Latest News

Wednesday, May 16, 2018

တောင်သမန်အင်းနှင့် ဦးပိန်တံတားပတ်ဝန်းကျင်သန့်ရှင်းစေရန် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ထပ်မံတင်ပြရန် ညွှန်ကြားထား

တောင်သမန်အင်းနှင့် ဦးပိန်တံတားပတ်ဝန်းကျင်သန့်ရှင်းစေရန် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ထပ်မံတင်ပြရန် ညွှန်ကြားထား


မန္တလေး             မေ                    ၁၆

မန္တလေး အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းနှင့် ဦးပိန်တံတားပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ထပ်မံတင်ပြရန် ညွှန်ကြားထားကြောင်း တောင်သမန်အင်းနှင့် ဦးပိန်တံတားဝန်းကျင်သန့် ရှင်းသာယာရေး၊ ရေရှည်တည့်တံ့ရေးကော်မတီဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။
တောင်သမန်အင်းနှင့် ဦးပိန်တံတားသန့်ရှင်းလှပစေရေးအတွက် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများကို မေလ ၁၄ ရက်နေ့ တွင် ပြုလုပ်သည့်အစည်းအဝေးတွင် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက် ၍ သက်ဆိုင်ရာတာဝန်ရှိသူများက ထပ်မံ၍ပြန်လည်တင်ပြရန် ညွန်ကြားခဲ့ကြောင်း သိရသည်။
“အခု တံတားပေါ်ကဆိုင်ခန်းတွေကို အရင်ဖယ်ရှားရှင်းလင်းလိုက်တယ်။ အခုလိုဖယ်ရှားရှင်းလင်းပြီးတော့ ထပ်ထွက်လာ မလားဆိုတာကိုလည်း ဆက်လက်စောင့်ကြည့်နေတယ်။ ဒေသခံတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေချင်ပါ တယ်။ ဒါပေမယ့် ဖယ်စရာရှိတာတော့ ဖယ်ရှားရှင်းလင်းရမှာပါ။ ကျန်ရှိနေတဲ့ဆိုင်ကြီးတွေ အတွက်က ဘယ်မှာနေရာပေး လို့ရမယ်ဆိုတာစဉ်းစားနေတယ်။ မြို့မိ၊ မြို့ဖတွေကလည်း စဉ်းစားနေကြတယ်။ သူတို့ကို ဖယ်ခိုင်းလိုက်ရုံတင်မရဘူး လေ။ သူတို့အတွက် တစ်မျိုးစဉ်းစားရမယ်။ နောက်ဆို ရေတက်လာပြီး ခရီး သွားလာရောက်မှုနည်းလာတော့မှာ။ အဲ့အချိန်ကျရင် လုပ်စရာရှိတာ လုပ်ရမှာပေါ့။”ဟု ၎င်းက ပြောသည်။
ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအနေဖြင့် Myanmar Teak Wood ကုမ္ပဏီမှ ဦးပိန်တံတားကြီးအား ဆက် လက်ပြုပြင်မည့် ကိစ္စရပ်များ၊ တံတားဖြူရေထိန်းတံခါးအား ပြန်လည်ပြုပြင်မည့် ကိစ္စများနှင့် အင်းအတွင်းရှိ ဗေဒါဆယ်ယူ ခြင်းလုပ်ငန်းများကို ဆွေးနွေးညှိနှိုင်း၍ ဆက်လက်လုပ်ဆောင်သွားရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများကို တင်ပြကြရန် ညွှန် ကြားထားကြောင်း သိရသည်။
“Myanmar Teak Wood ကုမ္ပဏီကလည်း ဒီတံတားကြီးဆက်လက်ပြုပြင်ဖို့အတွက် ဘယ်လိုမယ်ဆိုတဲ့ ဒီဇိုင်းပုံစံကို တင် ပြထားတယ်။ ပြင်မယ့်ပုံစံမှာ တံတားရဲ့ ကြံ့ခိုင်မှုကို အဓိကထားမလား။ ရှေးမူမပျက်ဆိုတာကို အဓိကထားမလားဆိုတဲ့ ပြသနာရှိနေတယ်။ ဒါကို အဓိကသက်ဆိုင်တဲ့ ရှေးဟောင်းနဲ့ ညှိနှိုင်းပြီး ပြန်လည်တင်ပြဖို့ ပြောထားပါတယ်။ ရေထိန်းတံ ခါးနဲ့ပတ်သတ်ပြီး နှစ်ကာလကြာပြီဖြစ်တဲ့အတွက် ချက်ချင်းပြုပြင်ပြီး ချက်ချင်း ရေစီးအောင်လုပ်ဖို့ မဖြစ်နိုင်ဘူး။ အင်းအ တွင်းမှာရှိတဲ့ ရေမျက်နှာပြင် level ကို အရင်ကြည့်ရမယ်။ ကြားမှာ နှုန်းပို့ချတာတွေလည်းရှိတယ်။ ဒါတွေကိုဆန်းစစ်ပြီးမှ ရေထိန်းတံခါးကိုဘယ်လိုပြုပြင်ရမယ်ဆိုတာ စဉ်းစားရမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
တောင်သမန်အင်းနှင့် ဦးပိန်တံတားဝန်းကျင်သန့် ရှင်းသာယာရေး၊ ရေရှည်တည့်တံ့ရေးကော်မတီမှ ဦးပိန်တံတားပေါ်ရှိ ဆိုင်ခန်းများကို ၂၀၁၈ ခုနှစ် မတ်လ၂၆ ရက်နေ့က ဖယ်ရှားရှင်းလင်းခဲ့ပြီး ဆက်လက်၍ အင်းပတ်လည်ရှိ ဆိုင်ခန်းများကို လည်း ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အပြင် အနံ့ဆိုးများထွက်ပေါ်နေသည့် အင်းအတွင်းရှိ ဗေဒါ များနှင့် အမိှုက်များကို ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment