Latest News

Wednesday, May 16, 2018

အတည်ပြုဖို့ ခက်တဲ့ ဝင်းဂါးရဲ့ အနာဂတ်အစီအစဉ်

အတည်ပြုဖို့ ခက်တဲ့ ဝင်းဂါးရဲ့ အနာဂတ်အစီအစဉ်

နည်းပြဝင်းဂါးဟာ ဟက်ဒါဖီးလ်ဒ်နဲ့ ပွဲစဉ်ကို ကိုင်တွယ်အပြီးမှာ ၂၂ နှစ်သက်တမ်းရှိတဲ့ အာဆင်နယ် နည်းပြဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ အဲဒီပွဲအပြီးမှာ ဝင်းဂါးက လေယာဉ်ပေါ်မှာ တံခွန်တပ်ပြီး ''ခရွန်ကီရေ ခင်ဗျားက နောက်အလှည့်ပဲ''လို့ ဖော်ပြချက်တွေဟာ မှားယွင်းတယ်လို့ ဆိုခဲ့ပေမယ့် ''ဒါက စေ့ဆော်မှုကြောင့်ဖြစ်ပါတယ်၊ ပရိသတ်တွေအနေနဲ့ စိတ်ပျက်မယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်၊ သူတို့က သူတို့မှာရှိတဲ့ငွေပိုငွေလျှံတွေကိုသုံးပြီး ခရီးဝေးထိ လိုက်ပါအားပေးကြရတာဖြစ်ပါတယ်၊ တံခွန် တပ်ပြီး လုပ်တဲ့ကိစ္စက မှားယွင်းပါတယ်၊ ကျွန်တော့်စိတ်ထဲမှာ ပျော်ရွှင်တဲ့ ခံစားချက်သာ ရရှိချင်တာ ကြောင့် နေ့တိုင်း ကျွန်တော် အနားယူပါတော့မယ်လို့ ကြေညာသင့်ပါတယ်၊ ဘာလို့လဲဆိုရင် ကျွန်တော် အဲလို ကြေညာပြီးကတည်းက သူတို့ရဲ့ အပြုအမူကောင်းတွေ မြင်လာရပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။

နည်းပြ အာစင်ဝင်းဂါးက လွန်ခဲ့တဲ့ ရက်ပိုင်းက   သူ့အနေနဲ့ သူမျှော်လင့်ထားတာထက် ကမ်းလှမ်းမှု အများအပြား ရရှိထားပေမယ့်  ပရီမီယာလိဂ်အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ဆိုတာတော့ မဖြစ်နိုင် လောက်ဘူးလို့ ပြောကြားထားပါသေးတယ်။   ဝင်းဂါးက အာဆင်နယ်တစ်သင်းတည်းကို ၂၂ နှစ်တာ ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ဧပြီလအတွင်းက ရာသီကုန်မှာ  နည်းပြဝင်းဂါးနဲ့  လမ်းခွဲတော့မှာဖြစ်ကြောင်းကို အာဆင်နယ်အသင်းဘက်က ကြေညာခဲ့တာဖြစ်ပါတယ်။

ဝင်းဂါးကို အဲဗာတန်အသင်းက ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းထွက်နေပြီး ဒီကိစ္စရပ်ကို မေးမြန်း ခံရချိန်မှာ ဝင်းဂါးက '' လောလောဆယ်မှာတော့ ဒါက မဖြစ်နိုင်လောက်ပါဘူး''လို့ ငြင်းဆိုသွားခဲ့တာဖြစ်ပါ တယ်။ ဝင်းဂါးကို ပီအက်စ်ဂျီ၊ အဲဗာတန်၊ ပြင်သစ်လက်ရွေးစင်အသင်း၊  အင်္ဂလန်လက်ရွေးစင်အသင်း၊ ဂျပန်လက်ရွေးစင်အသင်းတို့က ကမ်းလှမ်းထားတယ်လို့ ပြင်သစ်ကလာတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး  ဝင်းဂါးက '' မျှော်လင့်ထားတာထက်တောင် ပိုများနေပါသေးတယ်၊ ဒါပေမယ့် ကျွန်တော်က ဒါကို စဉ်းစားပြီး သုံးသပ်နေခြင်းတော့ မရှိပါဘူး၊ ကျွန်တော်စာချုပ်ရှိတဲ့ နောက်ဆုံးနေ့အထိ ဒီနေရာမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ပဲ ဆန္ဒရှိပါတယ်၊ ကျွန်တော်က အမြဲတက်ကြွနေမှာဖြစ်ပါတယ်၊ ကျွန်တော့်ရဲ့ ဦးနှောက်ကလည်း အလုပ်ရဲ့တောင်းဆိုမှုတွေနဲ့ပဲ အမြဲတမ်းတက်ကြွနေပါလိမ့်မယ်၊ ကျွန်တော်က ဒီစီမံခန့်ခွဲမှုအပိုင်းမှာ အတွေ့အကြုံတွေ အများကြီး ရှိပါတယ်၊ အားလုံးကို ခြုံပြီး ပြောရ ရင်တော့ ကျွန်တော် အလုပ်ဆက်လုပ်ဦးမှာပါ'' လို့ ဆိုခဲ့သေးပေမယ့် တစ်ပတ်မပြည့်ခင်မှာပဲ သူ အနား ယူမှသာ ပရိသတ်တွေ အပြုအမူကောင်းတွေ ရှိလာတာကြောင့် နေ့ရက်တိုင်း အနားယူဖြစ်နေမယ်လို့ စကားဦးသမ်းခဲ့ပြန်တာကြောင့် ဝင်းဂါးရဲ့ အနာဂတ်ကို မှန်းဆဖို့ ခက်နေတာဖြစ်ပါတယ်။

 ဝင်းဂါးအနေနဲ့ လုံးဝအနားယူဖို့ထက်  စီမံခန့်ခွဲရေး ရာထူးတစ်နေရာကို ရယူသွားဖွယ်ရှိနေပြီး အဖြစ်နိုင်ဆုံးကတော့ ပီအက်စ်ဂျီအသင်းက ကမ်းလှမ်းထားတဲ့ အားကစားဒါရိုက်တာရာထူးဖြစ်ကာ ပီအက်စ်ဂျီနည်းပြတာဝန်ကိုတော့ ဒေါ့မွန်နည်းပြဟောင်း တူချယ်လ်က ရယူသွားမယ်လို့ သိရပါတယ်။ ဝင်းဂါးလက်အောက် အာဆင်နယ်အသင်းဟာ ၂ဝ၁၈ခုနှစ်အတွင်း အင်္ဂလန်မှာ အဝေးကွင်း ရလဒ် အဆိုးဆုံး အသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်သွားပေမယ့် ပရီမီယာလိဂ်ရာသီသိမ်းပွဲစဉ်မှာ ဟက်ဒါဖီးလ်ဒ်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ကစားပြီး ၂ဝ၁၈ခုနှစ်အတွင်း ပထမဦးဆုံး အဝေးကွင်း နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

မေလဲ့သင်း

No comments:

Post a Comment