Latest News

Monday, May 21, 2018

ကျောင်းဖွင့်ရာသီကြိုသင်ထောက်ကူပစ္စည်းများနှင့် ကျောင်းဝတ်စုံများအရောင်းပါး

ကျောင်းဖွင့်ရာသီကြိုသင်ထောက်ကူပစ္စည်းများနှင့် ကျောင်းဝတ်စုံများအရောင်းပါး

ရန်ကုန်   မေ  ၂ဝ

မကြာမီကျောင်းဖွင့်ရာသီသို့  ချင်းနင်း ဝင်ရောက်လာပြီဖြစ်ရာ ယမန်နှစ်က ယခု အချိန်အခါတွင် ကျောင်းသုံးစာအုပ်နှင့် သင်ထောက်ကူပစ္စည်းများ၊   ကျောင်း ဝတ်စုံများ  ရောင်းသူ၊  ဝယ်သူတို့ဖြင့် ရန်ကုန်မြို့သိမ်ကြီးဈေး၌  ရုံးပိတ်ရက်ပါ မကျန်စည်ကားခဲ့ပြီး ယခုနှစ်ကျောင်းဖွင့် ရာသီကြိုကာလတွင် အရောင်းအဝယ် ပါးလျက်ရှိကြောင်း သိရသည်။

''နယ်ဝယ်လက်မဆင်းဘူး၊ ရန်ကုန် ဝယ်လက်နည်းနည်းပဲဆင်းတယ်၊ မနှစ်က ဒီအချိန်ထမင်းစားဖို့ကို အချိန်မရကြဘူး၊ ကျောင်းသုံးပစ္စည်းဈေးနှုန်းကစားတယ်၊ ဒီနှစ်ဈေးနှုန်းလုံးဝငြိမ်တယ်၊ ဧရာဝတီ  တိုင်းပန်းတနော်၊ ညောင်တုန်းကပဲ ဆင်း တယ်၊ ကျန်ဒေသတွေကို ရန်ကုန်ကကား တွေနဲ့ တိုက်ရိုက်သွားရောင်းတာလည်း ပါမယ်၊ ကျွန်တော်တို့လည်း တိုက်ရိုက် ကားနဲ့ သွားရောင်းရမယ့်အခြေအနေဖြစ် နေပြီ၊ စာအုပ်ကို နိုင်ငံခြားကစက္ကူဝယ်ပြီး ကိုယ်တိုင်ချုပ်တယ်၊ ကွန်ပါဘူးအပါအဝင် ကျောင်းသုံးပစ္စည်းတွေကိုတော့ တရုတ် ပြည်ကမှာတဲ့သူဆီကနေ တစ်ဆင့်ပြန်ယူ ရတယ်၊ အရောင်းအဝယ်ပါးနေတုန်းပဲ'' ဟု သိမ်ကြီးဈေးစီရုံမှ ကျောင်းသုံးပစ္စည်း များရောင်းသော ဦးမောင်မောင်ညွန့်က ပြောသည်။ ရန်ကုန်မြို့နှင့်     မြို့နယ်တို့ရှိ ကျောင်းသား ကျောင်းသူများအသုံးပြုရန် ကျောင်းသုံးပစ္စည်းများကို သိမ်ကြီးဈေး၊ မင်္ဂလာဈေးနှင့်  ပလာဇာတို့မှ ရောင်းချ လျက်ရှိ၍ ကျောင်းဝတ်စုံများကိုလည်း သိမ်ကြီးဈေးမှ အဓိကရောင်းချလျက်ရှိရာ ယခုနှစ်   ကျောင်းဝတ်စုံများမှာလည်း အရောင်းအဝယ်အေး၍ ဈေးအနည်းငယ် မြင့်တက်နေကြောင်း သိရသည်။

''ကျောင်းဝတ်စုံဈေး  နည်းနည်း တက်ပေမယ့် အရောင်းအဝယ်မဖြစ်ဘူး၊ ပထမတန်းဝတ်စုံကို   မနှစ်က  ငွေကျပ် ၁၈ဝဝ ကနေ ဒီနှစ် ၂၅ဝဝ   ရှိတယ်၊ ချုပ်ခ ဈေးတက်တာမဟုတ်ဘူး၊  ပိတ်စဈေး တက်တာ၊ ပြည်တွင်းဖြစ်ကုန်ကြမ်းတွေဈေးတက်တာလည်းပါတယ်၊ အရင်က ငါးစုံဝယ်တဲ့သူ   ဒီနှစ်နှစ်စုံပဲဝယ်နိုင်ကြ တယ်၊ ကျောင်းဝတ်စုံကို သိမ်ကြီးဈေးက အဓိကဖြန့်တာလေ၊ ဗိုလ်မ တက်ထရွန်၊ စိန်မိုက်ကယ်၊ ရှမ်းကန်၊ သရီးရိုင်ဖယ်၊     လီမင်အားလုံး  ဈေးနည်းနည်းစီတက် တယ်၊ ပစ္စည်းဈေးတက်ပြီး လူတွေက မဝယ်နိုင်ဘူးဖြစ်နေတယ်'' ဟု သိမ်ကြီး ဈေး ၂၅ လမ်းမှ ကျောင်းဝတ်စုံပင်ရင်း ရောင်းသော ဒေါ်သီတာက ပြောသည်။

ရန်ကုန်မြို့သို့ ဧရာဝတီတိုင်းဒေသ ကြီး၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး တို့မှ ကျောင်းသုံးသင်ထောက်ကူပစ္စည်း မျာနှင့် ကျောင်းဝတ်စုံတို့ကို တစ်ဆင့်ပြန် လည်  ဖြန့်ချိသော ကုန်သည်များလာ ရောက်ဝယ်ယူမှု  နည်းပါးလျက်ရှိပြီး ရန်ကုန်မြို့ရှိ ဆိုင်ကြီးများတွင်လည်း အရောင်းအဝယ်   ပါးလျက်ရှိကြောင်း       သိရသည်။

သတင်း-သန်းထိုက်၊ ဓာတ်ပုံ-သန်းစိုး

No comments:

Post a Comment