ရန်ကုန် မေ ၂၄
ONE Championship အဖွဲ့ အစည်းမှ ကြီးမှူးကျင်းပလျက်ရှိသည့် MMA ပြိုင်ပွဲ၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲကို ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပ မည်ဖြစ်ပြီး လက်ရှိချန်ပီယံ အောင်လ အန်ဆန်သည် ချန်ပီယံဆု ကာကွယ်ပွဲ ထိုးသတ်ရမည်ဖြစ်သည်။ အောင်လ အန်ဆန်သည် မူလက ဘရာဇီးကစား သမား လီအန်ဒရိုနှင့် ထိုးသတ်ရမည် ဖြစ်သော်လည်း ပြိုင်ဘက်ပြောင်းလဲ ခဲ့ပြီး ဂျပန်ကစားသမား ဟာဆီဂါဝါနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
ONE Championship အဖွဲ့ အစည်းသည် အောင်လအန်ဆန်၏ ပြိုင်ဘက်ပြောင်းလဲကြောင်း မေ ၂၄ ရက် တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဟာဆီဂါဝါ သည် ၂ဝ၁၃ ခုနှစ်မှစ၍MMA ပြိုင်ပွဲ များယှဉ်ပြိုင်ခဲ့ကာ လက်ရှိအချိန်ထိ ပွဲပေါင်း ၁၉ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။ ဟာဆီဂါဝါသည် MMA ပြိုင်ပွဲတွင်
ရလဒ်ကောင်းများ ဆက်တိုက်ရထားပြီး ၁၆ ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးထားသည်။ ဟာဆီဂါဝါသည် ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က နောက်ဆုံးပွဲထိုးသတ်ထားပြီး တစ်နိုင်ငံတည်းသား ပြိုင်ဘက် ဟာရာရှီကို အနိုင်ရထားသည်။ အောင်လအန်ဆန် သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂ဝ၁၇ ခုနှစ် ဇွန် ၃ဝ ရက်က ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့်ပွဲတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူပြီး ရရှိခဲ့ခြင်းဖြစ်သည်။
လေ့ကျင့်ပြင်ဆင်နေ
အောင်လအန်ဆန်က ''ချန်ပီယံတစ်ယောက်အနေနဲ့ လာရောက် ယှဉ်ပြိုင်တဲ့သူတိုင်းကို အလဲထိုးအနိုင်ယူသွားမှာပါ၊ ချန်ပီယံဆုတွေကာကွယ်နိုင်ဖို့ အစွမ်းကုန်လေ့ကျင့်ပြင်ဆင် နေပါတယ်၊ ကျွန်တော်နဲ့ ထိုးသတ်ရမယ့် ဟာဆီဂါဝါအကြောင်း ကိုလည်း လေ့လာနေပါတယ်၊ အနိုင်ထိုးသတ်နိုင်ဖို့ ကြိုးစား နေပါတယ်''ဟု ပြောကြားခဲ့သည်။
ချန်ပီယံဆု
အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းအပြင် လိုက်ဟဲဗီးဝိတ် က္ဘာ့ချန်ပီယံဆုကိုလည်းရရှိထားပြီး ယခုနှစ် အတွင်း ချန်ပီယံဆုကာကွယ်ပွဲများ ထိုးသတ်ရမည်ဖြစ်သည်။ အောင်လအန်ဆန်သည် မြန်မာနိုင်ငံ၌ ထိုးသတ်သည့်ပွဲတိုင်း အနိုင်ရထားပြီး ချန်ပီယံဆုကာကွယ်ပွဲကိုလည်း ရန်ကုန်မြို့၌ ထိုးသတ်ရမည်ဖြစ်သောကြောင့် ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းနိုင်ဖွယ် ရှိနေသည်။
ရဲရင့်ရှိုင်း(မြန်မာ့အလင်း)
No comments:
Post a Comment