Thursday, May 24, 2018
ပန်းတနော်က ကျောင်းဆရာ/ဆရာမများ တစ်ဦးလျှင် တစ်သိန်းငါးထောင်စီ အလိမ်ခံရ
ဧရာဝတီ မေ ၂၄ရက်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ ပညာရေးဝန်ထမ်းကျောင်း ဆရာ/ဆရာမများကို ဂျပန်ချေးငွေအဖွဲ့မှ တစ်ဦးကို သိန်းငါးဆယ်စီထုတ်ချေးပေးမည်ဟုပြောဆိုကာ ကျောင်းဆရာ၊ ဆရာမတစ်ဦးကို တစ်သိန်းငါးထောင်စီ ကြိုတင်ပေးသွင်းခိုင်းပြီး တာဝန်ခံရှေ့နေဆိုသူက လိမ်ယူသွားကြောင်း ဆရာမတစ်ဦးက ထုတ်ဖော်ပြောပြသည်။
"အမျိုးသမီးနှစ်ယောက်ပါ။ ခရေကန်ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာနေ ဒေါ်ခင်သန်းက သူ့အမှုကိစ္စနဲ့ဒေါ်ဝါးဝါး ရှေ့နေ (ရန်ကုန်)ပတ်သက်ခဲ့တာပါ။ အဲ့ဒီကနေတစ်ဆင့် ဂျပန်ချေးငွေရရှိမယ်ဆိုလို့ ငွေချေးပေးမဲ့တာဝန်ခံဒေါ်ဝါးဝါး(ရှေ့နေ)က ကျမတို့ကိုဆက်သွယ်လာတာပါ"ဟု ပြောပြသည်။
"ရှေ့နေလို့လည်း မိတ်ဆက်ပါတယ်။ ဆရာ/ဆရာမတစ်ဦးကို သိန်းငါးဆယ်စီထုတ်ချေးမယ်။အတိုးက တစ်လကို ၂ ကျပ်တိုးလို့ပြောပါတယ်။ ရှေ့နေတစ်ယောက်က လုပ်ပေးတယ်ဆိုတော့ယုံကြည်ပြီး၊ ကျမက ရင်းနှီးတဲ့ ပညာရေးမိသားစုသူငယ်ချင်းတွေကို လိုက်ပြောပါတယ်။ သိန်းငါးဆယ်ငွေချေးမယ်ဆိုရင် အိမ်ထောင်စုစာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ ကြိုတင်သွင်းငွေ တစ်သိန်းငါးထောင်ပေးသွင်းရမယ်ဆို့တော့ ကျမဘက်အချမ်းက အယောက် လေးဆယ်ကျော်ပေးသွင်းကြတယ်။ တစ်မြို့နယ်လုံးဆိုရင် ခုနှစ်ဆယ်ကျော်ခန့်ရှိမယ်။ အယောက် ခုနှစ်ဆယ်ဆိုရင် သိန်းခုနှစ်ဆယ်ရှိမှာပါ။ ဆရာ၊ဆရာမတွေကို ပန်းတနော် မြို့နယ်တရားရုံးရှေ့က လက်ဖက်ရည်ဆိုင်ကိုချိန်းပါတယ်။ မြို့နယ်တရားရုံးရှေ့မှာပဲ သူတို့တောင်းဆိုတဲ့ စာရွက်တွေနဲ့အတူ ငွေတစ်သိန်းငါးထောင်စီပေးခဲ့ကြတယ်။ အခုလို တစ်လပြီးတစ်လ ကြာလာတဲ့အခါကြတော့ ဆရာ/ဆရာမတွေကပြောလည်းပြောချင်တယ်။ ပြောရမှာလည်း ကြောက်ကြတယ်။ လရှည်စောင့်ရတာ အခု ( ၁ )နှစ်ကျော်ခဲ့ပါပြီး။ ငွေပေးထားသူတွေက ကျမကို ခနခနမေးကြတယ်။ ကျမကလည်း သူတို့တွေအဆင်ပြေကြပါစေဆိုပြီး ကူညီပေးခဲ့တာ ကျမလည်းမျက်နှာပျက်ရပြီ"ဟု အမည်မဖော်လိုသူ ဆရာမတစ်ဦးကပြောပြသည်။
သိန်းငါးဆယ်ချေးပေးမယ်ဆိုပြီး ကျောင်းဆရာ/ဆရာမ များစီက ငွေတစ်သိန်းငါးထောင်စီယူးသွားသည့် ရှေ့နေ ဆိုသူ ဒေါ်ဝါးဝါးမှာ ရန်ကုန်မှာနေသည်ဟု ၄င်းကပြောပြသည်။
"ဖုန်းဆက်လို့တော့ရတယ်။ ဖုန်းနံပတ်တော့ ပြောင်းမထားဘူး။ ကျမ ဖုန်းဆက်မေးတိုင်း ငွေထုတ်ချေးမဲ့ရက်ကို ရေဒီယို/ရုပ်မြင်သံကြားသတင်းကနေ ထုတ်လွှင့်ကြေငြာပေးပါ့မယ်။ ဒီကိစ္စတွေကို အစိုးရက ကိုင်တွယ်တာပါ။ အစိုးရနဲ့ပဲ ဆိုင်ပါတယ်လို့ ဒေါ်ရီရီဆွေ (ဗိုလ်ကြီးဇနီး)ဆိုသူ ရန်ကုန်ကပြန်ဖြေပါတယ်။ ကျမတို့လည်း အလိမ်ခံနေရပြီလို့ ရိပ်မိနေပေမဲ့ ရနိုးရနိုးနဲ့ပဲစောင့်နေမိတယ်။ အလိမ်မိနေပါပြီ။ ကျမတို့ကို အကူအညီပေးမဲ့သူကိုပဲ ကြိုဆိုပါတယ်"ဟု ငွေချေးရန်တစ်သိန်းငါးထောင်ပေးသွင်းခဲ့တဲ့ ဆရာမတစ်ဦးက ဆက်လက်ပြောပြသည်။
သိန်းငါးဆယ်စီထုတ်ချေးပေးမဲ့ တာဝန်ခံရှေ့နေဆိုသူက ၂၀၁၇ ခုနစ်၊ နိုဝင်ဘာလ ၊နှစ်မကုန်ခင်ထုတ်ပေးမယ်ဆိုလို့ နောက်မကျစေရန် နိုဝင်ဘာလတွင် ပန်းတနော်မြို့နယ် တရားရုံးရှေ့မှာ ကျောင်းဆရာ/ဆရာမ ခုနှစ်ဆယ်ကျော်တို့က တစ်ယောက် တစ်သိန်းငါးထောင်စီနဲ့ သိန်းခုနှစ်ဆယ်ကျော်ပေးလိုက်ကြောင်း သိရသည်။
မောင်ချစ်ဦး(ပန်းတနော်)
The Public Image
ပန်းတနော်က ကျောင်းဆရာ/ဆရာမများ တစ်ဦးလျှင် တစ်သိန်းငါးထောင်စီ အလိမ်ခံရ
Reviewed by timeayeyar
on
9:14 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment