Latest News

Monday, May 21, 2018

“ချစ်တဲ့သူကို ရအောင်ယူပါ“

“ချစ်တဲ့သူကို ရအောင်ယူပါ“

(ဒီစာစုက လူပျို၊ အပျိုတွေ အတွက်သာ ရည်ရွယ်တာ မဟုတ်ပါဘူး၊ အချစ်ရေးကံကောင်းခဲ့လို့ တစ်ခုလပ်ဖြစ်ခဲ့ရသူတွေ၊ နောက်အိမ်ထောင်ပြုဖို့စဉ်းစားနေတဲ့သူတွေအတွက်လည်း ရည်ရွယ်ရေးသားတာဖြစ်ပါတယ်)

ကိုယ်ချစ်တဲ့သူနဲ့ဘ၀ခရီးကို အတူတူလျှောက်လှမ်းခွင့်ရတယ် ဆိုရင် အဲဒီအချက်ဟာ ကိုယ့်အတွက် ဘ၀အရေးမှာ အထောက်အပံ့ဖြစ်စေမဲ့အချက်လို့ ဆိုချင်ပါတယ်။

ဒါပေမဲ့ ကိုယ်ချစ်တဲ့သူက ဘ၀လက်တွဲဖော် ဖြစ်ထိုက်ရဲ့လား ဆိုတာကိုတော့ ဦးနှောက်ရော နှလုံးသားနဲ့ပါ သုံးသပ်ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။

ကျမ ဘ၀လက်တွဲဖော်ကို ရွေးချယ်တဲ့အခါ သူ့ရဲ့အကျင့်သီလကို နံပတ်တစ် ထာြး့ပီးကြည့်ခဲ့ပါတယ်။ သမီးရည်းစား သက်တမ်း ၆ နှစ်မှာ ကျမ သူ့ကိုလေ့လာခဲ့ပါတယ်။
သူက အရက်မသောက်၊ လောင်းကစားလုံးဝမရှိဘူး၊ လိမ်ညာပြောခြင်းလုံးဝမ ရှိ၊ လူပျိုဘ၀မှာတောင် အခြားမိန်းမတွေနဲ့ ဖောက်ပြားတတ်တာမျိုးလည်းမရှိ၊ အလုပ်ကို လေးစားပြီး တန်ဖိုးထားတယ် သူ့အလုပ်ရှင်ဆီက အချိန်ခိုးဖို့တောင် မစဉ်းစားတတ်တဲ့ လူမျိုးပါ။

သူ့ရဲ့အားနည်းချက်ကတော့ မချမ်းသာဘူး။ မိဘကလည်း ၀န်ထမ်းဖြစ်တဲ့ အတွက် သူနဲ့လက်ထပ်ရင် လောဘကြီးတဲ့ ကျမ အရမ်းကြိုးစားရလိမ့်မယ်။  ဒါပေမဲ့  မဖောက်ပြန်တတ်တဲ့သစ္စာရှိတဲ့သူ ဖြစ်တဲ့အတွက် ကျမ အနေနဲ့သူ့အပေါ် မယုံသင်္ကာစိတ်နဲ့ ပူလောင်နေမှာ မပူရဘူး။ နောက်ဆုံး အရေးကြီးဆုံး အချက်ကတော့ကျမ သူ့ကို ချစ်တယ်။သူကလည်း ကျမကို ချစ်တယ်။

ဒါပေမဲ့ သူနဲ့ကျမ လက်ထပ်မယ်ဆိုတုန်းက တော်တော်များများက အဆင်မပြေနို်င်ဘူးလို့
 ပြောကြတယ်။ အချစ်တစ်ခုတည်းကို ယုံကြည်ရင် မှားလိမ့်မယ်၊ ဘ၀မှာ တစ်သက်လုံး ဆင်းဆင်းရဲရဲနဲ့ပဲ ကုန်ဆုံးသွားလိမ့်မယ်လို့လည်း ဆိုကြတယ်။

မပြည့်စုံတဲ့ဘ၀နဲ့ မပြည့်စုံတဲ့သူကို လက်ထပ်တာ အလားအလာမကောင်းတဲ့စီးပွားရေး လုပ်သလိုပဲ လို့တောင် ပြောတဲ့သူတွေလည်း ရှိပါတယ်.။ ဒါပေမဲ့ ကျမက ဇွတ်တိုးခဲ့တယ်။

တစ်ယောက်ကိုတစ်ယောက် မေတ္တာနဲ့ချစ်ကြတာက ကျမတို့နှစ်ယောက် ဘ၀ခရီးအတူတူလျှောက်ကြဖို့အတွက် လုံလောက်တယ်လို့ ယူဆပြီး လက်ထပ်ခဲ့ကြတယ်။

လက်ထပ်ပြီးတော့လည်း မင်္ဂလာပွဲမစတင်မီကရော စတင်ပြီး နောက်ပို်င်းမှာေ၇ာ သားကြီးနဲ့သမီးကြီးကို မွေးဖွားပြီးချိန်ထိ ကျမတို့မှာ ငွေကြေး အဆင်ပြေမှု မရှိခဲ့ပါဘူး။ ဆင်းရဲနွမ်းပါးခြင်းတွေနဲ့ ဖြတ်သန်းခဲ့ရတယ်။

ဆင်းရဲတဲ့အတွက် အစားအသောက်မကောင်းဘူးဆိုရင် စိတ်ညစ်ညူးမိတာအမှန်ပါပဲ။ ဒါပေမဲ့သူက အသားဟင်းထက်ကောင်းတဲ့ဟင်းလျာမျိုးဖြစ်အောင် ဟင်းကို စေတနာအပြည့်နဲ့ ချက်ကျွေးတယ်။ ရုံးဆင်းလို့အိမ်မပြန်သေးဘဲ ဈေးဝယ်ပြီး အိမ်ပြန် ဟင်းချက်ကျွေးတတ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ခဲ့ရတာပါ။

နေထိုင်မကောင်းချိန်မှာ အစားအသောက်အနေအထိုင်အားလုံးကို ဂရုတစိုက်နဲ့ဆောင်ရွက်ပေးတယ်။ ဆေးထိုးဆေးသောက်ပျင်းတဲ့ ကျမ၊ သူ့ရဲ့ ဂရုစိုက်မှုနဲ့ နေကောင်းခဲ့ရတယ်.

ပိုက်ဆံမရှိရင် စိတ်ညစ်တတ်တဲ့ကျမကို  အားပေးတယ်၊ ကျမရဲ့ စိတ်ထဲရှိတဲ့ ဆန္ဒ၊ ၀ါသနာ၊ရည်မှန်းချက်တွေကို လုပ်ဆောင်နိုင်ဖို့အတွက် အမြဲတမ်းအားပေး ဖြည့်ဆည်းပေးတယ်။

သူရောကိုယ်ပါ အသုံးအဖြုန်းမရှိ ကြိုးစားတဲ့အခါ စီးပွားရေးအဆင်ပြေလာခဲ့တယ်။ စီးပွားရေးအဆင်ပြေလာတာနဲ့ ကိုယ်ပိုင်လုပ်ငန်း ဖို့ ကျမ ကြိုးစားခဲ့ရတယ်။ သူကတော့သူအလုပ်ဝင်ခဲ့တဲ့ သူ့ကို အိန္ဒိယကို ပို့ပြီး ပညာသင်ပေးခဲ့တဲ့ကုမ္ဗဏီမှာပဲ ဆက်လုပ်တယ်။ သူ့လုပ်သက်ဟာ ကျမရဲ့သားကြိးရဲ့အသက်နဲ့ထပ်တူဖြစ်နေခဲ့ပြီ၊ အဲဒီအလုပ်ကနေ ထွက်ဖို့ မစဉ်းစားဘဲ သစ္စာရှိရှိနဲ့ သူ လုပ်နေခဲ့တာ။

ကိုယ်ပိုင် လုပ်နေတဲ့အတွက် ကျမရဲ့စီးပွားရေးဟာ အတက်အကျအမြဲတမ်း ရှိပါတယ်။စီးပွားရေး ရှုံးပြီဟေ့ဆိုရင်လည်း သိန်း ထောင်ချီအောင် ရှုံးတတ်ပါတယ်။ အဆင်ပြေပြီဆိုရင်လည်း ရှိသမျှကြွေးအကုန်ဆပ်ပြီးရင်တောင်မှ ကိုယ်လှူချင်တာ လှူဒါန်းနိုင်ခဲ့ပြီး လုပ်ငန်းအချို့
ကျန်နေတတ်ပါတယ်။ ပိုက်ဆံအနေနဲ့ မကျန်တတ်ပါဘူး။

ဒါပေမဲ့ ဘ၀ရဲ့လောကဓံအတက်အကျကတော့ကြမ်းတဲ့ထဲမှာပါပါတယ်။ အဲဒီလို တက်နေတဲ့ အချိန်မှာ ကိုယ့်ဘေးမှာလည်း သူရှိပေးပြီး ကိုယ့်ကို အားပေးတယ်၊ ကိုယ်ကျပြီဟေ့ဆိုရင်လည်း သူက ကိုယ့်ဘေးမှာ ရှိပြီး အားပေးပြန်တယ်။

သူက အားပေးတဲ့အခါ ကျမစိတ်ထဲ ငြါ ပန်ထနိုင်ပါ့မလား ဆိုတဲ့အတွေးတွေ ပျောက်ပြီး စိတ်ဓါတ်ခိုင်မာတဲ့လူတစ်ယောက် ဗြုန်းခနဲပြန်ဖြစ်လာတယ်။

ဒီနေရာမှာ ကျမဆွေးနွေးချင်တာကတော့ ကျမအနေနဲ့ သူနဲ့လက်ထပ်ဖို့စဉ်းစားတုန်းက သူဟာကျမအတွက် ဘယ်လောက်ထိ ရှင်သန်ပေးနိုင်မလဲဆိုတာကို မစဉ်းစားခဲ့ပါဘူး။ အဲဒီလိုပဲ ကျမရဲ့စိတ်ပိုင်းဆိုင်ရာ မှီခိုအားထားစရာ ဖြစ်လာခဲ့မယ်လို့လည်း မယူဆခဲ့မိဘူး။

သူဟာ လူကောင်းတစ်ယောက်ဖြစ်တယ်၊ ကျမ ချစ်တယ် ဆိုတဲ့ အချက် နှစ်ချက်တည်းနဲ့ဆုံးဖြတ်ခဲ့တာပါ။ ကိုယ်ချစ်တဲ့သူနဲ့အတူတူ ဘ၀ခရီးကို ဖြတ်သန်းချင်တဲ့ စိတ်နဲ့ လက်ထပ်ခဲ့တာပါ။

လက်ထပ်ပြီးနောက်ပိုင်းမှာ သူဟာ အကျင့်သီလကောင်းတဲ့အတွက် အိမ်ထောင်သက် ၂၀ ကျော်လာချိန်အထိ   သူ့အပေါ်လုံဝ သံသယကင်းစွာနဲ့စိတ်ချလက်ချနဲ့ နေနိုင်ခဲ့တယ်၊ပြီးတော့ကျမကို တကယ်ချစ်တဲ့အတွက် သူ့ရဲ့နားလည်ပေးမှုနဲ့ချစ်ခြင်းမေတ္တာက ကျမအတွက် အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ စွမ်းရည်တွေ ဖြစ်လာခဲ့တယ်။

တကယ်တော့ ဘ၀ခရီးဟာ ရှည်လာလေလ ချစ်ခြင်းမေတ္တာဟာ အရေးကြီးလာလေ ဆိုတာကိုတော့ ဒီအသက်အရွယ်မှာ ပိုပြီး လေးနက်စွာ လက်ခံမိလာပါပြီ။

အဲဒါကြောင့် ကိုယ်ကချစ်တဲ့သူ၊ ကိုယ့်ကိုချစ်တဲ့သူ ဟာ တစ်ယောက်တည်း ဖြစ်တယ်ဆိုရင်တော့...အဲဒီလူရဲ့လက်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ပြီး ရှေ့ဆက်ပါ၊ ချစ်တဲ့သူနဲ့ ဘ၀ခရီးကို ဆက်ပါ။

ဘယ်လောက် လမ်းကြမ်းနေပါစေ အချစ်က
ကိုယ့်ကို အကူညီပေးလာပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment