Latest News

Saturday, May 19, 2018

စက်သုံးဆီဈေးအတက်နှင့်နေ့စဉ်ဘဝများသို့ရိုက်ခတ်လာသည့် ဂယက်

စက်သုံးဆီဈေးအတက်နှင့်နေ့စဉ်ဘဝများသို့ရိုက်ခတ်လာသည့် ဂယက်


''ကားမမောင်းတော့ဘူး၊ တစ်နေကုန် ပတ်ပြီး လူရှာနေတာက ကျွန်တော်မွဲ ဆေးဖော်တာနဲ့အတူတူပဲ''ဟု ကိုရာဇာ တက္ကစီယာဉ်မောင်းက ပြောကြားသည်။ စက်သုံးဆီ ဈေးနှုန်းများ တရိပ်ရိပ် တက်လာခြင်းသည် တက္ကစီသမားများ သာမဟုတ် အားလုံးနဲ့သက်ဆိုင်သည်။ နေ့စဉ်လူမှုဘဝတွင် တောရောမြို့ပါမကျန် စက်သုံးဆီသုံးစွဲနေကြ ရသည်မို့ အားလုံး၏ အရေးကိစ္စပင်ဖြစ်သည်ဟု ကိုရာဇာက ဆက်ပြောသည်။

စက်သုံးဆီဈေးနှုန်းများသည် သင်္ကြန် မတိုင်မီမှ စတင်၍ တရိပ်ရိပ်တက်လာခဲ့ ပြီး ယခုရက်ပိုင်းအတွင်း တစ်လီတာ ဈေးနှုန်းမှာ ငွေကျပ်တစ်ဆယ်ခန့်အထိ နေ့စဉ်တက်လာခြင်းကြောင့် သယ်ယူပို့ ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဈေး တက်စပြုလာခြင်း၊ သယ်ယူပို့ဆောင်ခြင်းမှ ရရှိသည့် ကုန်စည်များ ဈေးနှုန်းတက်ရိပ် ပြခြင်းတို့လည်း ဖြစ်လာနိုင်သည်ကို မြင် တွေ့ရသည်။

စက်သုံးဆီဈေးမြင့်ခြင်း၏အစ

''ကမ္ဘာ့ရေနံစိမ်း ဈေးတက်လာပြီဆိုရင် ပြည်တွင်းစက်သုံးဆီဈေးက ဘယ်လိုမှ ထိန်းချုပ်လို့မရနိုင်ပါဘူး၊ ရေနံစိမ်းဈေး ဆက်တိုက်ကျဆင်း လာတဲ့အတွက် ပြည် တွင်းစက်သုံးဆီ ဈေးနှုန်းကလည်း မြင့်တက် လာတာဖြစ်ပါတယ်၊ ဒီလိုအခြေ အနေမှာ လုပ်ငန်းရှင်တွေ ကလည်း ဈေး ကို အတတ်နိုင်ဆုံး ထိန်းဖို့ကြိုးစားပါ တယ်၊ ဒေါ်လာဈေးတက်တိုင်းတော့ စက်သုံးဆီဈေးက မတက်သေးပါဘူး၊ အကျဈေးနဲ့ ဝယ်ထားတဲ့ ဆီတွေ ကုန်သွားပြီး ကုန်သည်တွေကိုယ် တိုင်လည်း အတက်ဈေးနဲ့ ဝယ်ထားရတဲ့အခါ ဈေး နှုန်းတွေကလည်း အတက်ဈေးဖြစ်နေရ တာ''ဟု မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိ သူကပြောကြားသည်။

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများသည် ဧပြီလမှစတင်ကာ မြင့်တက်လာခဲ့ပြီး ယနေ့ မေလ ၁၉ရက်တွင် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၇၁ ဒသမ ၃၇ဖြစ်နေသည်ကို မြင်တွေ့ရသည်။ ကမ္ဘာ့ရေနံစိမ်းဈေးမြင့် တက်လာရသည့် အကြောင်းအရင်းများ အနက် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးပေါ်လစီမှာလည်း တစ်ခုအပါ အဝင်ဖြစ်ကြောင်း သိရှိရပြီး တစ်လကျော် ကာလအတွင်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း များသည် ဧပြီလမတိုင်မီ ဈေးနှုန်းများထက် လေးရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မေ ၁၈ရက် သောကြာနေ့ ပြည်တွင်း စက်သုံးဆီပိတ်ဈေးအရ ရန်ကုန်မှာ ဒီဇယ် တစ်လီတာ လျှင် လက်လီဈေး ၈၈ဝကျပ်နှင့် လက်ကားဈေးမှာ ၈၉၅ ကျပ်ဖြစ်ပြီး ပရီမီယံ ဒီဇယ်မှာ လက်လီဈေး ၈၉၅ကျပ် နှင့် လက်ကားဈေး ၉၁ဝကျပ်၊ အောက် တိန်း ၉၂မှာ လက်လီဈေး ၈၄၅ကျပ်နှင့် လက်ကားဈေး ၈၅၅ကျပ်၊ အောက်တိန်း ၉၅မှာ လက်လီဈေး ၈၉၅ကျပ်နှင့် လက် ကားဈေးမှာလည်း ၈၉၅ ကျပ်တို့ဖြစ် ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ သတင်း ထုတ်ပြန်ထားသည်။

သို့သော် ရန်ကုန်မြို့အပါအဝင် ကျန် ဒေသအတော်များများတွင် ဝယ်ယူသုံးစွဲ နေကြရသည့် စက်သုံးဆီဈေးနှုန်းများမှာ အသင်းမှထုတ်ပြန်ထားသည့် ဈေးနှုန်းများ ထက် ငွေ ၅ ကျပ်မှ ငွေကျပ် ၅ဝ ဝန်း ကျင်အထိ ကွာခြားနေသည်ကို မြင်တွေ့ရ သည်။
ဆီဈေးတက်ရင် အခြားကုန်စည်တွေလည်းတက်တယ်
''ပန်းတနော်ကို ကွမ်းတစ်စီးတိုက်ရင် အရင်က ငွေကျပ် ၇ဝဝဝဝပေးရတယ်၊ အခု ကားတစ်စီးကို တစ်သိန်းကျော်မပေးရင် မလိုက်တော့ဘူး'' ဟု ကွမ်းကုန်သည် တစ်ဦးက ပြောသည်။ ထို့အတူ စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာမှုကြောင့် တက္ကစီ မောင်းနှင်သူများကလည်း ''အရင်က တစ်နေ့ကို ဆီတစ်သောင်းဖိုးလောက် ရင်းလည်း နှစ်သောင်းခွဲလောက် ပြန်ဝင် တယ်၊ အခုက ဆီဈေးတက်တော့ အမြတ် မကျန်ဘူး၊ ကားငှားလာသူတွေကိုလည်း ဆီဈေးတွေတက်တယ်ဗျ၊ ပိုပေးပါဦး ဆို တာကို အမြဲပြောရတယ်''ဟု အငှားယာဉ် မောင်းတစ်ဦးက ပြောသည်။
ဆီဈေးနှုန်းများ မြင့်တက်လာမှု ကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်း များလည်း မြင့်တက်လာခဲ့သည်။ “''ကား တစ်စီးတိုက် မြင်းခြံကနေ ကြက်သွန် သယ်ယူရင် ကားငှားခက တစ်သိန်းခွဲပေး နေကျပဲ၊ အခုက တစ်စီးကို နှစ်သောင်း ပိုပေးရတယ်၊ ဆီဈေးတွေတက်လို့တဲ့၊ အဲဒီ တော့ ကျွန်တော်တို့လည်း ဈေးကလိုက် တက်ရတော့တယ်''ဟု ပုဗ္ဗသီရိညဈေးတွင် ကြက်သွန်လက်လီလက်ကားရောင်းချသူ တစ်ဦးက ပြောသည်။

"ကမ္ဘာ့ရေနံစိမ်းဈေးတက်လို့တဲ့ဗျာ၊ ဆီဈေးတွေတက်တယ်တဲ့၊ ထားပါတော့၊ တစ်ကမ္ဘာလုံးဈေးတွေ ကျနေရင်ရော မြန်မာ့စက်သုံးဆီဈေးက ပြန်ကျဖူးလို့ လား၊ အများဆုံးချပေးရင် တစ်လီတာ သုံး ကျပ်ကနေ ငါးကျပ်ထက်မပိုဘူး၊ ကျွန်တော့် သဘောကတော့ နိုင်ငံခြားက ရေနံနဲ့ စက်သုံးဆီကုမ္ပဏီတွေ ဝင်လာစေချင်ပြီ၊ တက်လည်းတက်ဈေးပေါ့၊ ကျလည်း ကျဈေးပေါ့၊ တက်တုန်းကတော့ အပြိုင် လိုက်တက်ပြီး၊ နိုင်ငံတကာဈေးကျလာ တော့ တက်ဈေးနဲ့ဝယ်မိလို့တဲ့လေ၊ အရှုံးခံ ပြီး မရောင်းပေးနိုင်ကြဘူးတဲ့''ဟု ရန်ကုန် မြို့ တာမွေမြို့နယ်ရှိ စက်သုံးဆီဆိုင် တစ်ဆိုင်မှ ဝန်ထမ်းတစ်ဦးကလည်း ပြည်သူဘက်မှနေ၍ စဉ်းစားပေးသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စက်သုံးဆီဈေးနှုန်းများ ကမ္ဘာ့ပေါက်ဈေး နှင့်အညီ ဖြစ်ပေါ်လာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစီအမံ များ ချမှတ်နေကြောင်းကိုလည်း ရန်ကုန် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ပြီးခဲ့သည့်အပတ် လွှတ်တော်တွင် ဖြေကြားထားသည်။ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေး အသင်းကလည်း ဈေးနှုန်းများကို နေ့စဉ် တွက်ချက်ပြီး ထုတ်ပြန်ပေးသည့်အပြင် နိုင်ငံပိုင်သတင်းစာများ၊ လူမှုကွန်ရက် များတွင် နေ့စဉ်ဖော်ပြခြင်းတို့ဖြင့် လက်လီ ဈေး၊ လက်ကားဈေးနှုန်းများကို ထုတ်ပြန်ပေး နေကြောင်း၊ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်ခြင်းမှာ နိုင်ငံအများအပြားတွင် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင် သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ အတွင်းရေးမှူး ဒေါက်တာ ဝင်းမြင့်က ပြောသည်။

နိုင်ငံတော်က ဘာတွေလုပ်ပေးမလဲ

စက်သုံးဆီဈေးနှုန်းများ မြင့်တက် ခြင်းကို အနည်းငယ် သက်သာစေနိုင်ရန် အတွက် ပြင်ပပေါက်ဈေးထက် သက်သာ သည့် နှုန်းထားဖြင့် ရောင်းချပေးလျက်ရှိပြီး ယင်းသို့ ရောင်းချပေးခြင်းအားဖြင့် စက်သုံး ဆီ ဈေးနှုန်းများ မြင့်တက်ခြင်းကို အနည်းငယ်ခုခံမိမည်ဖြစ်ကြောင်း၊ စက် သုံးဆီ ဂါလန်သုံးသန်းအထိ ရောင်းချ ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။ စက်သုံးဆီဈေးနှုန်းများ မှန်ကန်စေရန်နှင့် ပြည်သူများ လွတ်လပ်စွာရွေးချယ်နိုင်ရန် အတွက် ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မည့် ပြည်ပရင်းနှီး မြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်လျက်ရှိ ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

မေလ ၁ဝ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရေနံကုမ္ပဏီ တစ်ခုတို့ တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီး အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်း ချခြင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံထားသည်။ အဆိုပါ ကုမ္ပဏီမှာ Total Oilဖြစ်ပြီး ယင်းအပြင် Shell၊ Exxon၊ Chevron စသည့် ကုမ္ပဏီကြီးများ ဝင်ရောက်လာရန် အတွက်လည်း တွန်းအားပေး ဖိတ်ခေါ်သင့် ကြောင်း ပြည်တွင်းစက်သုံးဆီဈေးကွက်ကျွမ်းကျင်သူအချို့က ပြောကြားသည်။

ထို့ပြင် ကမ္ဘာ့စက်သုံးဆီ၊ ရေနံစသည့် ဈေးနှုန်းများ မြင့်တက်သဖြင့် ပြည်တွင်း ဈေးနှုန်းမြင့်တက်ရသော်လည်း အများ ပြည်သူ အားလုံးနှင့် သက်ဆိုင်သည့်ကဏ္ဍ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် စက်သုံးဆီဈေးနှုန်းများကန့်သတ်ပေးခြင်း ကို အစိုးရမှ ပါဝင်လုပ်ဆောင်ပေးသင့် ကြောင်း ထောက်ပြသူများလည်း ရှိသည်။

 ''ပြည်ပကနေ စက်သုံးဆီတင်သွင်းရောင်း ချဖြန့်ဖြူးတဲ့နေရာမှာ လာရောက်ရင်းနှီး မြှုပ်နှံတိုင်းလည်း ဈေးနှုန်းတွေက ထိုးကျ မသွားနိုင်သေးပါဘူး၊ အားလုံးသိတဲ့အတိုင်း စက်သုံးဆီဈေးဟာ နိုင်ငံတကာစီးပွား ရေး၊ ရေနံစိမ်းဈေး စတာတွေနဲ့လည်း ဆက်စပ်နေတာမို့ တစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ မြင့်တက်နေတာဖြစ်ပါတယ်၊ စက် သုံးဆီ ဈေးနှုန်းမတက်တဲ့ နိုင်ငံတွေဟာ ရေနံထွက်ပြီး အသုံးပြုတဲ့နိုင်ငံတွေနဲ့ အစိုးရကနေ ဈေးကွက်ကို ချုပ်ကိုင်ပြီး လုပ်ဆောင်တဲ့နိုင်ငံတွေပဲ ဖြစ်ပါတယ်၊ ဒါ ကြောင့် ဈေးကတော့ လက်ရှိမှာ အများ ကြီး ပြန်ကျသွားဖို့မဖြစ်နိုင်သေးဘူး''ဟု စက်သုံးဆီရောင်းချသူတစ်ဦးကလည်း သုံးသပ်ပြသည်။

စက်သုံးဆီဈေးတွေ တည်ငြိမ်ဖို့

''စက်သုံးဆီဈေးတွေက မြင့်တက်နေ တယ်၊ ဒါကလည်း ရေနံစိမ်းဈေးကမြင့်တက် လာတဲ့အတွက် စက်သုံးဆီဈေးတွေက မြင့်တယ်၊ ကိုယ့်နိုင်ငံကလည်း ပြည်ပကနေ စက်သုံးဆီတင်သွင်းနေရတဲ့ အခါကျတော့ ဈေးတွေတက်တယ်၊ တစ်ဖက်မှာလည်း ဈေးကွက်စီးပွားရေးစနစ်အရ လွတ်လပ်စွာ ရောင်းချ ဝယ်ယူခွင့်ပေးထားတယ်၊ တစ်ဖက်မှာလည်း ကုန်ဈေးနှုန်းတွေ ထိန်းချုပ်နိုင်ဖို့အတွက် စက်သုံးဆီဈေးက တစ် စိတ်တစ်ပိုင်းအရေးပါနေတော့ စိစစ် ပေးတာမျိုး လုပ်သင့်တယ်လို့ ထင်ပါတယ်၊ အခုက သယ်ယူပို့ဆောင်တဲ့ကိစ္စရပ်တိုင်းမှာ ဈေးတွေမြင့်တက်လာနိုင်တာမို့ အစိုးရ က ကြားဝင်ပြီး ထိန်းသိမ်းညှိနှိုင်းပေးဖို့ တော့လိုအပ်မယ်''ဟု ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက် လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင် မောင်ဝင်းက ပြောသည်။

ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန် အတွက် စက်သုံးဆီဆိုင်အများစုက ကြိုးပမ်းနေကြကြောင်း အသင်းမှသိရှိရပြီး လက်ရှိတွင် လက်လီဈေးထက် လက်ကား ဈေးနှုန်းများ မြင့်တက်မှုက ပိုမိုများပြား နေသည်ဟု စက်သုံးဆီဈေးကွက် အတွင်းမှ သိရှိရသည်။ ခန့်မှန်းကွာခြားမှုကို လေ့လာကြည့်ပါက မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းမှာ အခြားနိုင်ငံများ ထက် နည်းပါးနေပြီး တစ်လီတာလျှင် အမေရိကန်ဒေါ်လာ ဝ ဒသမ ၆၅ သာရှိ ကြောင်း၊ မြန်မာနိုင်ငံ၏ အထက်တွင် ဈေးနှုန်းသက်သာသည့် နိုင်ငံများဖြစ်သည့် နိုင်ငံပေါင်း ၂၁ နိုင်ငံရှိပြီး အများစုမှာ ရေနံထွက်ရှိသည့် နိုင်ငံများနှင့် အစိုးရ များက ထောက်ပံ့ပေးထားသည့် နိုင်ငံများ ဖြစ်ကြောင်း Global Petrol Price စာမျက်နှာက ဖော်ပြထားသည်။ ယင်း နေ့စဉ် အစီရင်ခံစာတွင် နိုင်ငံအများအပြား ပါဝင်ပြီး စင်ကာပူနိုင်ငံတွင် တစ်လီတာ လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၁အထိ ရှိပြီး ဂျပန်နိုင်ငံတွင် တစ်လီ တာလျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ဝ နှင့် ဟောင်ကောင်တွင် တစ်လီတာလျှင် ၂ ဒသမ ဝ၉ ဒေါ်လာ၊ လာအိုနိုင်ငံတွင် တစ်လီတာလျှင် ပျမ်းမျှ စက်သုံးဆီ ဈေးနှုန်းမှာ ၁ ဒသမ ၂၄ဒေါ်လာ၊ တရုတ် နိုင်ငံတွင် ၁ ဒသမ ၁၉ ဒေါ်လာ စသည်တို့ ဖြစ်ကြောင်း သိရှိရသည်။

''တက်ဈေးမှာ တစ်ပြည်လုံး၊ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တက်နေတာ ဆိုတော့လည်း အတတ်နိုင်ဆုံး ချွေတာပြီး သုံးရတော့မှာပေါ့ဗျာ၊ ဒါပေမယ့် တစ်ကမ္ဘာလုံးမှာ စက်သုံးဆီဈေးတွေ ကျလာ တဲ့အခါမှာလည်း ကမ္ဘာ့ဈေးကိုလိုက်ပြီး မြန်မြန် ပြန်ချပေးဖို့တော့ လိုအပ်တာပေါ့၊ လက်ရှိမှာတော့ စက်သုံးဆီက နေ့စဉ်တက် နေတယ်၊ တစ်နေ့နဲ့တစ်နေ့ကို မတူဘူး''ဟု တက္ကစီယာဉ်မောင်း ကိုရာဇာက ပြော သည်။ ။

သတင်းဆောင်းပါး - ခင်ရတနာ(ပြန်​/ဆက်​)

No comments:

Post a Comment