Latest News

Wednesday, May 16, 2018

ပေါ်ထွန်းလာမည့် ဈေးဝယ်စင်တာအသစ်ကြီးများနှင့် မြို့ရန်ကုန်

ပေါ်ထွန်းလာမည့် ဈေးဝယ်စင်တာအသစ်ကြီးများနှင့် မြို့ရန်ကုန်

လွန် ခဲ့သည့်  အနှစ်  ၂ဝ  ကျော်က  စာရေးသူမှာ  မြန်မာ နိုင်ငံနယ်စပ်   မြဝတီမြို့ရှိ  ပုဂ္ဂလိကဘဏ်တစ်ခုတွင် ကြီးကြပ် ရေးမှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ တစ်ဖက် နိုင်ငံ မဲဆောက်မြို့ရှိ  စီးပွားရေးလုပ်ငန်းရှင် မြန်မာမိတ်ဆွေများ၏ ဖိတ်ကြားမှုကြောင့် မကြာခဏ သွားလည်ဖြစ်ခဲ့သည်။
ထိုစဉ်က ဈေးဝယ်စင်တာကြီးများကို အလွန်သဘောကျ ခဲ့သည်။ အဆောက်အအုံကြီးများက အလွန်ကြီးမားကြသည်။  ခန်းမအတွင်းသို့    ဝင်လိုက်သည်နှင့်   အေးစိမ့်သွားခဲ့သည်။ ဧည့်ကြိုနှင့် လုံခြုံရေးဝန်ထမ်းများက အပြုံးကိုယ်စီဖြင့် ခရီးဦးကြို ပြုကြသည်။  ''မင်္ဂလာပါ'' ဟု  မြန်မာစကားကို    ပီပီသသ ပြောတတ်ကြသည်။
ဆိုင်ကြီးအတွင်း၌ မိမိလိုချင်သည့်ပစ္စည်းများကို မိမိ ဘာသာ ယူရသည်။ ပစ္စည်းများပါက လှည်းကလေးတွန်းပြီး လှည့်ပတ်ယူကြရသည်။    ပြီးမှ   ကောင်တာတစ်ခုခုရှေ့တွင် ငွေရှင်းရသည်။  ထိုင်းနိုင်ငံဖြစ်၍ ဘတ်ငွေကိုသာ လက်ခံသည်။
ကုန်တိုက်များ ရှိခဲ့ဖူး
မြန်မာနိုင်ငံတွင်လည်း ထိုစဉ်ကတည်းက ကုန်တိုက်များ ရှိခဲ့ဖူးသည်။ ရန်ကုန်ဘူတာကြီးရှေ့ ပန်းဆိုးတန်းနှင့် ဗိုလ်ချုပ် အောင်ဆန်းလမ်းထောင့်  ယခု  (Ruby Mart) နေရာတွင်  ကုန်တိုက်တစ်ခု ရှိခဲ့ဖူးပြီး သိမ်ကြီးဈေး (စီ) ရုံ အပေါ်ထပ်တွင် လည်း  ကုန်တိုက်တစ်ခု ရှိခဲ့ဖူးသည်။
ပြည်တွင်းမှ ထုတ်လုပ်သော သကြား၊ ဆပ်ပြာ၊ ထီး စသော ပစ္စည်းများ မျိုးစုံဝယ်ကြရသည်။ သို့သော် မိမိလိုချင်သလောက် တော့ဖြင့် ဝယ်ယူ၍မရနိုင်ပေ။ အကန့်အသတ်တော့ရှိသည်။ ကောင်တာအရောင်းစာရေး ကိုကို၊ မမ တို့ကို  မျက်နှာချိုသွေး ရသည်။  ပစ္စည်းတစ်ခုမေးလျှင်လည်း ဝတ္ထုစာအုပ်အဖတ်မပျက် မရှိဘူးဟူသော စကားကို တွင်တွင်သုံးတတ်ကြသည်။
အရောင်းဆိုင်များ
နောက်တစ်ဖန် အရာရှိကြီးများအတွက် အထူးသီးသန့် အဖြစ်  မေတ္တာမွန်နှင့် ပဒုမ္မာအရောင်းဆိုင်များ ဖွင့်ခဲ့ဖူးသည်။ ထိုစဉ်အခါက အကောင်းစားပစ္စည်းများကိုသာ ရောင်းချပေးခြင်း ဖြစ်သည်။  သာမန်လူများ ဝယ်၍ မရပေ။
ထို့နောက် ခေတ်၏ရေစီးကြောင်းနှင့်အတူ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များက မျက်စိပွင့်လာကြသည်။ အများပြည်သူတို့ တစ်နေရာတည်းတွင်  အချိန်မကုန်ဘဲ လိုချင်သည့်ပစ္စည်းများ ဝယ်ယူနိုင်ရန် ကုန်တိုက်များဖွင့်လာကြသည်။
ဦးစွာပထမ ကုန်တိုက်အဖြစ် ပေါ်ထွက်လာသော ကုန်တိုက် နှစ်ခုမှာ  လမ်းမတော်မြို့နယ် မဟာဗန္ဓုလလမ်းပေါ်ရှိ စိန်ဂေဟာ နှင့်    ပန်းဘဲတန်းမြို့နယ်   ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ Super One  တို့ ဖြစ်သည်။
ကုန်တိုက်ကြီးများ ရန်ကုန်မြို့အနှံ့ ပေါ်ထွန်းလာ
အစက ဆိုသကဲ့သို့ ထိုင်းနိုင်ငံ မဲဆောက်တွင် တွေ့ခဲ့ရသော ကုန်တိုက်ကြီးများကိုတော့ဖြင့် မမီသေးပေ။ ထိုမှတဖြည်းဖြည်း နိုင်ငံရေးအခြေအနေများ တည်ငြိမ်လာခြင်း၊ ခေတ်မီဖွံ့ဖြိုးလာ ခြင်းနှင့်အတူ ကုန်တိုက်ကြီးများ  ရန်ကုန်မြို့အနှံ့ ပေါ်ထွန်းလာ ခဲ့သည်။ ကြီးမားသော အဆောက်အအုံကြီးများဖြင့်  မဲဆောက် တွင်   တွေ့မြင်ခဲ့ရဖူးသော   ကုန်တိုက်ကြီးများထက်ပင်   ပိုမို ကောင်းမွန်သည်ဟု ဆိုရမည်ဖြစ်သည်။
လက်ချိုးရေတွက်ကြည့်မိသည့်  Super One ၊ စိန်ဂေဟာ၊ ဂမုန်းပွင့်၊ ဒဂုံစင်တာ၊ Junction City ၊ City Mall၊ Junction Mawtin ၊ Ocean ၊ Gandamer Hole Sale၊ Capital ၊ Myanmar Plaza လှည်းတန်းစင်တာ၊ Junction Square၊ Junction 8 ၊ Orange စသော ဈေးဝယ်စင်တာ  ကြီးများကို အပြိုင်အဆိုင်ဖွင့်လာကြသည်။
မိမိလိုချင်သော မီးဖိုချောင်သုံး စားသုံးကုန်မှအစ အဝတ် အထည်၊ အသုံးအဆောင်၊ လျှပ်စစ်ပစ္စည်း၊ စာရေးကိရိယာ၊ အကုန်အစုံကို အချိန်ကုန်မခံဘဲ တစ်နေရာတည်းတွင် အလွယ် တကူ ဝယ်ယူနိုင်ပေသည်။
စင်တာကြီးတွေ အပြိုင်အဆိုင်ရှိလာ
အချိန်ကိုလုနေရသော ရန်ကုန်သူ ရန်ကုန်သားတို့အဖို့ အားကိုးစရာ ဈေးဝယ်စင်တာကြီးများဖြစ်သည်။ စမ်းချောင်း မြို့နယ် သီရိလမ်းမှ ဒေါ်ဘေဘီက '' အခုလို   ကုန်တိုက်ကြီးတွေ အပြိုင်အဆိုင်ဖွင့်လာတာကို ကျွန်မ အလွန်သဘောကျတယ်၊ ကျွန်မတို့ ဝန်ထမ်းတွေက အချိန်စကားပြောတယ်၊ ဆိုင်အနှံ့ မရှာနိုင်ဘူး၊   အခုလို   တစ်နေရာတည်းမှာပဲ   စုဝယ်ရတာ သဘောကျတယ်၊  စင်တာကြီးတွေ   အပြိုင်အဆိုင်ရှိလာတော့ ကုန်ပစ္စည်း  အရည်အသွေး  မှန်လာတယ်၊  ဈေးနှုန်းတွေ ညီလာမယ်၊   ဝယ်သူကို   ပိုပြီး ဂရုစိုက်လာမယ်၊  ဒါကြောင့် စင်တာကြီးတွေမှာ      ဈေးဝယ်ရတာ     ကြိုက်တယ်'' ဟု  ဆိုသည်။
အလွယ်တကူ  ဝယ်နိုင်
ထို့အပြင် ယခုအခါ ၂၄ နာရီဖွင့်သည့် ကုမ္ပဏီပိုင်ဆိုင် အသေးစားလေးများလည်း ရပ်ကွက်တိုင်းနီးပါး၌ အပြိုင်အဆိုင် ဖွင့်လာကြသည်။ g & g ၊ abc ၊  city Express  စသော ဆိုင်လေးများ ဖြစ်ကြသည်။ အဓိက စားစရာပစ္စည်းမျိုးစုံနှင့်  အဖျော်ယမကာအစုံ  အလွယ်တကူ ဝယ်နိုင်ခြင်းပင် ဖြစ်သည်။ ပစ္စည်းတစ်ခုကို  သတ်မှတ်ရက်ထက်  ကျော်လွန်၍ တင်ရောင်း ခြင်းမရှိ၊    ဖျတ်လတ်သွက်လက်သော   လူငယ်လေးများက ဝယ်သူကို အလွန်ဂရုစိုက်ကြသည်။
ရန်ကုန်မြို့သည် စီးပွားရေးမြို့တော်ကြီးဖြစ်သည်။ လူဦးရေ ခုနစ်သန်းကျော် စုစည်းနေထိုင်ရာ ရပ်ဝန်ကြီးလည်း ဖြစ်သည်။ လူဦးရေ သိပ်သည်းရာမြို့ကြီးဖြစ်သည့်အလျောက် လိုအပ်မှုများ လည်း  အစဉ်အမြဲရှိနေမြဲသာ ဖြစ်သည်။
ထိုသို့သော လိုအပ်ချက်များအနက် မြို့နေပြည်သူများ နေထိုင်ရာ အိမ်ရာအဆောက်အအုံများကို တိုးချဲ့ဆောက်လုပ် လာလျက်ရှိသည်။ ယင်းသို့ ဆောက်လုပ်လာကြရာ၌ အဆောက် အအုံကြီးများအတွင်း ဈေးဝယ်စင်တာကြီးများကိုပါ တစ်ပါတည်း  ထည့်သွင်းဆောက်လုပ်လျက်ရှိသည်။ သို့အတွက် မကြာမီ ထပ်မံ ပေါ်ထွက်လာမည့် ဈေးဝယ်စင်တာကြီးများကိုပါ တွေ့မြင်ကြရ တော့မည်ဖြစ်သည်။
ဂမုန်းပွင့်
၁၉၉၅ ခုနှစ်မှ စတင်ကာ မြေနီကုန်းတွင် ဖွင့်လှစ်ခဲ့သည့်  ဂမုန်းပွင့် ကုန်တိုက်ကြီးမှ ယခုအခါ လွန်စွာမှပင် အောင်မြင်ခဲ့ပြီး ပြည်သူအများ စိတ်ချယုံကြည် ဝယ်ယူမှုဗဟိုဌာနကြီးဖြစ်သည်။  ထိုမှ ဘိုကလေးဈေး၊ သိမ်ကြီးဈေး၊ က္ဘာအေး၊ စံရိပ်ငြိမ်တို့တွင်  တိုးချဲ့ဖွင့်လှစ်ခဲ့သည်။
ယခုအခါ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည် လမ်းနှင့်    ဗိုလ်မင်းရောင်လမ်းအကြားတွင်   ထပ်မံဖွင့်လှစ် ဦးမည်ဖြစ်သည်။ စီမံကိန်း၏   ပထမအဆင့်အဖြစ် Shopping Mall ကို စတုရန်းပေ  ၉ဝဝဝဝဝ   ကျော်    ရှစ်ထပ်အဆာက် အအုံတွင် ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး မြေအောက်တွင် စားသောက်ဆိုင်များ၊    မြေညီထပ်မှ     စတုတ္ထအထပ်အထိ ဈေးဝယ်ဆိုင်ခန်းများဖြင့်    ဖွဲ့စည်းတည်ဆောက်သွားမည်ဟု မြေနီကုန်း ဂမုန်းပွင့်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
Tritone Luxury
ကိုရီးယားနိုင်ငံမှ  Hamwha Corporation  နှင့် မြန်မာ နိုင်ငံမှ Living Square  တို့ အကျိုးတူပူးပေါင်းမှုအရ Tritone Luxury Complex စီမံကိန်းကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံတွင် တည်ဆောက်နေခြင်းဖြစ်သည်။
ပြည်တွင်း ပြည်ပ ဖက်စပ်စီမံကိန်းကြီးတွင် အထပ်မြင့်တာဝါ များအပြင် အဆင့်မြင့် ဈေးဝယ်စင်တာကြီးတစ်ခုပါ ထည့်သွင်း တည်ဆောက်သွားမည်ဟု သိရသည်။
ဈေးဝယ်စင်တာအနေဖြင့် မြေညီထပ်မှ လေးလွှာအထိ ရှိမည်ဖြစ်ပြီး ယာဉ်အစီးရေ ၇ဝဝ ကျော် ရပ်နားနိုင်သည့် အစီ အစဉ်ပါ ထည့်သွင်းတည်ဆောက်သွားမည်ဟု သိရသည်။
Golden City
ရန်ကင်းမြို့နယ် ရန်ကင်းလမ်းမကြီးပေါ်တွင် တည်ဆောက် နေခြင်းဖြစ်သည်။ Golden City စီမံကိန်းကြီးကို စင်ကာပူနိုင်ငံ Uni Global Tower မှ အစိုးရပိုင်မြေနေရာအား  B.O.T စနစ်ဖြင့် ငှားရမ်းတည်ဆောက်နေခြင်းဖြစ်သည်။ ၂ဝ၁၄ ခုနှစ်မှ လုပ်ငန်း စတင်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ ဈေးဝယ်စင်တာကြီးတစ်ခုပါ ရှိမည်ဟု သိရသည်။
ထို့အတူ ရန်ကင်းမြို့နယ်အတွင်း၌ပင် ကန်ဘဲ့ဘူတာရုံ လမ်းအတွင်း၌ စီမံကိန်းမြေဧက ၂ ဒသမ ၂ဝ၉ ပေါ်တွင် Kanbae Towers ကြီးတစ်ခု တည်ဆောက်လျက်ရှိနေသည်။
၎င်းစီမံကိန်းကို Golden Thitsar  ကုမ္ပဏီမှ (Deve-loper)  အဖြစ် ဆောင်ရွက်လျက်ရှိနေပြီး အခြားသောနိုင်ငံတစ်ခု မှလည်း ရင်းနှီးမြှုပ်နှံမှု ရှိသည်ဟု သိရသည်။
ဈေးဝယ်စင်တာကြီးတစ်ခုအပြင် အားကစားခန်းမ၊ ပန်းခြံ၊ ရေကူးကန်တို့ ပါဝင်ပြီး ၂ဝ၁၆ ခုနှစ်မှ စတင်ကာ သုံးနှစ်တာကာလ အတွင်း အပြီးတည်ဆောက်မည်ဟု သိရသည်။
Inno City
တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနှင့် ဝေဇယ္တာလမ်း ထောင့်တွင် တည်ဆောက်လျက်ရှိနေသည်။
စီမံကိန်းကို ၂ဝ၁၆ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။ အဓိကလူနေ အဆောက်အအုံဖြစ်သော်လည်း နှစ်ထပ် ဈေးကြီးတစ်ခုပါဝင်မည်ဟု သိရသည်။
Riverfront Garden
ယင်းစီမံကိန်းကို လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတား နှင့်  အောင်ဇေယျကြိုးတံတားအကြား  ဆိပ်ကမ်းသာလမ်းတွင် တည်ဆောက်နေပြီဖြစ်သည်။
နိုင်ငံခြားတိုင်းပြည်တစ်ခုမှ        ရင်းနှီးမြှုပ်နှံမှု    ပါဝင်ပြီး ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့်   Southern    Matel Industry (SMI)  မှ Developer  အဖြစ် တည်ဆောက်နေ ခြင်းဖြစ်သည်ဟု ဆိုသည်။
စီမံကိန်းဧက ၃ဝ မျှ ကျယ်ဝန်းပြီး လူနေအဆောက်အအုံကို ၁ဝ ဧကအတွင်း၌သာ တည်ဆောက်မည်ဖြစ်ပြီး ကျန်ဧကမြေ ပေါ်တွင် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်၍ ထိုအထဲတွင် ကြီးမားသော Shopping Center တစ်ခုလည်း ပါဝင်မည်ဖြစ်ပြီး လာမည့် ၂ဝ၂ဝ ပြည့်နှစ်တွင် တည်ဆောက်မှုများ ပြီးစီးမည်ဟု ဆိုထားသည်။

ဤသို့ဆိုပါလျှင် နောင်လာမည့်  နှစ်နှစ်တာ၊  သုံးနှစ်တာ ကာလအတွင်း မိုးထိမြင့်မားအိမ်ရာအဆောက်အအုံကြီးများ ရန်ကုန်မြို့တွင်   ထင်းလင်းစွာပေါ်ထွက်လာဦးမည့်အပြင် မြို့နေပြည်သူများအတွက် သစ်လွင်၊ ပြည့်စုံ၊ သန့်ရှင်းသပ်ရပ် သော ဈေးဝယ်စင်တာကြီးများ အပြိုင်အဆိုင် ပေါ်ထွက်လာဦး မည်ကို မှန်းမျှော်ကြည့်မိပါတော့သည်။      


တင်ဝင်းလေး (ကြည့်မြင်တိုင်)

No comments:

Post a Comment