာ ငြိမ်းကိုဟိန်း
MWD

No comments:

Post a Comment