Latest News

Monday, May 28, 2018

ဖျာပုံ၌ လေပြင်းတိုက်မှုကြောင့် စက်လှေနစ်မြုပ်၍ခြောက်ဦးပျောက်ဆုံးနေ

ဖျာပုံ၌ လေပြင်းတိုက်မှုကြောင့် စက်လှေနစ်မြုပ်၍ခြောက်ဦးပျောက်ဆုံးနေ

ဖျာပုံ    မေ    ၂၈

ဧရာဝတီတိုင်းဒေသကြီး     ဖျာပုံခရိုင် ဘိုကလေးမြို့နယ်   အေးရာကျေးရွာအုပ်စု အေရာကျေးရွာ အမှတ် ၂ ရပ်ကွက်နေ ဦးဇော်မင်းထွဋ်ပိုင်   ရဲမင်းဟန်အမည်ရှိ ငါးဖမ်းစက်လှေသည်   ဖျာပုံမြို့နယ် နောက်မီးကျေးရွာအုပ်စု     မင်္ဂလာသောင်တန်း ကျေးရွာ ဂရက်ကြီးကျွန်း ရေမိုင် တစ်မိုင် ရေလံ  ဆယ်လံအကွာတွင် မေ ၂၈ ရက် နံနက်ပိုင်းက လေပြင်း တိုက်ခတ်သဖြင့်   နစ်မြုပ်သွားရာ   ရေလုပ်သားခြောက်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

''ဒီနေ့  မွန်းတည့်   ၁၂  နာရီ လောက်မှာ  နောက်မီးကျေးရွာအုပ်စု မင်္ဂလာသောင်တန်းကျေးရွာ  ကမ်းစပ် မှာ  ရေလုပ်သား ၁၃ ဦး မျောပါလာ          လို့  ကူညီကယ်ဆယ်ထားပါတယ်၊ ဒီရေ လုပ်သားတွေက  ဂရက်ကြီးကျွန်းအနီး ပင်လယ်ပြင်မှာ ငါးဖမ်းရေယာဉ်နစ်မြုပ်  လို့  မျောပါလာကြသူတွေ ဖြစ်ပါတယ်၊ အားလုံး  ကျန်းမာပါတယ်၊  ပိုင်ရှင်တွေ ထံ ဆက်သွယ်ထားပါတယ်၊    မင်္ဂလာ သောင်တန်းကျေးရွာမှာရှိတဲ့   နေအိမ် တစ်လုံးမှာ  နေရာချထားပြီး  ကူညီ    စောင့်ရှောက်ထားပါတယ်''ဟု  နောက်မီး ကျေးရွာအုပ်စု      အုပ်ချုပ်ရေးမှူး  ဦးရင်စိန်က  ပြောသည်။

အဆိုပါဖြစ်စဉ်မှာ    ဘိုကလေး မြို့နယ်  အေးရာကျေးရွာအုပ်စု အေရာ ကျေးရွာ၊  အမှတ်၂ ရပ်ကွက်နေ ဦးဇော် မင်းထွဋ်ပိုင်ဆိုင်သော ရဲမင်းဟန်အမည်ရှိ ငါးဖမ်းရေယာဉ်သည်    ဖျာပုံမြို့နယ် နောက်မီးကျေးရွာအုပ်စု        မင်္ဂလာ သောင်တန်းကျေးရွာ     ဂရက်ကြီးကျွန်း အနီး၌ မေ ၂၈ ရက် နံနက်၆နာရီခွဲခန့်က ရုတ်တရက်   ရာသီဥတုဆိုးရွားလာ၍ ကျောက်ချထားစဉ်      မိုးသက်လေပြင်း အရှိန်ကြောင့် နစ်မြုပ်သွားခဲ့ခြင်းဖြစ် ကြောင်း  သိရသည်။

ယင်း    ငါးဖမ်းရေယာဉ်ပေါ်တွင် ရေလုပ်သား၂ဝ ပါရှိပြီး လက်ရှိအချိန်      ၌   ရေယာဉ်ပါရေလုပ်သား ၁၄  ဦးကို    အသက်ရှင်လျက်   ရှာဖွေတွေ့ရှိခဲ့ကာ ကျန်ခြောက်ဦးကို   ရှာဖွေကယ်ဆယ်     ရေးလုပ်ငန်းများ   ဆောင်ရွက်လျက်ရှိ ကြောင်း  ဘိုကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြန်​မာ့အလင်း၊သူဇာနွယ် (ဖျာပုံ)

No comments:

Post a Comment