Latest News

Wednesday, May 16, 2018

ပြုပြင်ပြောင်းလဲမှုများနဲ့ ရန်ကုန်အလားအလာ

ပြုပြင်ပြောင်းလဲမှုများနဲ့ ရန်ကုန်အလားအလာ

ပြီးခဲ့တဲ့ မေ ၁၁ ရက်က ရန်ကုန်မြို့  နိုဗိုတယ်ဟိုတယ်မှာ CEO Conference 2018  ကို ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် တွေလည်း   တက်ရောက်ကြပြီးတော့   တိုင်းဒေသကြီးတွေအတွင်း   ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မယ့်   အခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး  ဆွေးနွေးခဲ့ကြတာပါ။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတာနဲ့ပတ်သက်လို့  ဆွေးနွေးပြောကြားခဲ့တာကို အခုလို ကြားသိခဲ့ရပါတယ်။
စည်ပင်ရွေးကောက်ပွဲ
မြူနီစီပယ်အက်ဥပဒေကို   ပြန်လည်ရေးဆွဲနိုင်ဖို့   တိုင်း ဒေသကြီးလွှတ်တော်ကို    တင်ပြထားပါတယ်။   ဘာကြောင့် တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြထားသလဲဆိုရင် ကျွန်တော် တို့ရှေ့မှာရှိတဲ့  ဥပဒေကို ပြုပြင်နိုင်ဖို့အတွက် တင်ပြထားခြင်း ဖြစ်ပါတယ်။ လွှတ်တော်ကိုတင်ပြပြီး ဒီဥပဒေကို အတည်ပြုပြီ ဆိုရင်တော့ ကျွန်တော်တို့ စည်ပင်သာယာရွေးကောက်ပွဲကို ကျင်းပဖို့     အစီအစဉ်ရှိပါတယ်။   အခုဆိုရင်   အစိုးရသစ်ရဲ့ သက်တမ်းဟာ နှစ်နှစ်ရှိလာပြီဖြစ်တဲ့အတွက် နောက်မကြာခင်မှာ  နှစ်သက်တမ်း တစ်ဝက်ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒါကြောင့်  ကျွန်တော်တို့ စည်ပင်သာယာရွေးကောက်ပွဲကို အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေ ပါတယ်။   ဒီစည်ပင်သာယာရွေးကောက်ပွဲနဲ့ပတ်သက်လို့ ယခင် ရှိခဲ့တဲ့  စည်ပင်သာယာရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေဟာ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ လူငယ်တွေရဲ့  ပါဝင်နိုင်မှု အခန်းကဏ္ဍတွေ စည်ပင်သာယာရွေးကောက်ပွဲမှာ မဲပေးနိုင်မှု မဟုတ်ဘဲနဲ့ အိမ်ထောင်စုအလိုက်  မဲပေးနိုင်မှု ရှိနေတာတွေ၊ စည်ပင်ရွေးကောက်ပွဲအသုံးစရိတ်အခြေအနေတွေ တိတိကျကျ ဖော်ပြထားတာမရှိပါဘူး။   စည်ပင်ယာသာရွေးကောက်ပွဲမှာ အငြင်းပွားမှုဖြစ်ခဲ့ရင်လည်း        ဖြေရှင်းဆောင်ရွက်ဖို့အတွက် ခိုင်မာတဲ့လုပ်ထုံးလုပ်နည်းတွေ     မရှိပါဘူး။   ပြီးခဲ့တဲ့အစိုးရ သက်တမ်း စည်ပင်သာယာရွေးကောက်ပွဲကို လုပ်ခဲ့တဲ့အခြေ အနေမှာတော့  ပြည်သူလူထုရဲ့  စိတ်ဝင်စားမှုဟာ အတော်လေး အားနည်းခဲ့ပါတယ်။ ဒါကြောင့် ပြန်လုပ်မယ့်ရွေးကောက်ပွဲ မှာတော့ ပြည်သူလူထုရဲ့  စိတ်ဝင်စားမှုနဲ့ ဒီမိုကရေစီနည်းလမ်း ကျတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက်  ကျွန်တော်တို့ မျှော်လင့် ပါတယ်။ ရွေးကောက်ပွဲအပေါ်မှာ စိတ်ဝင်စားမှုဟာ  အရေးကြီး ပါတယ်။ ဒါကြောင့်မို့ ပြည်သူစိတ်ဝင်စားတဲ့  ရွေးကောက်ပွဲ ဖြစ်အောင် ကျွန်တော်တို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
စည်ပင်ဌာနတွေ
မြို့တော်စည်ပင်သာယာမှာရှိနေတဲ့ ဌာနတွေအားလုံး ဟာလည်း   ပုံစံတစ်ခုသို့ပြောင်းလဲဖို့အတွက်   ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။    ဒီနေရာမှာ   ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ၊   ရေပေးဝေရေးနယ်ပယ်တွေ၊  ရေဆိုးစွန့် ပစ်မှုကိစ္စရပ်တွေ၊   ဒီကိစ္စတွေဟာ   မေးခွန်းထုတ်စရာဖြစ်နေ ပါတယ်။ ရေဆိုးစွန့် ပစ်တယ်ဆိုတာ  မြစ်တွေ၊  ချောင်းတွေထဲကို ဒီအတိုင်း စွန့်ပစ်နေတာဖြစ်ပါတယ်။  ဒါကြောင့် စက်မှုဇုန်တွေက ထွက်နေတဲ့  ရေဆိုးတွေဟာ မြစ်တွေ ချောင်းတွေထဲကို သန့်စင်မှု မရှိဘဲ   စွန့်ပစ်နေမှုဟာ  အန္တရာယ်ရှိပါတယ်။   ဒါကြောင့် ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်တွေကို ပြန်လည်မြှင့်တင်ဖို့အတွက် ကျွန်တော်တို့ မြို့တော်စည်ပင်သာယာမှာ  လုပ်ထုံးလုပ်နည်း တွေကို   Authority    ပုံစံမျိုး   ပြုပြင်ပြောင်းလဲနိုင်ဖို့ ပြင်ဆင်သွားမှာ    ဖြစ်ပါတယ်။  ဒီနေရာမှာ   ဂျပန်နိုင်ငံတို့ စင်ကာပူနိုင်ငံတို့ကို      လေ့လာဆန်းစစ်မှု    လုပ်ခဲ့ပါတယ်။ စင်ကာပူက ကျွမ်းကျင်တဲ့ဥပဒေပညာရှင်ရဲ့အကူအညီကိုလည်း ရယူခဲ့ပါတယ်။ ဒီနေရာမှာ ဒီနိုင်ငံတွေမှာတော့ Authority တွေ၊ ဗျူရိုတွေရှိပါတယ်။ တစ်ဖက်မှာ ကုမ္ပဏီတွေ၊ ကော်ပို ရေးရှင်းတွေကနေပြီးတော့      ဝန်ဆောင်မှုကို   စနစ်တကျ လုပ်ပါတယ်။ ဒါကြောင့်  တိုင်းဒေသကြီးအနေနဲ့လည်း မြို့တော် စည်ပင်ကို  စနစ်တကျလုပ်ဖို့အတွက်  ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဝေဖန်ထောက်ပြမှု
ဒီနေရာမှာ အလျဉ်းသင့်လို့  လူငယ်လုပ်ငန်းရှင်တွေရော  အခြားသော နားထောင်နေတဲ့လုပ်ငန်းရှင်တွေ ရှိနေတဲ့အတွက် အချို့က ဆိုပါတယ်။  မြို့တော်စည်ပင်သာယာနဲ့ တိုင်းဒေသကြီး အစိုးရ    စီးပွားရေးလုပ်ဆောင်နေမှုတွေနှင့်   ပတ်သက်ပြီး မေးခွန်းထုတ်နေတာမျိုးတွေ ကျွန်တော်တို့  ကြားရပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ကျွန်တော့်အမြင်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နဲ့ မြို့တော်စည်ပင်ရဲ့ အခြေအနေ မူလပေါ့။  ကျွန်တော်တို့တာဝန်မယူမီ    ရှေ့ပိုင်းအခြေအနေကစပြီး လေ့လာဆန်းစစ်မှု   ပြုလုပ်ဖို့   လိုအပ်မယ်လို့    ထင်ပါတယ်။ ကျွန်တော်တို့        စတင်တာဝန်ယူစဉ်က     မြို့တော်စည်ပင်နဲ့ တိုင်းဒေသကြီးအစိုးရမှာ လုပ်ငန်းဆိုလို့ ဘဏ်တစ်ခုသာရှိ ပါတယ်။  ဒီ့အတွက် အပေါ်ယံဝေဖန်မှုတွေ  ပိုများတယ်လို့ ထင်ပါတယ်။    ထဲထဲဝင်ဝင်ဝေဖန်မှု  အားနည်းနေသေးတယ်။ ဒါဟာ   ကျွန်တော်တို့အတွက်    ဝေဖန်အကြံပြုချက်တွေက ကျွန်တော်တို့    ဘာတွေ   ပြုပြင်ပြောင်းလဲဆောင်ရွက်ရမယ် ဆိုတာတွေ   ဝေဖန်ထောက်ပြဖို့လိုပါတယ်။   ဝေဖန်ချက်တွေ သိပ်ကောင်းရင် ကျွန်တော်တို့ပြုပြင်ပြောင်းလဲမှုတွေ များများ လုပ်နိုင်မှာဖြစ်ပါတယ်။  အပြစ်ပြောဆိုနေရုံနဲ့  ပြုပြင်ပြောင်းလဲ မှုတွေ    လုပ်နိုင်မှာ   မဟုတ်ပါဘူး။   ထိရောက်တဲ့ဝေဖန်ပိုင်း ခြားမှုတွေက  ကျွန်တော်တို့ရဲ့   ပြုပြင်ပြောင်းလဲမှုတွေကို   များစွာ အထောက်အကူဖြစ်စေနိုင်မှာဖြစ်ပါတယ်။
အသုံးစရိတ် နှစ်မျိုး
မြူနီစီပယ်ဆိုတဲ့အတွက်   ကျွန်တော်တို့   ရန်ကုန်တိုင်း ဒေသကြီးစည်ပင်သာယာမှာ    အပိုင်းနှစ်ပိုင်း      ရှိပါတယ်။ တစ်ပိုင်းက  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီYCDC      ဖြစ်ပါတယ်။ တစ်ပိုင်းက ရန်ကုန်မြို့ရဲ့  စည်ပင်သာယာ နယ်နိမိတ်ဖြစ်ပါတယ်။  စည်ပင်သာယာနယ်နိမိတ်မှာ ၃၃ မြို့နယ် ရှိပါတယ်။ စည်ပင်သာယာပြင်ပမှာ ၁၂ မြို့ရှိပါတယ်။ တစ်မြို့ ကတော့ ကိုကိုးကျွန်းဖြစ်ပါတယ်။  ကျန်တဲ့ ၁၁ မြို့နယ်ကတော့ ရန်ကုန်ကို   ဝိုင်းရံထားတဲ့မြို့တွေပါ။    ဒီနေရာတွေကိုတော့ တိုင်းဒေသကြီး စည်ပင်သာယာကော်မတီက တာဝန်ယူကိုင်တွယ် ဆောင်ရွက်ပါတယ်။   ဒါကြောင့်မို့  ကျွန်တော်တို့တိုင်းအနေနဲ့ မြို့ပြနဲ့  ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု အချိုးညီစေနိုင်ဖို့အတွက် မြို့တော်စည်ပင်သာယာမှာ   သုံးစွဲနေတဲ့အသုံးစရိတ်နဲ့   တိုင်း ဒေသကြီးစည်ပင်သာယာကော်မတီမှာ သုံးစွဲနေတဲ့ အသုံးစရိတ် ဟာ အလွန်အင်မတန်ကွာခြားပါတယ်။ ဒါကြောင့်မို့  မြို့တော် စည်ပင်သာယာမှာသုံးစွဲနေသလို ရန်ကုန်တိုင်းဒေသကြီးစည်ပင် သာယာမှာလည်း  သုံးစွဲနိုင်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။
အိမ်ရာဆောက်လုပ်ခွင့်ပါမစ်ကိစ္စ
ဒီ့အပြင် ကျွန်တော်တို့ ခုဆောင်ရွက်နေတဲ့  အိမ်ရာစီမံကိန်း တွေ၊ ဆောက်လုပ်ခွင့် ပါမစ်ကိစ္စရပ်တွေအပေါ်မှာ လုပ်ငန်းရှင် တွေအတွက်  အခက်အခဲကြုံနေရတဲ့   အခြေအနေကိုလည်း ကျွန်တော်တို့   သိရပါတယ်။    ဒီအခြေအနေကို   ပိုမိုလွယ်ကူ စေဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။  ဒီအတွက် အင်ဂျင် နီယာတွေကို    အခွင့်အလမ်းပေးဖို့ရှိပါတယ်။   ဒါကြောင့်မို့ အင်ဂျင်နီယာကောင်စီကို     အသိပေးခဲ့ပါတယ်။    ယခင်က လိုင်စင်ကို   စည်ပင်သာယာမှာလုပ်မယ့်   အင်ဂျင်နီယာတွေ၊ ကန်ထရိုက်တာတွေက စည်ပင်မှာလိုင်စင်လုပ်ကြရပါတယ်။ ခုတော့ ဒီအစီအစဉ်ကို    ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။   ဧပြီ ၁ ရက်က စတင်ပါတယ်။ တိုက်ရိုက်လိုင်စင်ကို အင်ဂျင်နီယာ ကောင်စီမှာပဲ   ဆောင်ရွက်ပြီးတော့ ဒီအင်ဂျင်နီယာတွေကပဲ တာဝန်ယူ၊  တာဝန်ခံပြီး  စည်ပင်ကို  လာတင်ဖို့ဖြစ်ပါတယ်။ စည်ပင်သာယာဥပဒေနှင့်အညီ  အိမ်ဆောက်ခွင့်ကို လာတင်ဖို့ ဖြစ်ပါတယ်။ မြို့တော်စည်ပင်နဲ့ပတ်သက်ပြီး နယ်ပယ်တွေ အများကြီးပါ။ မြို့တော်စည်ပင်ကို  ပြုပြင်ပြောင်းလဲပြီး ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ တိုင်းဒေသကြီးအစိုးရကဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
ရန်ကုန်မြို့ပြ  ပြုပြင်ပြောင်းလဲမှု
ဝန်ကြီးချုပ်ပြောခဲ့တာတွေကတော့  စည်ပင်ရွေးကောက် ပွဲကို ပြည်သူလူထု  စိတ်ဝင်စားအောင် ပြောင်းလဲဖို့ ၊ စည်ပင်ဌာန ဆိုင်ရာတွေရဲ့ လုပ်ထုံးလုပ်နည်းပုံစံပြောင်းလဲဖို့၊ ကောင်းမွန်တဲ့ ဝေဖန်ထောက်ပြမှုတွေနဲ့အပြောင်းအလဲတွေ ဆောင်ရွက်ဖို့၊ တိုင်းဒေသကြီးအတွင်း တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးစရိတ်သုံးစွဲမှု မျှတအောင် လုပ်ဆောင်သွားဖို့၊ အိမ်ရာ ဆောက်လုပ်ခွင့်တွေကို အင်ဂျင်နီယာအစစ်အမှန်တွေကသာဆောင်ရွက်နိုင်ဖို့စတဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်နေ တာကို ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ဒါကတော့ ရန်ကုန် မြို့ပြ ပြုပြင်ပြောင်းလဲမှုရဲ့    အစိတ်အပိုင်းလေးတွေဖြစ်မှာပါ။ ပြုပြင်ပြောင်းလဲမှုတွေများစွာ ရှိနိုင်ပါသေးတယ်။

မြင့်မောင်စိုး(မြန်​မာ့အလင်း)

No comments:

Post a Comment