ရန်ကုန် မေ ၇
ရန်ကုန်မြို့၏ အထင်ကရနေရာ တစ်ခုဖြစ်သည့် ကန်တော်ကြီးဥယျာဉ်သို့ လာရောက် အပန်းဖြေသူများ အနေဖြင့် ဥယျာဉ်အတွင်း လာရောက်ရာတွင် မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များကို ခေါ်ဆောင်လာခြင်း မပြုရန် သက်ဆိုင်ရာက တားမြစ်ထားကြောင်း သိရသည်။
ထို့ပြင် ကန်တော်ကြီးဥယျာဉ်အတွင်း ဘောလုံးကစားခြင်း၊ စက်ဘီးစီးခြင်း၊ ရေဆင်းကူးခြင်း၊ ငါးမျှားခြင်း၊ ယာဉ်မောင်းသင်ခြင်းနှင့် ဥယျာဉ်အတွင်း အရက်သေစာသောက် စားခြင်းများကိုလည်း တားမြစ်ထားသည့် အပြင် မင်္ဂလာဆောင်၊ အလှဓာတ်ပုံ၊ ကြော်ငြာ နှင့် ဗီဒီယိုရိုက်ကူးသူများ အနေဖြင့်လည်း သတ်မှတ်ငွေကြေး ပေးဆောင်ပြီးမှသာ ရိုက် ကူးရမည် ဖြစ်ကြောင်း သိရသည်။
''ဒီနေရာက အများသူငါ လာရောက် အပန်းဖြေကြတဲ့ နေရာတစ်ခုပါ။ အိမ်မွေး တိရစ္ဆာန်တွေဆိုပြီး ခေါ်လာလို့မရပါဘူး။ တိရစ္ဆာန်ချစ်တဲ့သူရှိသလို ကြောက်တဲ့သူတွေလည်း ရှိကြတယ်။ တစ်ခုခုဖြစ် သွားရင် မကောင်းဘူး။ နောက် အဖွဲ့လိုက်အနေနဲ့ သူငယ်ချင်းတွေ စက်ဘီးစီးတာတို့၊ ဘောလုံး ကန်တာတို့ကလည်း တခြားသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ရေကူးတာတို့၊ ကားမောင်းသင်တာတို့က အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားတာပါ'' ဟု ကန်တော်ကြီးဥယျာဉ်မှ တာဝန်ကျဝန်ထမ်း တစ်ဦးကပြောသည်။
ကန်တော်ကြီးဥယျာဉ်သည် ရန်ကုန်မြို့၏ အချက်အချာနေရာ၌ တည်ရှိပြီး မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ဗဟန်းမြို့နယ်၊ တာမွေမြို့နယ်တို့နှင့် ထိစပ်လျက်ရှိကာ ကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ကြသူများနှင့် အပန်းဖြေ အနားယူသူများဖြင့် စည်ကားသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
MWD
No comments:
Post a Comment