Latest News

Tuesday, May 22, 2018

အမှိုက်ကင်းစင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်

အမှိုက်ကင်းစင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်

နေနှင်း

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အဓိက အချက်အချာမြို့ ဖြစ်သည်နှင့်အညီ ဖွံ့ဖြိုးမှုမှာလည်း တခြားမြို့များထက် သာလွန်လှသည်။ သို့သော် ရန်ကုန်မြို့၌  အမှိုက်စွန့်ပစ်မှုများနှင့် ပတ်သက်၍    ယခုထက်တိုင် စည်းကမ်းတကျ စွန့်ပစ်မှုနှုန်းမှာ နည်းပါးနေသေးသည်။

ထိုသို့နည်းပါးနေသေးသည့်  အလေ့အကျင့်ကောင်းများအား လူငယ်အများစု ပါဝင်သည့် ပရဟိတအဖွဲ့ပေါင်း ၅ဝ ခန့်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ပါဝင်သော Clean Yangon Campaign (CYC) ကို ပြီးခဲ့သည့်နှစ် မေလမှ စတင်ဖွဲ့စည်းကာ လစဉ် အမှိုက်ကောက်ကြပြီး   စနစ်တကျ အမှိုက်စွန့်ပစ်ခြင်း အလေ့အထများ ရရှိရန် ဆောင်ရွက်နေကြရာ  ယခုလတွင်   တစ်နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်သည်။ ''ရန်ကုန်မြို့မှာ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်တာတွေက အင်မတန်များနေတယ်။  စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေကို သန့်ရှင်းသာယာလှပဖို့၊  အမှိုက်ကင်းစင်ဖို့နဲ့ အမှိုက်တွေ နည်းပါးဖို့  CYC ကို စတင်တည်ထောင်ခဲ့တာပါ'' ဟု Clean Yangon Campaign မှ  ဦးဇေယျာထွန်း ကပြော သည်။

 (CYC)  ကို  စတင်ခဲ့ချိန်မှစ၍  လက်ရှိအချိန်ထိ   အမှိုက်ကောက်သည့်နေရာမှာ တစ်နေရာနှင့် တစ်နေရာမတူညီဘဲ  လူဦးရေ ၃ဝဝ ကျော်မှ ၁ဝဝဝ ခန့်ဖြင့်  တစ်လလျှင် တစ်ကြိမ်ခန့် အင်းစိန်၊ လှည်းတန်း၊ ကမာ ရွတ်၊ မြေနီကုန်း၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ တာမွေ၊  မင်္ဂလာတောင်ညွန့်၊  ကျောက် တံတား၊ ပန်းဘဲတန်း စသည့်နေရာတို့၌ သွားရောက် အမှိုက်ကောက်ကြသည်။ ထိုသို့ကောက်ယူရာတွင် သက်ဆိုင်ရာ မြို့နယ်များနှင့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေး ကော်မတီတို့ ပူးပေါင်းကာ ရန်ကုန်မြို့အလှကို မဖျက်ဆီးပါနဲ့ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး  မတူညီသောနေရာများရှိ မြို့နယ်မှ  ပြည်သူများအား အသိပညာ ပေးမှုများ ပြုလျက်ရှိသည်။

ထို့ပြင် စတင်ဆောင်ရွက်ခဲ့ချိန်က တွေ့ကြုံခဲ့ရသည့် အခက်အခဲများနှင့် ပတ်သက်၍ အလင်းစေတမာန်  ပရဟိတလူငယ်အဖွဲ့ (ရန်ကုန်)မှ တာဝန်ခံ  ဦးထူးမြတ်အောင်က ''တချို့လူတွေက  အားပေးသလို၊ တချို့ လူတွေက ကျတော့လည်း အမှိုက်ကောက်လို့လည်း ဘာမှမထူးပါဘူး။ ဒါတွေက ပြောင်းလဲသွားမှာ မဟုတ်ပါဘူးဆိုတဲ့ Negative ဘက်က ပြောတဲ့သူတွေ၊ Positive  ဘက်က ပြောတဲ့သူတွေ   အများကြီးကို တွေ့ခဲ့ရပါတယ်'' ဟု ပြောသည်။ လတ်တလောတွင် အလုံးစုံအောင်မြင်မှု မရရှိသေးသော်လည်း အမှိုက်ကောက်ယူ ခဲ့ပြီးသည့် နေရာများ၌ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုမှာ ယခင်ကထက် လျော့ကျသွားခြင်းကို ပြန်လည်ကြား ရသည့်အခါ ဝမ်းသာ ပီတိဖြစ်မိကြောင်း ဦးထူးမြတ်အောင် ကပြောသည်။ ''အခု အမှိုက်ကောက်တဲ့  တချို့နေရာတွေမှာ အရင်လောက် စည်းကမ်းမဲ့အမှိုက် တွေမပစ်တော့တာကို  ပြန်ကြားရတဲ့အခါ  အောင်မြင်တဲ့ တစ်ပိုင်းပေါ့။ အရမ်းအောင် မြင်သွားတာတော့ မဟုတ်သေး ဘူးပေါ့နော်''  ဟု ဦးထူးမြတ်အောင် ကပြောသည်။

ထို့ပြင်  CYC    အဖွဲ့သားများ လစဉ်ကောက်ယူမည့် မတူညီသော နေရာများ၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့်    ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ကော်မတီမှ  စည်ပင်ဝန်ထမ်းနှင့်  အမှိုက်ကားကို ပံ့ပိုးပေးလေ့ရှိကြောင်း အဖြူရောင် မေတ္တာပရဟိတအသင်းမှ   ဦးဆောင်သူ ကိုလတ် ကပြောသည်။ ထို့ပြင် စနစ်တကျ အမှိုက်စွန့်ပစ်လိုသူများ အတွက်လည်း    အမှိုက်ပုံး အလုံအလောက်ပေးရန်နှင့်   လိုအပ်ချက်ပေါ်မူတည်၍   သိမ်းဆည်းမည့် အကြိမ်ရေကိုလည်း တိုးမြှင့်ပေးရန် လိုအပ်လှသည်။ ''အဓိက တစ်ဦးတစ်ယောက်ကနေ အများကိုသွားမယ်ဆိုရင် သာယာလှပဖို့ အမှိုက်ကိုစနစ်တကျ ပစ်တတ်မယ်ဆိုရင် အဲဒီလိုလေးဖြစ်စေချင်တယ်။ အစိုးရဘက်ကလည်း ပြည်သူတွေ ဘာကို လိုအပ်သလဲ ဆိုတာ၊ လက်တွေ့ကျကျနဲ့ အဓိကလိုအပ်ချက်က ဘာလဲဆိုတာ သိစေချင်တယ်'' ဟု ဦးထူးမြတ်အောင်က ဆက်လက်ပြောသည်။

မဟာသင်္ကြန်ကာလက  ရန်ကုန်မြို့၏ အထင်ကရနေရာဖြစ်သည့်  မဟာဗန္ဓုလ ပန်းခြံအတွင်း ညနေခင်း ရေကစားပြီးချိန်များတွင် မြင်မကောင်းအောင် အမှိုက်များဖြင့် ရှုပ်ပွနေသည်မှာ ရန်ကုန်သူ၊ ရန်ကုန်သားများအဖို့ အရှက်ရဖွယ်ဖြစ်၍ တချို့မှာ စွန့်ပစ်ခဲ့သူများကို    ဝေဖန်ခဲ့သော်လည်း တချို့မှာ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီကို ဝေဖန်ပြစ်တင်မှုများ ရှိခဲ့သည်။ ထိုသို့သော အရှက်ရဖွယ်ကိစ္စများ လာမည့် နှစ်များတွင် ထပ်မံမဖြစ်ပေါ်စေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကလည်း လုံလောက်သည့် အမှိုက်ပုံးများထားပေးခြင်း၊  ပြည်သူ လူထုကလည်း အမှိုက်များအား အမှိုက်ပုံးများ အရောက် စနစ်တကျ စွန့်ပစ်ခြင်းဖြင့် အားလုံးပူးပေါင်း ကြိုးပမ်းကြရမည်ဖြစ်သည်။

အမှိုက်ကင်းစင်သည့်  မြို့တော်ဖြစ်ရန် တစ်ဦးတစ်ယောက်တည်းစည်းကမ်းရှိရုံဖြင့် မရနိုင်ဘဲ မိမိကိုယ်တိုင်မှစ၍ ပြောင်းလဲပြီးနောက် ပတ်ဝန်းကျင်ကိုလည်း ပြောင်းလဲရန် ကူညီမှသာ သန့်ရှင်းသာယာ လှပသည့် မြို့တော်ဖြစ်လာနိုင်မည်ဖြစ်သည်။ ရန်ကုန်မြို့၏ အမှိုက်ထွက်ရှိမှုနှုန်းမှာ တစ်နေ့လျှင် တန်ချိန် ၂၅ဝဝ ရှိပြီး နေရာ ငါးနေရာ၌ အမှိုက်ပုံထားရကာ လူတချို့မှ စည်းကမ်းမဲ့  အမှိုက်စွန့်ပစ်မှုများလည်း ရှိသဖြင့် ရေမြောင်းပိတ်ဆို့မှုများ ရှိ၍ မိုးရာသီ သို့ရောက်ရှိပါက ရန်ကုန်မြို့ရှိ မြို့နယ်တချို့၌လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိကြသည်။

အဆိုပါရေကြီးရေလျှံမှုမှာ  အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ကာ ရေသန့်ဘူး၊ ဖော့ဘူး စသည့် အမှိုက်အမျိုးမျိုးအား စွန့်ပစ်လေ့ရှိရာ မေ ၂၇ ရက်တွင် မဟာဗန္ဓုလပန်းခြံ၌ ပြုလုပ်မည့် အမှိုက်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲနှင့် အမှိုက်များဖြင့် Recycle ပြုလုပ်ထားသည့် လက်မှု ပစ္စည်းများကို ပြခန်းများဖြင့်ပြသမည့် Clean Yangon Campaign (CYC)၏ နှစ်ပတ်လည်နေ့ အခမ်းအနားအား ပြည်သူများ လာရောက်ပူးပေါင်း ပါဝင်ကြရန် Clean Yangon Campaign  စတင်ချိန်မှစ၍ တစ်ဦးတည်းလာရောက် ပူးပေါင်းဆောင်ရွက်နေသူ မနွယ်နီဝင်း ကပြောသည်။ အဆိုပါ အခမ်းအနားတွင် အမှိုက်များ စုပေါင်းကောက်ခြင်း၊ တေးသံရှင်များက ဖျော်ဖြေခြင်း၊  စာရေးဆရာများကလည်း အမှိုက်နှင့်ပတ်သက်သည့် ဟောပြောပွဲအား ထည့်သွင်းပြုလုပ်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။

''အမှိုက်တွေက  ဒီအတိုင်း ပွကြတယ်။ ပလတ်စတစ်၊ရေသန့်ဘူး၊ ဖော့ဘူးတွေက အမှိုက်ပုံး ရှိနေရဲ့သားနဲ့တောင် အမှိုက်ပုံးထဲကို ရောက်အောင် စနစ်တကျမပစ်ကြဘူး။အမှိုက်တွေ   စနစ်တကျ စွန့်ပစ်တတ်ဖို့နဲ့  အမှိုက်တွေကနေ ဘယ်လိုပြန်လုပ်ရမယ်ဆိုတဲ့    အသိပညာတွေကို လာကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ်'' ဟု မနွယ်နီဝင်း ကပြောသည်။ ထို့ပြင် CYC အနေဖြင့်  လာမည့်ကျောင်းဖွင့်ရာသီတွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊  ကျောင်းသူများအား အမှိုက်နှင့်ပတ်သက်သည့်  အသိပညာပေးခြင်းများကို  ပညာရှင်များဖြင့်  သွားရောက် ဟောပြောမည်ဖြစ်သည်။ Clean Yangon  မှတစ်ဆင့် Clean Mandalay စသည်ဖြင့် တစ်မြို့ပြီးတစ်မြို့ ပါဝင်လာကာ နောက်ဆုံးတွင်  Clean Myanmar အထိ ဖြစ်လာစေရန် ကြိုးစားလျက်ရှိပြီး   စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ ရပ်တန့်ရန်မှာ တာဝန်ရှိသူများကလည်း     အရေးယူမှု အပိုင်းများ ပြုလုပ်ရန် လိုအပ်သည်။

''ပညာပေးမှုအပိုင်းရော   အရေးယူမှု အပိုင်းပါ  လုပ်ဆောင်သင့်ပါတယ်။  အထူးသဖြင့်  အမှိုက်ပစ်တာကို   ရှက်တတ်လာအောင် သက်ဆိုင်ရာက အရေးယူတာတွေ လုပ်ပေးမယ်ဆိုရင်   အဆင်ပြေ ပါမယ်။ ကျွန်တော်တို့ရဲ့ တစ်လတစ်ခါအမှိုက် ကောက်တဲ့ ကမ်ပိန်းမှာ လာရောက်ပူးပေါင်း ကြပါလို့ ဖိတ်ခေါ်ပါတယ်'' ဟု ဦးဇေယျာထွန်း ကပြောသည်။ မည်သို့ပင်ဆိုစေ ရန်ကုန်မြို့ကြီး အမှိုက်ကင်းစင်ကာ သာယာလှပစေရန်နှင့် စနစ် တကျ အမှိုက်စွန့်ပစ်ကြစေရန် လူငယ် ပရဟိတသမားများ ဦးဆောင်ကာ ကြိုးပမ်း လုပ်ဆောင် နေကြပြီဖြစ်သည်။

ထို့ကြောင့် ပြည်သူများကလည်း အမှိုက်များကို  စနစ် တကျစွန့်ပစ်ခြင်း၊  အမှိုက်ထွက်စေမည့် မလိုအပ်သည့် ပစ္စည်းများအား ဝယ်ယူခြင်းမှ လျှော့ချခြင်း၊ မြေဆွေးပြုလုပ်နိုင်သည့် အမှိုက်များအား မြေဆွေးဖြစ်အောင်ပြုလုပ်ခြင်း စသည်ဖြင့်  တစ်ဦးချင်းစီ လျှော့ချနိုင် သမျှလျှော့ချကာအမှိုက်ထွက်ရှိမှုနှုန်း နည်းပါးအောင်နှင့်  စနစ်တကျ စွန့်ပစ်ကြနိုင်ရေး ရေးသား တင်ပြလိုက်ရပါသည်။   ။  

MWD

No comments:

Post a Comment