Latest News

Thursday, May 17, 2018

၂၄ ထပ် အဆောက်အအုံလေးခုပါ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ဖွင့်

၂၄ ထပ် အဆောက်အအုံလေးခုပါ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ဖွင့်

ရန်ကုန် မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဇေယျတံတားအနီးတွင် SPRING LING အမည်ရှိ  ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်လိုက် သည်။

အဆိုပါဟိုတယ်ကိုမြန်မာရွှေအုတ်ခဲကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ကြောင်း၊ ၂၄ ထပ်ပါ အဆောက်အအုံ လေးလုံး၊ ၁၇ ထပ်ပါ အဆောက်အအုံတစ်လုံး၊ Office Tour၊ ဈေးဝယ်စင်တာများ၊ အဆင့်မြင့်စားသောက်ဆိုင်များပါဝင်ကြောင်း၊ အမေရိကန် ဒေါ်လာ သိန်း၁ဝဝ ကျော်ရင်းနှီးမြှုပ်နှံတည်ဆောက်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ထောက်ခံအားပေးမှုဖြင့် မြန်မာ၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်ကြီးများက ပူးပေါင်းအကောင်အထည်ဖော် တည်ဆောက်ခဲ့ကြောင်း၊ လက်ရှိတွင် လူပေါင်း ၄ဝဝ ကျော်အား  အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်ကြောင်း သိရသည်။
''ကျွန်တော်တို့  ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဒီဟိုတယ်ကြီးကို ထူထောင် ဖွင့်လှစ်ပေး နိုင်ခြင်းအားဖြင့် အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေလင်ပန်းစက်မှုဇုန်က ပြည်သူ တွေအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်မှာဖြစ်သလို  အလုပ်အကိုင်သစ်တွေ လည်း ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်''ဟု တရုတ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးမြင့်ရွှေ က ပြောသည်။

အဆိုပါ  ဟိုတယ်သစ်ကြီး  တည်ဆောက်ဖွင့်လှစ်ပေးနိုင်မှုကြောင့်  ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် ပိုမိုကောင်းမွန်သောစီးပွားရေး ဝန်းကျင်ကောင်းများဖန်တီးကာ လူနေမှုဘဝအဆင့်မြင့်မား ရေးအတွက်လည်း အထောက်အကူဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဟိုတယ်အလုံးအရေအတွက် ၁၆၄၈ လုံး၊ အခန်းပေါင်း ၆၆ဝ၆၅ ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဟိုတယ်အလုံးပေါင်း ၃၉၇ လုံး၊ အခန်းပေါင်း ၂ဝ၅၂၆ ခန်းရှိကြောင်း  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ယခုနှစ် ဧပြီ ၃ဝ ရက် ထုတ်ပြန်ချက်အရ သိရသည်။                                                            

မြင့်မောင်စိုး(မြန်​မာ့အလင်း)

No comments:

Post a Comment