Latest News

Tuesday, May 29, 2018

သဘာဝမှိုများ အထွက်များလာသဖြင့် မှိုနုတ်သူနှင့် ရောင်းချသူများ အဆင်ပြေ

သဘာဝမှိုများ အထွက်များလာသဖြင့် မှိုနုတ်သူနှင့် ရောင်းချသူများ အဆင်ပြေ

ပြင်ဦးလွင် မေ ၂၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အတွင်း မိုးအကြိမ်ကြိမ် ရွာသွန်းသဖြင့် ကျေးလက်ဒေသများ၌ သဘာဝမှိုများ ထွက်ရှိလာရာ ကျေးလက်နေ မှိုနုတ်သူများ အပိုဝင်ငွေ ရရှိသည့်အပြင် မြို့ပေါ်မှ မှိုရောင်းချသူများလည်း အဆင်ပြေလျက်ရှိကြောင်း မှိုရောင်းချသူများထံမှ သိရသည်။

ပြင်ဦးလွင်မြို့နယ် အတွင်း ကျေးလက်ဒေသ အသီးသီး၌ သဘာဝမှိုများ ဖြစ်သည့်မှိုနီ၊ ဖက်ဆွတ်မှိုနှင့် တောင်ပို့မှိုများ ထွက်ရှိသည်။ မှိုနီ၊ ဖက်ဆွတ်မှိုနှင့် တောင်ပို့မှိုများမှာ မေလဆန်းမှစ၍ ထွက်ပြီး ဖက်ဆွတ်မှိုနှင့် တောင်ပို့မှိုမှာ အထွက်များ၍ ဇူလိုင်လကုန်အထိ ထွက်ကြောင်း၊ မှိုနီမှာ အထွက်နည်းပြီး အောက်တိုဘာ လကုန်အထိ ထွက်ရှိကြောင်း၊ သြဂုတ်လဆန်းမှစ၍ မှိုစိမ်းများ ထွက်ပြီး အောက်တိုဘာလကုန်အထိ ထွက်ရှိကြောင်း သိရသည်။ ပြင်ဦးလွင်မြို့ပေါ်၌ ဦးခန္တီဘုရား မုခ်ဦးပေါက်အနီး၊ မန္တလေး - လားရှိုးသွား ကားလမ်း၏ ဘေးဝဲယာနေရာတို့၌ မှို ဈေးတန်းအဖြစ် မှိုပေါက်သော ရာသီတွင် ရောင်းချလေ့ရှိပြီး မှိုဈေးတန်းအဖြစ် ရောင်းချနေကြသည်မှာ ၁၅ နှစ်ခန့်ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

'' ခရီးသွားတွေက မှိုတွေကို တစ်ခါဝယ်ရင် ပိဿာချိန် ၂ဝ ကနေ ပိဿာ ၁ဝဝအထိဝယ်ကြတယ်။ မှိုတွေကို ကြော်ထားပြီး နှစ်ပေါက်စားကြတယ်လို့ သိရတယ်။ မှိုကြော်တဲ့အခါ တရုတ်မဆလာ၊ ကြာညို့၊ ဆားအနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ် ထည့်ပြီး နယ်ရတယ်။ ပြီးရင် ရေခန်းတဲ့အထိ မီးအေးအေးနဲ့ပြုတ်ရတယ်။ ရေခန်းတာနဲ့ ဆီထည့်ပြီး ကြော်ရတယ်။ ဒီနည်းက မှိုဝယ်တဲ့သူတွေ ဆီက ရတာ။ စားလို့ သိပ်ကောင်းတာပဲ''ဟု ဒေသခံတစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်သန်း ကပြောသည်။

ယခုအခါ မှိုနီတစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ၊ တောင်ပို့မှို တစ်ပိဿာလျှင် ငွေကျပ် ၁၂ဝဝဝ၊ ဖက်ဆွတ်မှိုတစ်ပိဿာလျှင် ငွေကျပ် ၁၃ဝဝဝ ရှိပြီး မှိုဝင်ရောက်မှု အနည်းအများ ပေါ်မူတည်၍ ဈေး အတက်အကျ ရှိကြောင်းသိရသည်။

MWD

No comments:

Post a Comment