Latest News

Monday, May 21, 2018

အစာအဆိပ်သင့်မှုအန္တရာယ် ကင်းဝေးဖို့ သန့်ရှင်းစင်ကြယ်အောင် ဆေးကြောကြပါစို့

အစာအဆိပ်သင့်မှုအန္တရာယ် ကင်းဝေးဖို့
သန့်ရှင်းစင်ကြယ်အောင် ဆေးကြောကြပါစို့

ဧပြီ ၂၂ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အင်းတကော် မြို့နယ် ပျဉ်းမငူကျေးရွာ၌ မင်္ဂလာဧည့်ခံပွဲတစ်ခုတွင် ဧည့်ခံကျွေးမွေးသော       အစားအသောက်များကို စားသောက်မိရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သည်။ ပရဟိတအသင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဝေဒနာခံစားနေရသူ ၄ဝ ခန့်ကို ပဲခူးမြို့ ပြည်သူ့ဆေးရုံ ကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ရသည်။ ''အချဉ်သုပ်ရာတွင် ဂေါ်ဖီထုပ်များကို ရေဆေးစဉ် သေချာစင်ကြယ်အောင် မဆေးကြော၍ဖြစ်ရသည်ဟု   ထင်မြင်ယူဆကြောင်း၊ ဇာစ်မြစ်ကိုသိအောင် ကြိုးစားရှာဖွေဖော်ထုတ်သွားမည် ဖြစ်ကြောင်း''   ဆေးရုံအုပ်ကြီးက  ပြောကြားသည်ဟု  သတင်းများတွင် ဖော်ပြထားသည်ကို ဖတ်လိုက်ရသည်။

ဖြစ်ပွားစေ

အစာအဆိပ်သင့်သည့် သတင်းများကို သတင်းစာများ တွင် မကြာခဏဆိုသလို ဖတ်ရှုရသည်။   တစ်ခါတစ်ရံ အသက်ပင်ဆုံးရှုံးကြရသည်။  ဗက်တီးရီးယားပိုးများ၊  ဗိုင်းရပ်ပိုးမွှားများ၊ ကူးစက်ရောဂါပိုးမွှားများကြောင့် ဖြစ်ရခြင်းဖြစ်သည်။ များသောအားဖြင့်ကျေးလက်ဒေသ များတွင်အဖြစ်များလေ့ရှိသည်။ အလှူပွဲများ၊ မင်္ဂလာ ဆောင်များတွင် ကျွေးမွေးသည့်အစားအသောက်များကို စားသုံးရာမှ အစုလိုက်အပြုံလိုက် ဖြစ်ပွားလေ့ရှိသည်။

အစားအသောက်များ သိုလှောင်ရာတွင်လည်းကောင်း၊ သယ်ဆောင်ရာတွင်လည်းကောင်း၊ ချက်ပြုတ်ကြော်လှော် ရာတွင် လည်းကောင်း၊ လက်လုပ်အချဉ်များပြုလုပ်ရာတွင် လည်းကောင်း၊ အသုပ်မျိုးစုံပြုလုပ်ရာတွင် လည်းကောင်း သန့်ရှင်းစင်ကြယ်အောင်ရေမဆေးခြင်းကြောင့် အစာအဆိပ်သင့်မှုဖြစ်ပွားရလေ့ရှိသည်။

တစ်ခါတစ်ရံ ဓာတုဆေးဝါးများ၊ ပိုးသတ်ဆေးများပါရှိ သည့် ဟင်းသီးဟင်းရွက်များကို ရေစင်ကြယ်အောင်မဆေး ကြော၍လည်းအစာအဆိပ်သင့်မှုဖြစ်ပွားရလေ့ရှိသည်။ ချက်ပြုတ်သည့်ဟင်းလျာတွင် ပါဝင်သည့်ပစ္စည်းများ ဓာတ်မတည့်သောကြောင့်လည်း အစာအဆိပ်သင့်မှု ဖြစ်ပွားတတ်ပေသည်။ ထို့အပြင် အသား၊ ငါးများကို သတ်မှတ်သည့်အပူချိန်အထိ ကျက်အောင်ချက်ပြုတ်ခြင်း မရှိလျှင်လည်း အစာအဆိပ်သင့်မှုဖြစ်ပေါ်စေသည်။

စင်ကြယ်အောင်ဆေးကြောခြင်း

လက်ရှိအချိန်တွင် အသား၊ငါးများနှင့်ဟင်းသီး၊ဟင်းရွက်များ၌ ဓာတုအဆိပ်အတောက်များနှင့် ပိုးသတ်ဆေး အကြွင်းအကျန်များပါရှိနေတတ်သည်။  ထို့ကြောင့်ပိုးမွှား များနှင့်ကြွင်းကျန်ဓာတုဆေးဝါးများ ကင်းဝေးအောင် အသား၊ ငါးများကို မချက်ပြုတ်မီ စင်ကြယ်အောင်ရေ ဆေးကြောသင့်ပေသည်။ ထိုနည်းတူစွာ ဟင်းသီး၊ ဟင်းရွက်များကို မချက်ပြုတ်မီ ဆားရည်၊ ရှလကာရည် ဖြင့် စိမ်ထားသင့်ပေသည်။ အထူးသဖြင့် ပူဒီနာရွက်၊ ဆလတ်ရွက်၊ ဂေါ်ဖီရွက်တို့တွင် ကပ်ပါးကောင်များ၊ သန်ကောင်များ ကပ်နေတတ်သည်။ ရေစင်ကြယ်အောင် ဆေးကြောခြင်းမရှိလျှင် ဗိုက်အောင့်ခြင်း၊ ဝမ်းကိုက်ခြင်း တို့ဖြစ်တတ်သည်။

လက္ခဏာများ

အစာအဆိပ်သင့်မှုလက္ခဏာများကိုနာရီပိုင်းအတွင်း တွေ့ရတတ်သည်။ ခေါင်းမူးခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်း လျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်း၊ ခံတွင်း ပျက်ခြင်းများဖြစ်လာမည်ဖြစ်သည်။ တချို့သော အစာ အဆိပ်သင့်မှုများသည် ပြင်းထန်လေ့မရှိသောကြောင့်ဆေးဝါးကုသရခြင်းမရှိဘဲ သက်သာစေပါသည်။ သို့သော် ကိုယ်ခံအားနည်းသည့်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် သက်ကြီးရွယ်အိုများသည် ဆေးရုံ၊ ဆေးခန်း သို့ ချက်ချင်းသွားသင့်ပေသည်။ ထို့အပြင် အောက်ဖော်ပြ ပါ လက္ခဏာများတွေ့ရပြီဆိုလျှင် ဆေးဝါးစောင့်ရှောက် မှုလိုအပ်နေပြီဖြစ်သည်-

(၁) အဆက်မပြတ်      ပျို့အန်ပြီး       အရည်ဓာတ်
ခန်းခြောက်လာခြင်း။

(၂) သွေးအန်ခြင်းနှင့် သွေးဝမ်းသွားခြင်း။

(၃) သုံးရက်ထက်ပို၍ ဝမ်းပျက်ဝမ်းလျှောခြင်း။

(၄) မခံနိုင်အောင် ဗိုက်အောင့်၊ ဗိုက်နာဖြစ်ခြင်း။

(၅) ခံတွင်းအပူချိန်သည်    ၃၈  ဒီဂရီစင်တီဂရိတ် ကျော်လွန်နေခြင်း။

(၆) ရေဓာတ်ကုန်ခန်းခြင်း၊  (အလွန်အမင်းရေဆာ လောင်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဆီးနည်း ခြင်း၊ လွန်စွာအားအင်ချည့်နဲ့ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း)

(၇) အမြင်အာရုံ    မကြည်လင်ခြင်း၊     ကြွက်သား အားနည်းခြင်းနှင့် လက်မောင်းများကိုက်ခဲခြင်း ကဲ့သို့သော အာရုံကြောဆိုင်ရာလက္ခဏာများကို တွေ့ရခြင်း။

ကြိုတင်ကာကွယ်ခြင်း

ကြိုတင်ကာကွယ်ခြင်းသည်     ကုသခြင်းထက်ပိုမို ထိရောက်ပေသည်။ ထို့ကြောင့်အစာအဆိပ်သင့်မှုမဖြစ် အောင် အောက်ပါနည်းလမ်းများအတိုင်း ကြိုတင် ကာကွယ်သွားသင့်ပေသည်-

(၁) သန့်ရှင်းစင်ကြယ်အောင်ဆေးကြောခြင်း။ အစား အစာများမကိုင်တွယ်မီ၊ မချက်ပြုတ်မီ ဆပ်ပြာ၊ ရေနွေး တို့ဖြင့် လက်ကိုစင်ကြယ်အောင်ဆေးကြောခြင်းနှင့် အိုးခွက်ပန်းကန်များ၊ စဉ်းတီတုံးများနှင့် ပစ္စည်းတင်စင် များကိုလည်း ဆပ်ပြာ၊ ရေနွေးတို့ဖြင့် သန့်ရှင်းစင်ကြယ် အောင် ဆေးကြောခြင်း။

(၂) စားသောက်ကုန်ကြမ်းများနှင့် အသင့်စားအစာ များကို သတ်သတ်စီခွဲ၍ထားခြင်း။ ဈေးဝယ်ထွက်လျှင် သော်လည်းကောင်း၊ အစားအစာများကို သိုလှောင် သိမ်းဆည်းရာတွင် လည်းကောင်း၊ ပြင်ဆင်ရာတွင် လည်း ကောင်း  အသားစိမ်း၊  ငါးစိမ်းများကို အခြားသော စားသောက်ကုန်များနှင့်  သတ်သတ်စီ ခွဲ၍ထားခြင်း။ ထိုသို့ထားရှိခြင်းသည် အစားအစာများ ရောနှောရာမှ ဖြစ်ပေါ်တတ်သည့်ဓာတ်မတည့်မှုကို ကာကွယ်ပေးနိုင် သည်။

(၃) သတ်မှတ်အပူချိန်အထိချက်ပြုတ်ခြင်း။ အစား အသောက်များကို   သတ်မှတ်အပူချိန်   ရောက်ရှိသည် အထိ    ချက်ပြုတ်ခြင်း၊  ထိုသို့ချက်ပြုတ်မည်ဆိုလျှင်  ဘေးဒုက္ခပေးနိုင်သော ဇီဝရုပ်ကြွင်းများကိုကာကွယ်နိုင် သည်။

(၄) ပုပ်သိုးနိုင်သောအစားအစာများကို ရေခဲသေတ္တာ ထဲတွင် ချက်ချင်းထည့်ခြင်း။ အခန်းအပူချိန်သည် ၃၂ စင်တီဂရိတ်ကျော်လွန်နေလျှင် ပုပ်သိုးနိုင်သောအစားအသောက်များကို တစ်နာရီအတွင်း ရေခဲသေတ္တာထဲသို့ ထည့်ထားခြင်း။

(၅) အသား၊ ငါးများကို ဘေးကင်းစွာရေခဲဖယ်ရှားခြင်း။ အသား၊ ငါးများကို အခန်းအပူချိန်ဖြင့် ရေခဲပျော်အောင် မလုပ်ခြင်း၊ ဘေးကင်းလုံခြုံသော ရေခဲဖယ်ရှားမှုသည် ရေခဲသေတ္တာအတွင်း၌သာ ဖယ်ရှားခြင်းဖြစ်သည်။

(၆) မသန့်ရှင်းသောအစားအစာများကိုစွန့်ပစ်ခြင်း။ အစားအစာများကိုကျန်းမာရေးနှင့်ညီညွတ်စွာပြင်ဆင် ထားခြင်း၊ထိန်းသိမ်းထားခြင်း၊သိုလှောင်ထားခြင်းမရှိ လျှင် စားသုံးရန်မသင့်သောကြောင့် စွန့်ပစ်သင့်ပေသည်။ အခန်းအပူချိန်ဖြင့်ကာလရှည်ကြာထားရှိသော အစား အစာများတွင် ချက်ပြုတ်ရုံမျှဖြင့် သေကျေ ပျက်စီးနိုင်ခြင်း မရှိသော ဗက်တီးရီးယားများ၊ အဆိပ်အတောက်များပါ ရှိနေတတ်သည်။ ထိုအစားအစာများသည် အနံ့အသက် နှင့် အရသာကောင်းမွန်နေသည့်တိုင်အောင် ကျန်းမာရေး အတွက် ဘေးကင်းလုံခြုံမှုမရှိတော့ပေ။

ရှောင်ကြဉ်သင့်

အစာအဆိပ်သင့်ခြင်းသည်ကလေးသူငယ်များ၊ ကိုယ် ဝန်ဆောင်မိခင်များ၊ သန္ဓေလောင်းများ၊ သက်ကြီး ရွယ် အိုများနှင့်ကိုယ်ခံအားနည်းသူများအတွက် အသက် အန္တရာယ်စိုးရိမ်ရပေသည်။ ထို့ကြောင့် အောက်ဖော်ပြ ပါ အစားအစာများကိုရှောင်ကြဉ်သင့်ပေသည်-

(၁) အသားစိမ်း၊ငါးစိမ်းများ။

(၂) ကမာများ၊ ခုံးကောင်များနှင့် ယောက်သွားများ အပါအဝင်       ချက်ပြုတ်ရခြင်းမရှိသေးသော အသားစိမ်း၊ ငါးစိမ်းများ၊ အခွံမာအကောင်များ။

(၃) ကွတ်ကီး၊ ရေခဲမုန့်တို့တွင် ပါဝင်သည့် ချက်ပြုတ် ရခြင်းမရှိသေးသော ဥများနှင့်  အစားအစာ များ။

(၄) ပဲပင်ပေါက်အစိမ်းများ။

(၅) ပိုးသတ်ထားခြင်းမရှိသောဖျော်ရည်နှင့်ယမကာ များ။

(၆) ပိုးသတ်ထားခြင်းမရှိသော နို့နှင့် နို့ထွက်ပစ္စည်း များ။

(၇) ရေခဲသေတ္တာထဲတွင်ထည့်ထားသော  အသား၊ ငါးအသုပ်များ။

(၈) ကာလရှည်ကြာသိမ်းထားသော လက်လုပ်အချဉ် များ။

(၉) ဝမ်းနူးစေသောအစားအစာများ။

(၁ဝ) သက်တမ်းလွန်အစားအစာများ။

ပြုစုစောင့်ရှောက်ခြင်း

အစာအဆိပ်သင့်ခြင်းကိုမိမိနေအိမ်၌ပင်အရေးပေါ်ပြုစုကုသသွားရန်လိုအပ်သည်။ ပြင်းထန်လျှင် ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပို့သင့်သည်။ များသောအားဖြင့် သုံးရက်မှ ငါးရက်အတွင်း  ကုသနိုင်ပေသည်။ အစာ အဆိပ်သင့်မှုဖြစ်လျှင်   ရေဓာတ်ကို   ထိန်းသိမ်းရမည် ဖြစ်သည်။ ရေသည်ကာဗွန်ဟိုက်ဒရိတ်နှင့် ပင်ပန်းနွမ်းနယ် မှုကို ထိန်းသိမ်းစေနိုင်သည်။ လုံလောက်စွာ အနားယူ ခြင်း၊ အစာကြေလွယ်သောအစားအစာများကို စားသုံး ခြင်း၊ အရက်၊ ကော်ဖီ၊ အငန်၊ အစပ်နှင့် အဆီအဆိမ့်တို့ကို ရှောင်ကြဉ်သင့်ပေသည်။ အထူးသဖြင့် အခြားသူများကို ကူးစက်ပြန့်ပွားခြင်းမရှိအောင် တစ်ကိုယ်ရေသုံး ပစ္စည်း များကိုသတ်သတ်စီခွဲခြားအသုံးပြုခြင်း၊ အိမ်သာ၊ ရေစင် များနှင့်ရေချိုးခန်းများကို သန့်ရှင်းစင်ကြယ်အောင် ဆေး ကြောခြင်း၊ ပိုးသတ်ခြင်းတို့ကို ဆောင်ရွက်သွားသင့်ပေ သည်။

နေထိုင်မှုပုံစံ

လူတစ်ဦး၏   သက်ရှည်ကျန်းမာမှုသည်    အစား အသောက်နှင့် နေထိုင်မှုပုံစံပေါ်တွင် များစွာမူတည်လျက် ရှိသည်။ မျက်မှောက်ခေတ် အစားအသောက်များသည် ဓာတုဆေးဝါးများ၊ ပိုးသတ်ဆေးများ၊ ဆိုးဆေးများနှင့် မကင်းသလောက်ဖြစ်နေသည်။  ထို့အပြင် နေ့စဉ်ရှူရှိုက် နေရသောလေသည်လည်း မလတ်ဆတ်တော့ပေ။ ထိုသို့ သောအခြေအနေမျိုးတွင် ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်နေထိုင်မှုမရှိလျှင် ရောဂါတစ်မျိုးမျိုး ဝင်လာ ပြီးနောက် တန်ဖိုးမဖြတ်နိုင်သော လူ့လောကမှစောစီးစွာ ထွက်ခွာသွားကြရမည်ဖြစ်သည်။

ခြုံ၍တင်ပြရလျှင်ကျန်းမာခြင်းသည် လူတစ်ဦးအတွက် ကြီးမားသောလာဘ်တစ်ပါးပင်ဖြစ်သည်။   အစာအဆိပ် သင့်မှုသည် ပြင်းထန်လျှင် အသက်အန္တရာယ်ပင်စိုးရိမ်ရ ပေသည်။ ငွေကြေးနှင့်အောင်မြင်မှုများ မည်မျှပင် ရှိနေ စေကာမူ ကျန်းမာရေးချူချာနေမည်ဆိုလျှင် ပျော်ရွှင်နိုင် မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်ရေးသည် အသက်တမျှပင်အရေးပါ လျက်ရှိသည်။

လူတစ်ဦးသည် ကျန်းမာနေမှသာလျှင် မိမိချစ်မြတ်နိုးသောမိသားစုများနှင့်အတူ သက်တမ်းစေ့ ပျော်ရွှင်စွာ နေနိုင်မည်ဖြစ်သည်။ ထို့အပြင်  တိုင်းပြည်နှင့် လူမျိုး အကျိုးကိုလည်း သယ်ပိုးနိုင်မည်ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီအနေ     ဖြင့်   အစာအဆိပ်သင့်မှုအန္တရာယ်မှ  ကင်းဝေးပြီး သက်တမ်း စေ့နေနိုင်ရန်အတွက် နေ့စဉ်စားသုံးနေသော အသား၊  ငါးနှင့်    ဟင်းသီးဟင်းရွက်များအပါအဝင်   အစားအစာအားလုံးကို    ရေဖြင့်စင်ကြယ်အောင် ဆေးကြောပြီး စားသုံးသွားနိုင်ကြပါစေ။

ကြေးမှုံ

No comments:

Post a Comment