Latest News

Sunday, May 13, 2018

သောက်သုံးရေ ရှားပါးသော ကျေးရွာများသို့ လှူဒါန်း

သောက်သုံးရေ ရှားပါးသော ကျေးရွာများသို့ လှူဒါန်း

ပုသိမ် မေ ၁၃

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ သောက်သုံးရေ ရှားပါးလျက်ရှိသော ကျေးရွာများသို့ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ သောက်သုံးရေများ လှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၈ နာရီတွင် ပုသိမ်မြို့နယ် ရှောပြာကျေးရွာအုပ်စု ဥယျာဉ်ချောင်းကျေးရွာနှင့် ကင်ပွန်းချဉ်ကျေးရွာ တို့သို့ သောက်သုံးရေ လှူဒါန်းကြောင်း သိရသည်။

အဆိုပါ ဥယျာဉ်ချောင်း ကျေးရွာတွင် အိမ်ခြေ ၉၅ အိမ်နှင့် ကင်ပွန်းချဉ်ကျေးရွာတွင် အိမ်ခြေ ၅၅ အိမ်ရှိပြီး နေ့စဉ်ရေဂါလန် ၁၅ဝဝ ခန့်လိုအပ်လျက်ရှိရာ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပုသိမ်မြို့မ ရေသန့်အဖွဲ့တို့ ပူးပေါင်းကာ ယခုလကုန်အထိ သောက်သုံးရေများ နေ့စဉ်လှူဒါန်း ပေးသွားမည်ဖြစ်သည်။

တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ပုသိမ်၊ ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်၊ ကန်ကြီးထောင့်၊ မော်လမြိုင်ကျွန်း စသည့်မြို့နယ်များ အပါအဝင် သောက်သုံးရေ ရှားပါးသော မြို့နယ်၊ ကျေးရွာများသို့ နေ့စဉ်သောက်သုံးရေများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ သောက်သုံးရေ ရှားပါးလျက်ရှိသော ကျေးရွာများသို့ သောက်သုံးရေများ သွားရောက် လှူဒါန်းရာတွင် လိုအပ်သော မော်တော်ယာဉ်များနှင့် စက်လှေများအား မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးဌေးနိုင်နှင့် ဝန်ထမ်းများမှ စီစဉ်ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

MWD

No comments:

Post a Comment