Latest News

Tuesday, May 22, 2018

မြို့မငြိမ်းက မြို့မကို ထုဆစ်ခဲ့တယ်

မြို့မငြိမ်းက မြို့မကို ထုဆစ်ခဲ့တယ်

မြန်မာ့သံ ကမ္ဘာ့ဟန် ...
မြန်မာ့ဟန် ကမ္ဘာ့သံ ...
မြန်မာ့ဂီတဖွဲ့နည်း ... ကမ္ဘာ့ဂီတ ဖွဲ့နည်း။

မြန်မာ့စည်း ...၊ ကမ္ဘာ့နည်းစနစ်တို့ကို နှံ့စပ်သေချာ လေ့လာသုံးသပ်၊ သပ္ပာယ ဖြစ် စေမှုကို အခြေခံကာ သုခုမမှု ကာလပေါ် တေးသစ်ခေတ်ဦးကို ခိုင်ခိုင်ပြုသွားစေခဲ့ သည်သာမက ရာစုနှစ်တစ်ခုဆီအထိ ချီအံ့ သောတေးများကို တစိုက်မတ်မတ်    ရေးစပ် သီကုံးခဲ့သူ ''မြို့မငြိမ်း'' ဟာ ၁၉၅၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ ကွယ်လွန်ခဲ့တာမို့ ဒီနှစ်ဆိုရင် ''မြို့မငြိမ်းလွန်'' ၆၃ နှစ် မြောက် ပါပြီ။

''မြို့မ'' ဆိုတဲ့ နာမည်

တကယ်တော့ မြို့မငြိမ်းလို့ ပြောလိုက် တာနှင့် အသက် ၉၃ နှစ် ပြည့်တဲ့ မန္တလေး မြို့မတူရိယာအသင်းကြီးကလည်း ဒင်္ဂါးပြား ရဲ့ ခေါင်းနှင့်ပန်းပမာခွဲမရဘဲ ပူးတွဲပါဝင် လာရမှာဖြစ်ပါတယ်။ ခရစ်နှစ် ၁၉ဝ၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှာ မန္တလေးမြို့ ရှေ့တော် ပြေးဝင်းမြောက်ပေါက် ၂၈ လမ်းမှာ အဘ ရွှေပန်းထိမ်ဆရာ ဦးညီ၊ အမိ ယွန်းကုန်သည် ဒေါ်ချစ်ဦးတို့က မြို့မငြိမ်းရယ်လို့ ဖြစ်လာ မယ့် မောင်ကျော်ညိန်းကို မွေးဖွားခဲ့တာပါ။ ငယ်စဉ်ကတည်းက ဂီတကို ဝါသနာပါရုံမက အထုံပါရမီပါခဲ့တာမို့ မိဘများက ဂီတပညာ ရှင်လည်းဖြစ်၊ ပန်းချီပညာရှင်လည်းဖြစ်တဲ့ ပန်းချီဆရာကြီး ဦးဘသက်ထံမှာ အပ်နှံခဲ့ ပါတယ်။

ဆရာကြီး ဦးရာဇတ် ထူထောင်ခဲ့တဲ့ အမျိုးသားကျောင်းမှာ ပညာသင်ကြားဆဲ ဂီတဝါသနာကြီးလှတာကြောင့် ၁၉၂၅ ခုနှစ် မှာ စတင်သန္ဓေတည်ခဲ့တဲ့ ''မြို့မ ဗုဒ္ဓဝေယျာ ဝစ္စ အပျော်တန်းတူရိယာအသင်း'' ကို  ဦးဘ သက်၊ ဓားတန်းကိုသန့်၊ ကိုဗဒင်၊ ကိုလှဒင်၊ ဆိုင်းတန်း ကိုမြသိန်း၊ကိုဘငွေ၊ကိုဘအုန်းတို့နှင့်အတူ ကိုဘငြိမ်းခေါ် ကိုကျော်ညိန်းဟာ ရှေ့ဆုံးက ဦးဆောင်ပါဝင်ခဲ့တာပါ။ တောက် မယ့်မီးခဲ တရဲရဲမို့ ''မြို့မ'' ဆိုတဲ့ နာမည် ကိုလည်း ကိုကျော်ညိန်းကပဲ ပေးခဲ့ပါတယ်။ ၁၉၂၅ ခုနှစ်မှာ စတင်သန္ဓေတည်ခဲ့တဲ့
''မြို့မ'' ဟာ ၁၉၂၈ ခုနှစ်ရောက်တော့အသင်း ဖွဲ့စည်းပုံ  စည်းမျဉ်းဥပဒေ၊  ရည်ရွယ်ချက် စည်းကမ်းချက်များနှင့် စနစ်တကျ ဖွဲ့စည်း ခိုင်မာနိုင်ခဲ့ပါပြီ။ ''မြို့မ''က ဒီလို စနစ်တကျ ဖွဲ့စည်းရာမှာ အဓိကအကျဆုံးရည်ရွယ် ချက်များကို   ခိုင်ခိုင်မာမာ   ချမှတ်ခဲ့
ကြပါတယ်။

တာဝန်ယူဆောင်ရွက်ခဲ့သူ

ဒီရည်ရွယ်ချက်တွေကတော့ …
(က) မြန်မာသီချင်းကြီးများ ဆည်းပူး ပြန့်ပွားရေး၊
(ခ) ကမ္ဘာသုံးတူရိယာများ   လေ့လာ သင်ကြား တတ်မြောက်ရေး၊
(ဂ) Music Note အမှတ်အသားပညာ ဖြင့် ရေးထားသော တူရိယာပညာ ကို ဆည်းပူးလေ့လာရန်၊
(ဃ) ကမ္ဘာ့ခေတ်မီတူရိယာဝိုင်းကြီးဖြစ်မြောက်ရေး၊
(င) ရှေးမြန်မာသီချင်းကြီးများကို ကျွမ်း ကျင်သူများနှင့် ညှိနှိုင်း၍ ကမ္ဘာသုံး ဖြစ်သော Music Note ပညာဖြင့် ကူးပြောင်းလေ့လာရန်၊
(စ) မြန်မာနိုင်ငံတော်အတွင်း တူရိယာ အသင်းများက ဆက်သွယ်ပါလျှင် တတ်အားသမျှ အားပေးကူညီရန် လို့ ဖြစ်ပါတယ်။

အသင်းဖွဲ့စည်းကတည်းက မိမိတို့ ချမှတ် ခဲ့တဲ့ ရည်ရွယ်ချက်များအတိုင်း ကိုကျော်ညိန်း ခေါ် မြို့မငြိမ်းကလည်း ဓားတန်းကိုသန့်နှင့် ပူးပေါင်းပြီး ''တာဝန်သိစွာ''၊ ''တာဝန်ရှိစွာ''တာဝန်ယူဆောင်ရွက်ခဲ့တာပါ။    ဥရောပ ဂန္ထဝင်တေးကြီးဘွဲ့ကြီးများကို နားထောင် လေ့လာမှတ်သားသုံးသပ်ပြီး မြန်မာ့ဂီတမှ ကမ္ဘာ့ဂီတအဆင့် ဖြစ်ထွန်းရေးအတွက် မြို့မ တူရိယာအသင်းကြီးကို အခြေခံပြီး တစိုက် မတ်မတ် ဆောင်ရွက်ခဲ့တာပါပဲ။

ဒါကြောင့် မြို့မငြိမ်းဟာ အသင်းမှာ အခြားသော စီမံခန့်ခွဲမှုတာဝန်များကို မယူ ဘဲ ''ဂီတပညာရေး'' တာဝန်ကိုသာ ယူကာ ဂီတအနုပညာအလုပ်များကိုပဲ တစ်လျှောက် လုံး ခေါင်းခံလုပ်ကိုင် အားထုတ်ခဲ့တာပါ။ တစ်ဖက်ကလည်း မန္တလေးရွှေမြို့တော်ရဲ့ ဂုဏ်သိက္ခာနှင့် လျော်ညီတဲ့ ''ယဉ်ကျေးမှု'' အစဉ်အလာတွေကို မပစ်ပယ်ခဲ့တဲ့ ခေတ်နှင့် အညီ ထက်ကြပ်လိုက်ပါစေတဲ့ တေးသီချင်း၊ တေးဂီတများကို ရေးစပ်ဖွဲ့စည်းပေးခဲ့တယ်။

ကမ္ဘာ့ဂီတဖြစ်ရေးစိတ်ကူး

ငယ်စဉ်ကတည်းက လေးစားလိုက်နာ နည်းယူခဲ့တဲ့ ဂီတပညာရှင်ကြီးများဖြစ်တဲ့ စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီး နှင့် နေမျိုးဗလကျော်သူ၊ ရွာစားကြီး စိန် ဗေဒါတို့ရဲ့ ဂီတအဆီအနှစ်များကို နှလုံး သားထဲ စွဲနှစ်မှတ်ယူကာ သီချင်းဂီတများ ရေးစပ်သီဖွဲ့ခဲ့တာမို့  မြို့မငြိမ်းရဲ့ သီချင်းများ မှာ ခံ့ညားယဉ်ကျေးတဲ့ ဂန္ထဝင်ဂီတဟန်တွေ လည်း ပါဝင်ခဲ့ပါတယ်။ ဒီအခြေခံပေါ်မှာ မျှော်လင့်ရည်ရွယ်တဲ့  ''ကမ္ဘာ့ဂီတ'' ဖြစ်ရေး စိတ်ကူးကြောင့် အတွေးသစ်၊ အဖွဲ့အနွဲ့ သစ်များနှင့် ''နှစ်ဖက်လှ'' ဖြစ်နေတာဟာ မြို့မငြိမ်းရဲ့ ထူးခြားချက်များပါပဲ။ ဒါကြောင့် လည်း ဒီကနေ့အထိ နှစ်ကာလယန္တရားကို ကျော်ဖြတ်ပြီး မြို့မငြိမ်းက ဆန်းသစ် ခိုင်မာ နေဆဲပါ။

အလင်္ကာကျော်စွာ မြို့မငြိမ်း ထုဆစ်သွန်း လောင်း ပုံဖော်ခိုင်မာစေခဲ့တဲ့ သက်တော်ရှည် မြို့မတူရိယာအသင်းက သက်တမ်း ၉၂ နှစ် ကာလတစ်လျှောက်လုံး နုပျိုစဉ်မှသည် ရင့် ကျက်သည်ထိ သီဆိုတီးမှုတ်ခဲ့မှု၊ ဂီတဖွဲ့စည်း မှုများနှင့် သီချင်းဂီတများကို တင်ဆက်ခြင်း နှင့် ရောင့်ရဲမနေဘဲ မြို့မငြိမ်း ကိုယ်တိုင်က ရည်ရွယ်ချက်ကြီးကြီးနှင့် မျှော်လင့် ပုံဖော်လို သည့် ''ကမ္ဘာ့ဂီတ'' ပုံစံဖြစ်တဲ့   သြဂက်စတြာ သံစုံတီးဝိုင်းကြီး     ဖြစ်ထွန်းရေးကိုလည်း ဦးတည်ဆောင်ရွက်        ကြိုးပမ်းကြရပါ
မယ်။

ကမ္ဘာသိ၊ ကမ္ဘာကြည့်ဂီတ

တကယ်တော့ အလင်္ကာကျော်စွာ ဆရာ မြို့မငြိမ်းဟာ ဧည့်ခံသီချင်း၊ အချစ်သီချင်း၊ ရုပ်ရှင်သီချင်း၊ အငြိမ့်သီချင်း၊ ဓာတ်ပြား သီချင်းတွေ ရေးစပ်ခဲ့တယ်ဆိုငြား သီချင်း စပ်ခြင်း၊ ရေးခြင်းဆိုတဲ့အလုပ်ဟာ ဆရာမြို့မ ငြိမ်း ဆောင်ရွက်နေတဲ့ ''ဂီတအလုပ်'' မှာ ကျွဲကူးရေပါ ပါဝင်လာတဲ့ ကဏ္ဍတစ်ခုသာ ဖြစ်ပါတယ်။ ဆရာမြို့မငြိမ်း ရည်မှန်းတာက မြန်မာ့ဂီတမှသည် ကမ္ဘာ့ဂီတအဆင့်ပါ။ မြန်မာ့ဂီတကို အခြေခံပြီး ကမ္ဘာ့အဆင့်မီ သံစုံတီးဝိုင်းကြီးနှင့် ''ကမ္ဘာသိ၊ ကမ္ဘာကြည့်'' ဂီတဖြစ်ရေးပါ။ ဒါကြောင့် ဆရာ့လက်နှင့် ထုဆစ်ခဲ့တဲ့ မန္တလေးမြို့မတူရိယာအသင်း ကြီးအတွက် ရေးစပ်ပေးခဲ့တဲ့ သီချင်းတိုင်း၊ ဂီတတိုင်းဟာ ဒီရည်ရွယ်ချက်များအတွက်     ဒီမဏ္ဍိုင်ကြီးအတွက် စုဆောင်းခဲ့တဲ့ အစိတ် အပိုင်းတွေ၊   အုတ်ချပ်တွေ၊ ကျောက်စိုင် ကျောက်သားတွေချည်းပါပဲ။

၁၉၂၅ ခုနှစ်မှာ သန္ဓေတည်ပြီး ၁၉၂၈ ခုနှစ်မှာ စနစ်ကျသော ရည်ရွယ်ချက်များ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ဖွဲ့စည်း ခဲ့တဲ့ မြို့မတူရိယာအသင်းကြီးကို ဂီတနှင့် ပုံဖော်ထုဆစ်ခဲ့တဲ့ မြို့မငြိမ်းကွယ်လွန်ပြီး နောက် ဦးဘသိန်း၊  ဦးဘိုခင်၊  မြို့မကိုပေါ၊  ဦးရွှန်းမြိုင်မှသည် ''မြို့မ ဦးရဲထွေးတို့အထိ မြို့မထီးချက်စောင့် ဂီတမှူးများက ''မြို့မ'' ရဲ့ ရည်ရွယ်ချက်ကို တတ်စွမ်းသရွေ့ ပုံဖော်ခဲ့ ကြရာမှာ ဘယ်သူက ဘယ်လောက် စွမ်း ဆောင်နိုင်ခဲ့သလဲဆိုတာ မြို့မသမိုင်းကို ပြန်လှန်ကြည့်ရင် သိသာထင်ရှား လှပါတယ်။

တကယ်တော့  ''မြို့မငြိမ်း''ဆိုတာ ''မြို့မ''နှင့် ''ငြိမ်း'' က ဒင်္ဂါးပြားရဲ့ ခေါင်းနှင့်ပန်းပမာ တစ်သားတည်းဖြစ်ခဲ့တာမို့  မြို့မအတွက် သီချင်းဂီတအရေအတွက်      အများဆုံး၊ အထိရောက်ဆုံး၊ ဂီတသြဝါဒ၊ ဂီတအဆုံး အမတွေကို ''မိမိအသက်ကိုပင် အဆုံးအစီ ရင်ခံပြီး နမူနာပြပေးအပ်ခဲ့တယ်''ဆိုတာကို မြို့မအသင်းသားတိုင်းက လေးနက်စွာ ခံစားဂါရဝပြု ဦးညွတ်ကြရပါမယ်။

မြို့မငြိမ်း အသက်စွန့် ခေါင်းအပြားခံ လမ်းပြခဲ့တဲ့ ဂီတအလုပ်တွေ

အခု မြို့မတူရိယာအသင်းကြီးက မြို့မ ငြိမ်း အသက်စွန့် ခေါင်းအပြားခံ လမ်းပြခဲ့တဲ့ ဂီတအလုပ်တွေ ဘယ်လောက်ကျေးဇူးဆပ် အကောင်အထည်ဖော်နိုင်ခဲ့ပြီးပြီလဲ။ ဒါမှ မဟုတ် မြို့မတူရိယာအသင်းကြီးက မြို့မ ငြိမ်းတို့ ဦးဆောင်ချမှတ်ပြီး ပညာအမွေခံ တပည့်တပန်းတွေ အစဉ်အဆက် အဆင်းရဲ အငတ်ပြတ်ခံ လိုက်နာကျင့်ကြံခဲ့ကြတဲ့ အသင်းရဲ့ မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ အစဉ် အလာကောင်းတွေကို ဥပေက္ခာပြု၊ ဖျက်ဆီး၊ ထုတ်ပယ်၊ ထင်ရာစိုင်းဆိုတဲ့ ပညာမဲ့ အလုပ် တွေ ဘယ်လောက် လုပ်နေကြပြီလဲ။ မြို့မ ငြိမ်းတို့ ဦးဆောင်ထူထောင်မှုအပေါ်မျိုးဆက် နဲ့ အစဉ်အလာရှိသော ဂီတပညာရှင်တွေ က ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းနဲ့အညီ ပခုံးပြောင်း လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြတဲ့ သက်တော်ရှည် ဂီတအသင်းကြီးကို မျိုးဆက် မဟုတ်၊ အစဉ်အလာမရှိ၊ ဂီတပညာ စိုးစဉ်း မျှမတတ်သူတွေက အာဏာယူအပိုင်စီးပြီး  မြို့မငြိမ်းအပါအဝင် မြို့မကို ဦးဆောင်သူ တွေရဲ့ ဂီတအလုပ်တွေကို ဘယ်လောက် စော်ကား ကျေးဇူးကန်းခဲ့ကြပြီလဲ။

တကယ်တော့ မြို့မဆိုတာ မြို့တစ်မြို့က ဂီတအသင်း တစ်သင်းမို့ တိုင်းရေးပြည်ရာ မဟုတ်လို့ အရေးမပါပါဘူးလို့ တာဝန်ရှိသူ တွေက မျက်နှာလွှဲနေတာကလည်း လမ်းလွဲ တိမ်းချော်ခြင်းတစ်ခုပါပဲ။ လွန်ခဲ့တဲ့ ၁၈ နှစ် ဝန်းကျင်ကာလက အခုလို အသွင်ထပ်တူ ကိစ္စမျိုး  မြို့မမှာ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေက သိသိချင်း နှစ်ဖက်ကြား နာပြီး     တည့်မတ်ဆုံးဖြတ်ပေးခဲ့ဖူးတာ အမှတ်ရမိပါရဲ့။

အစဉ်အလာနဲ့ သမိုင်းဆိုတာ တာဝန်ယူ တာဝန်ခံရဲသူတွေဘက်မှာပဲ  ထာဝစဉ်ရှိ ပါတယ်။

ဆူးငှက်

No comments:

Post a Comment