Latest News

Thursday, May 10, 2018

ခရီးသည် ၅ဝ စီးနင်းနိုင်မည့် လေးနိုင်ငံ လေယာဉ်ခရီးစဉ်များ ပြေးဆွဲလျက်ရှိ

ခရီးသည် ၅ဝ စီးနင်းနိုင်မည့် လေးနိုင်ငံ လေယာဉ်ခရီးစဉ်များ ပြေးဆွဲလျက်ရှိ

ရန်ကုန်   မေ   ၉

ဘန်ကောက် အဲဝေးလေကြောင်းလိုင်းနှင့်  ထိုင်းနိုင်ငံဆိုင်ရာ  ပြပွဲနှင့် ညီလာခံဌာန(TCEB) တို့ ပူးပေါင်း၍   မြန်မာနိုင်ငံ အပါအဝင် နိုင်ငံလေးနိုင်ငံမှ စီးပွားရေးခရီးသွားများအတွက် အထူးခရီးစဉ်အနေဖြင့် အနည်းဆုံး  ခရီးသည်အယောက် ၅ဝ အစုအဖွဲ့အလိုက် စီးနင်းလိုက်ပါနိုင်မည့် လေယာဉ် ခရီးစဉ်ကို ဧပြီလမှ စတင်ပြေးဆွဲပျံသန်းနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို Fly and Meet Double Bonus' ဟု အမည်ပေးထားပြီး   မြန်မာနိုင်ငံအပါအဝင်  ကမ္ဘောဒီးယား၊  လာအို၊ ဗီယက်နမ်  စသည့်နိုင်ငံများမှ စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များ၊   ပညာရှင်များနှင့် ကုမ္ပဏီဝန်ထမ်း     ခရီးသွားအစုအဖွဲ့များအနေဖြင့် ထိုင်းနိုင်ငံရှိ   အချက်အချာကျသော မြို့များဖြစ်သည့်  ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်နှင့် အူတာပေါင်(ပတ္တရား) မြို့များအပြင် အခြားမြို့များတွင် အစည်းအဝေးများ၊ ညီလာခံများ၊ ကုမ္ပဏီဝန်ထမ်းများအတွက်  ခရီးစဉ်များ လာရောက်ကျင်းပခြင်းကို        မြှင့်တင်အားပေး ထောက်ပံ့ရန်သာမက  ထိုင်းနိုင်ငံအား စီးပွားရေးဆိုင်ရာ ခရီးသွားဒေသတစ်ခုအဖြစ် တိုးတက်ဖွံ့ဖြိုးစေရန်၊ အရေးပါ ကျော်ကြားလာစေရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ ပြပွဲနှင့် ညီလာခံဌာန(TCEB) မှသိရသည်။

''ဒီလို ဘန်ကောက်အဲဝေးနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် ထိုင်းနိုင်ငံကို လာရောက်တဲ့ ခရီးသွားဦးရေ  တိုးမြှင့်လာစေရန် သာမကဘဲ   ခရီးသွားစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့       ဘန်ကောက်မြို့အပြင် အခြားမြို့တွေကိုပါ စီးပွားရေးလုပ်ငန်းအတွက်  အထူး သတိထားမိလာမယ်လို့ ထင်ပါတယ်''ဟု ထိုင်းနိုင်ငံဆိုင်ရာ ပြပွဲနှင့် ညီလာခံဌာန(TCEB) မှ ဒါရိုက်တာMr.Puripan Bunnag က ပြောသည်။

၂ဝ၁၈ ခုနှစ် ဧပြီလမှ ၂ဝ၁၉ ခုနှစ် စက်တင်ဘာလ အထိ ပျံသန်းပြေးဆွဲနေသည့်  အဆိုပါ အထူးခရီးစဉ် တွင် လေယာဉ်စီးနင်းလိုက်ပါမည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စသည့်နိုင်ငံလေးနိုင်ငံမှ ခရီးသည် အနည်းဆုံး အယောက် ၅ဝ ပါ အဖွဲ့တစ်ဖွဲ့လျှင်  ထိုင်း ဘတ်ငွေ သုံးသိန်း  (အမေရိကန် ဒေါ်လာ ၉၆ဝဝ)ကိုTCEB မှ    ပြန်လည်ထောက်ပံ့ပေးသွားမည်ဖြစ်သည့် အပြင် ဘန်ကောက်လေကြောင်းလိုင်းမှလည်း  ခရီးသည် အယောက် ၅ဝ ပါဝင်သော အဖွဲ့တိုင်းအတွက် လက်မှတ် အပိုတစ်စောင်အပြင် ခရီးဆောင်အိတ်အတွက် အပို ၁ဝ ကီလိုရရှိခြင်း၊ ကြိုတင်စီစဉ်ထားသော အဖွဲ့လိုက်ထိုင်ခုံ နေရာအပြင် အခြားသော  ဝန်ဆောင်မှုများကိုလည်း ထည့်သွင်းပေးထားကြောင်း သိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ ပြပွဲနှင့် ညီလာခံဌာန(TCEB ) မှ ၂ဝ၁၆ ခုနှစ်အတွင်း ကောက်ယူထားသော စာရင်းများ အရ  ထိုင်းနိုင်ငံသို့ဝင်ရောက်သည့်    စီးပွားရေးဆိုင်ရာ ခရီးသွားဦးရေ ရာခိုင်နှုန်းသည် ဗီယက်နမ်နိုင်ငံမှ ၅၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံမှ ၁၉ ဒသမ ၄၄ ရာခိုင်နှုန်း၊ လာအိုနိုင်ငံမှ ၁၄ ဒသမ ဝ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံမှ ၁၂ ဒသမ  ၈၈ ရာခိုင်နှုန်းဖြင့် အသီးသီး ရပ်တည်နေကြောင်း သိရသည်။  

သီသီမင်း(The Mirror)

No comments:

Post a Comment