Latest News

Sunday, May 27, 2018

မွန်ဂျေးအင်နှင့် ကင်ဂျုံအွန်တို့ ပန်မွန်ဂျုံကျေးရွာ၌ ဒုတိယအကြိမ် တွေ့ဆုံ

မွန်ဂျေးအင်နှင့် ကင်ဂျုံအွန်တို့ ပန်မွန်ဂျုံကျေးရွာ၌ ဒုတိယအကြိမ်
တွေ့ဆုံ

ဆိုး မေ ၂၆

တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် စစ်မဲ့ဇုန်ရှိ ပန်မွန်ဂျုံကျေးရွာ၌ မေ ၂၆ရက် ညနေပိုင်းတွင် တွေ့ဆုံကြောင်း တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ထားသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဧပြီ ၂၇ရက်တွင် ရရှိခဲ့သည့် ပန်မွန်ဂျုံ ကြေညာချက်ကို အကောင်အထည် ဖော်ရေးအတွက် ၄င်းတို့၏ အတွေးအမြင်များကို ပွင့်လင်းစွာ ဖလှယ်ကြကြောင်းနှင့် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးခြင်းဖြစ်ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ၄င်းတို့နှစ်ဦး၏ တွေ့ဆုံမှု အခြေအနေများကို မေ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီမှသာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မွန်ဂျေးအင်၏ ပြောရေးဆိုခွင့်ရှိသူ ယွန်းယောင်ချန်းက ပြောသည်။ မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့်အခြေအနေ မတင်မကျဖြစ်နေချိန်တွင် ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များက ယခုကဲ့သို့ ဒုတိယအကြိမ်တွေ့ ဆုံခြင်း ဖြစ်သည်။

အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို ဇွန် ၁၂ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသော်လည်း မြောက်ကိုရီးယား၏ ဒေါသကြီးမားမှုနှင့် ရန်လိုမှုတို့ကြောင့် ထိုဆွေးနွေးပွဲကို ဖျက်သိမ်းကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ထားသည်။

မွန်ဂျေးအင်နှင့် ကင်ဂျုံအွန်တို့သည် ဧပြီ၂၇ ရက်တွင် နှစ်နိုင်ငံအကြား သမိုင်းဝင်တွေ့ဆုံမှု အဖြစ် ပန်မွန်ဂျုံကျေးရွာ၌ တွေ့ဆုံပြီး ပူးတွဲကြေညာချက်ကို လက်မှတ်ထိုးခဲ့သည်။ ထိုပူးတွဲ ကြေညာချက်တွင် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား ကင်းစင်ရေးအတွက် နိုင်ငံတကာ၏ လုပ်ဆောင်မှုများကို ထောက်ပံ့ရန်နှင့် ကွဲကွာနေသော ကိုရီးယား မိသားစုဝင်များကို ပြန်လည်ပေါင်းစည်းပေးရေး အစီအစဉ်များ အကောင်အထည် ဖော်ရန်တို့ ပါဝင်သည်။

ကိုရီးယားခေါင်း ဆောင်နှစ်ဦး၏ အဆိုပါတွေ့ဆုံမှုပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment