စိတ်ဖိစီးမှုကို ကိုယ်တိုင် ကုစားတဲ့အခါ
ခုတော့ ကျွန်မ သိသွားပြီ။ ကျွန်မကို စိတ်ဖိစီးမှုဖြစ်စေတာက ဘာတွေလဲ၊
အဲလိုဖြစ်လာတဲ့စိတ်ဖီစီးမှု တွေကို ဘယ်လိုဖြတ်ကျော်နိုင်သလဲ။
ပြီးတော့နောက်မဖြစ်တော့အောင် ဘယ်လို ကုစားနိုင်သလဲဆိုတာကိုပါ။
တကယ်တော့ကျွန်မတို့ရင်ဆိုင်နေရတဲ့ စိတ်ဖီစီးမှုတွေက ဘ၀နေထိုင်မှုနဲ့ကိုယ့်စိတ်အတွေးပေါ်မှာ အခြေခံတယ်ဆိုတာကို အရင်ဆုံး သိထားဖို့ လိုပါတယ်။
ပြီးတော့ဒီခေတ်ဒီအခြေအနေနဲ့ဒီအရွယ်တွေမှာ တွေ့ရတဲ့ဖိစီးမှုတွေက တစ်ယောက်နဲ့တစ်ယောက်လည်း သိပ်မကွာလှပါဘူး။ ထပ်တူကျတယ်လို့မဆိုနိုင်ရင်တောင်မှ ဆင်တူရိုးမားတွေလို့တောင် ဆိုနိုင်ပါသေးတယ်။
ကျွန်မတို့ရှင်သန်နေရတဲ့ပတ်ဝန်းကျင်ကိုယ်က ရုန်းကန်လှုပ်ရှားရတဲ့ပတ်ဝန်းကျင်မျိုးပါ။
ပြီးတော့ကျွန်မတို့ ကိုယ်တိုင်ရဲ့ရွေးချယ်မှုကိုက ဘ၀မှာ မှန်မှန်လေး
တိုးတက်အောင်မြင်နေရမယ်။ တိုးတက်အောင်မြင်မှု ရဖို့အတွက်လည်း
ဘ၀မှာ ကြိုးစားရုန်းကန်မယ် ဆိုတဲ့ အသိနဲ့ရှင်သန်ကြတယ်။ အဲဒါက တွန်အားကို ဖြစ်စေသလို တစ်ခါတစ်ရံမှာတော့ဖိအားကို ဖြစ်စေပါတယ်။
တကယ်တော့ Stress နဲ့Pressure ဟာ မတူပါဘူး။ဒါကို ကျွန်မကိုယ်တိုင်လည်း ရောထွေးပြီး မှားခဲ့ဖူးပါတယ်။ Pressure ဆိုတာက ဖိအားပေးတာပါ။Stressကတော့ဖိအားပေးမှုကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုပါ။ Pressure က ကောင်းတဲ့ဘက်ကို ဦးတည်နေတယ်ဆိုရင်တော့ဘ၀အတွက် သိပ်ကိုကောင်းတယ်။
ဒါပေမဲ့ကျွန်မတို့က မအောင်မြင်မှာ၊ မတိုးတက်မှာကို စိုးရိမ်ပြီး ကိုယ့်ကိုယ်ကို တွန်းအားပေးလွှန်းရင်လည်း စိတ်ဖိစီးမှုတွေ ဖြစ်လာရတာမျိုးပါ။
တွန်အားပေးတာ ကောင်းပေမဲ့ ဖိအားဖြစ်စေမဲ့စိတ်အတွေးမျိုးတွေလည်း ကိုယ့်ဆီကို မကြာခဏ၀င်ရောက်တတ်ပါတယ်။
ဥပမာ ဆိုပါတော့ကိုယ်က ငွေကြေး မတောင့်တင်းတဲ့ အချိန်မှာ တွေပူတာတွေရှိတတ်ပါတယ်။
လကုန်ရက်မှာ ၀န်ထမ်းတွေကို လစာပေးဖို့အတွက် ကိုယ့်မှာ ငွေလုံလုံလောက်လောက်မှ ကျန်ပါ့မလားဆိုတာမျိုး။
အဲဒီလို တွေးတဲ့အတွက် ငွေတွေလိုက်တာင်းဖို့ တွန်းအားဖြစ်လာတယ်။ ဒါပေမဲ့အဲဒီမှာ ကိုယ်က ဆက်တွေးတာ။ တောင်းထားတဲ့ပိုက်ဆံတွေကရော အချိန်မီ ရပါ့မလား။ (ကျမကိုယ်တိုင်လည်း အဲလို တွေးပူခဲ့ဖူးတယ်။ဒါပေမဲ့နောက်တော့အဆင်ပြေသွားတာပါပဲ)
လကုန်ခါနီးမှ မပေးနိုင်ဘူးလို့အကြောင်းပြန်ရင် ဘယ့်နှဲ့လုပ်ရမလဲဆိုတဲ့စိုးရိမ်မှုတွေ၊ဒါတွေက တွေးတွေးပြီး ပူပင်တဲ့အတွက် စိတ်ဖိအားဖြစ်ရတာပါ။
တကယ်လို့အဲလိုဖြစ်လာရင်တောင် ကျွန်မအနေနဲ့ အခြားထွက်ပေါက်တစ်ခုခုကိုတော့ရှာတွေ့သွားပြီး အဆင်ပြေသွားတာပါပဲ။လူတိုင်းမှာ ထွက်ပေါက်ဆိုတာ ရှိနို်င်တဲ့အတွက် မလိုလား တွေးပြီး ပူပင်တတ်တဲ့အကျင့်ကို ဖျောက်ဖို့လိုပါတယ်။
ကျွန်မလည်း ကိုယ့်လုပ်ငန်းခွင်မှာ အောင်မြင်မှုမရမှာကို စိုးရိမ်တဲ့စိတ်၊ ငွေကြေးအရှုံးတွေကို အမြဲတမ်း ရင်ဆိုင်ရာမှာ စိုးရိမ်တဲ့စိတ်၊ အခြားသူတွေက ကိုယ့်ကို အပြစ်တင်မှာကို တွေးပြီး စိုးရိမ်တာမျိုး၊ လူတွေရဲ့ ထင်မြင်ယူဆချက်တွေကို စိုးရိမ်တာမျိုးတွေက ကျွန်မကို စိတ်အင်အားကျဆင်းစေခဲ့ဖူးတယ်။ ပြီးတော့တဲ့Stress ကို ဖြစ်စေပါတယ်။
ကျွန်မအနေနဲ့Stress ဖြစ်လိုက်တာနဲ့ ဟော်မုန်းတွေက ကိုယ်တွင်းစနစ်ထဲကို တိုးဝင်လာပြီး နှလုံးခုန်မြန်လာတာ၊ ချွေးတွေ ထွက်လာတာ။ ခုခံအားကျဆင်းလာတာတွေဖြစ်တတ်သလိုသွေးတိုးတာမျိုး အသက်ရှုကြပ်တာမျိုးတွေလည်း ဖြစ်လာတော့တာပါပဲ။ အဲလိုနဲ့စိတ်ကြောင့်ကိုယ်ခနာကိုပါ ထိခိုက်ပြီး ရောဂါဖြစ်လာကြရတာပါ။
အဲလို အခြေအနေမှာ ဘာမှလည်း မလုပ်နိုင်တဲ့အခါပိုပြီး စိတ်ဓါတ်ကျလာတာမျိုးတွေဖြစ်လာခဲ့တယ်။ အဲဒီအခြေအနေကနေ ဖောက်ထွက်ဖို့ကြိုးစားရတော့တာပါပဲ။
တကယ်တော့ ကျွန်မတို့ အနေနဲ့ ကိုယ်ရဲ့ဘ၀ကို ဘယ်လို စီမံခန့်ခွဲနေသလဲ၊ နေ့စဉ်နေ့တိုင်းမှာရော၊ ဘယ်လို ဆုံးဖြတ်သလဲဆိုတာတွေက ဘ၀ကို စိတ်ဖိစီးမှုများစေတာလား၊ ဘ၀ကို စီတ်ဖိစီးမှုနည်းစေတာလား ဆိုတာကို နားလည်သွားခဲ့ပါတယ်။
တကယ်တော့ကျွန်မတို့ဟာအပျက်သဘောဆန်တဲ့စိတ်တွေနဲ့ဖြစ်ပါ့မလားဆိုတဲ့အမြင်ဆိုးတွေကိုသာ မတွေးရင် စိတ်ဖိစီးမှုဆိုတာလည်း မဖြစ်နိုင်သလို၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တွေလည်း တိုးလာစေပါတယ်။
ပထမဆုံး ကျွန်မရဲ့အဆိုးမြင်စိတ်နဲ့အပျက်စိတ်ကို ကိုယ့်ဆီကနေ အရင်မောင်းထုတ်လိုက်ရပါတယ်။ အဲဒီစိတ်ကို မောင်းထုတ်နိုင်မှ အပြုစိတ်က ၀င်လာတာပါ။
ဥပမာဆိုပါတော့ကျွန်မရဲ့လုပ်ငန်းမှာ အလုပ်သစ်ဈေးကွက်သစ်တစ်ခု ရနိုင်တယ်ဆိုပါတော့။
အဲဒီဈေးကွက်သစ်ကို လက်ခံမယ်ဆိုရင် ကျွန်မအနေနဲ့ဝန်ထမ်းအသစ် ထပ်မံတိုးချဲ့ရတော့မယ်။ဈေးကွက်သစ်ရရင် ၀င်ငွေတွေပိုရမယ်။ အဲဒါဆို အလုပ်ပိုလုပ်ဖို့အလုပ်သမားသစ်ခန့်ရမယ်ဆိုတာ တွန်းအားပါ။
အလုပ်သစ်ဆီကနေ ၀င်ငွေတိုးမရခင်မှာ ၀န်ထမ်းသစ်ခန့်ပြီး လုပ်ငန်းစတင်ထားရမလား။ ကိုယ်က အလုပ်ခန့်ပြီးမှ အလုပ်သစ်မရရင်တော့ ပိုက်ဆံတွေရှုံးတော့မှာပေါ့လို့တွေးလိုက်ရင် ဒါက အပျက်စိတ် မကောင်းမြင်တဲ့စိတ် ဖြစ်သွားပြီ အဲလို တွေးလိုက်မိတာနဲ့ကိုယ့်မှာလည်း စိတ်ဖိစီးမှုဖြစ်သွားပြီ။
အဲလို မတွေးဘဲနဲ့အလုပ်သမားသစ် ခန့်လိုက်မယ်၊ သူတို့ကို ကြိုပြီး လေ့ကျင့်ထားမယ်။ ဒါဆိုရင် ကိုယ့်အတွက်လည်း ကောင်းတယ်၊ ကိုယ့်ဆီကနေ ၀ယ်ယူတဲ့သူတွေကလည်း အရည်အသွေးကောင်းတာတွေရမယ်။ ဒါဆို ကိုယ်ကလည်း ပိုအောင်မြင်လာမယ်၊ ကိုယ့်အနေနဲ့လည်း လူတွေအများကြီးကို လစာပေးနိုင်မယ် အဲလို တွေးလိုက်တဲ့အခါ ဒါဟာ အပြုစိတ်။ အောင်မြင်မှုအတွက်လည်း ယုံကြည်စိတ် ပိုရလာတယ်။
နောက်တစ်ချက်ကတော့ကိုယ်က ငွေရဖို့တစ်ခုတည်းကို ကြည့်ပြီး လုပ်ငန်းထောင်ကြပါတယ်။ တကယ်တော့ငွေ ရဖို့သက်သက်က အရာရာကို မဖန်တီးပေးနိုင်ပါဘူး။
စီးပွားရေးလုပ်ငန်းတွေရဲ့အဓိက တာဝန်က လူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ပါ။ ကိုယ့်ဘက်က တာဝန်ကျေရင် ငွေဆိုတာ အလိုလိုဝင်လာမှာပါ။ လူတွေကို အကျိုးပြုမယ်၊ ၀န်ဆောင်မှုပေးနိုင်လာတာနဲ့အမျှ အောင်မြင်လာပါလိမ့်မယ်။
အဓိကကတော့ကိုယ်ဟာ တစ်နည်းနည်းနဲ့ အများရဲ့အကျိုးကို ဆောင်နေဖို့ပါပဲ။ အဲလို ဆောင်ရွက်နေတာနဲ့အမျှ ကိုယ့်ကိုယ်ကိုရော ကိုယ့်အလုပ်ကိုပါ ကျေနပ်ပြီး ဘ၀မှာ နေထိုင်ရတာ အဓိပါယ်ရှိလာပါတယ်။ တစ်နည်းအားဖြင့်ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့စိတ်က စီတ်ဖိစီးမှုတွေကိုလည်း လျော့ကျပေးနိုင်ပါတယ်။
အသေးစား စိတ်ဖိစီးမှုတွေကတော့ရှိနေနိုင်ပေမဲ့ ဒါတွေကိုလည်း ဘုရားရှစ်ခိုးတာ၊ တရားထိုင်တာတွေ ပြုလုပ်ပြီး စိတ်ဖြေလျော့လို့ရပါတယ်။ အဲလို စောင့်ထိန်းနိုင်ခြင်းအားဖြင့်ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှိုကောင်းလာစေတယ်။
နောက်ကိုယ်က ကောင်းမွန်မှန်ကန်တဲ့အတွက် မကောင်းတာတွေ လာမလာနိုင်ဘူး၊ ကိုယ့်က ကောင်းမွန်တာတွေကိုပဲ ပြုလုပ်နတဲ့အတွက် တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်အောင်မြင်လာတယ်ဆိုတာကို ကိုယ့်ကိုယ်ကို ယုံကြည်ထားဖို့ပါပဲ။
တကယ်လို့များ အဲလို ယုံကြည်ထားပါလျက်နဲ့ကြုံခဲ့ရရင်တောင်မှ အကြွေးဆပ်ပြီးသွာြး့ပီလို့နားလည်လိုက်ပါ။
ပြီးတော့အဲဒီအကြွေးဆပ်ပြီးတာနဲ့ကိုယ့်အတွက် ကောင်းမွန်ဖို့ပဲ ဆိုတာကိုလည်း ထပ်မံယုံကြည်ခံပါလို့တိုက်တွန်းပါရစေရှင်။
အဲဒါကြောင့်စိတ်ဖိစီးမှုကြောင့် ရောဂါဖြစ်လောက်အောင်ထိ မဖြစ်စေဘဲနဲ့ကိုယ့်ကိုယ်ကို ကုစားလို့ရနိုင်တဲ့ နည်းလမ်းအချို့ကို မျှဝေလိုက်တာပါ။
ကျွန်မအနေနဲ့ကတော့ပြင်းထန်တဲ့စိတ်ဖိအားမျိုး သိပ်မခံစားရတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့အပျက်စိတ်နဲ့အဆိုးမြင်တာတွေကို မောင်းထုတ်ပစ်လိုက်နိုင်လာလို့ပါပဲ။
ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment