Latest News

Wednesday, May 2, 2018

နာဂစ်ကပေးသောသင်ခန်းစာ - ​ဆောင်းပါး

နာဂစ်ကပေးသောသင်ခန်းစာ - ​ဆောင်းပါး


မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်ကျရောက်မှုသမိုင်းတွင် အသက်ဆုံးရှုံးမှုအများဆုံး၊ ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ် ခဲ့ရသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးကျရောက်ခဲ့သည်မှာ ၁ဝ နှစ်ပင်ပြည့်ခဲ့လေပြီ။ နာဂစ်ကြောင့်ရရှိ ခံစားခဲ့ရသော သောကဝေဒနာများသည် ပျောက်ကွယ်လု ရှိနေသော်လည်း မေလဆန်းစ မိုးလေသံသဲ့သဲ့ကြား လိုက်တိုင်း ဖြေမဆည်နိုင်အောင် တမြည့်မြည့်ခံစားနေရ သေးသည်ကား ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်း ပေါ်ဒေသမှပြည်သူများပင်ဖြစ်သည်။

''မုန်တိုင်းလာပြီး ရေက ပေ ၂ဝ ကျော်လောက်တက် လာတယ်၊ အိမ်ကပြိုပြီး ရေထဲပါသွားတယ်၊ သမီး နှစ်ယောက်ကို ချီပြီးရေကူးခဲ့ရတယ်၊ လှိုင်းကပြင်းတော့ သမီးတစ်ယောက်သေဆုံးသွားခဲ့တယ်၊ နောက်တစ်ယောက် ကိုချီပြီး ရေထဲအကြာကြီး မျောနေတယ်၊ သစ်ပင်တစ်ပင် ကိုတွေ့လို့လှမ်းဆွဲထားလိုက်တယ်၊ မုန်တိုင်းငြိမ်လို့ လက်ထဲက ကလေးကိုကြည့်တော့ သေဆုံးနေပြန်တယ်၊ မိန်းမနဲ့မိဘတွေကတော့ အစကတည်းကမျောသွားတယ်၊ အခုတော့ ကျွန်တော်တစ်ယောက်တည်းပဲကျန်ခဲ့တယ်''

ကြိုတင်ပြင်ဆင်မှု

မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ရသည့် လပွတ္တာ
မြို့နယ်တွင် ၂ဝဝ၈ ခုနှစ် မေ ၂ ရက် မွန်းလွဲ ၂ နာရီ လောက်မှစပြီး လေပြင်းများတိုက်ကာ ပေ ၂ဝ ကျော်သည့်
လှိုင်းလုံးကြီးများက နေအိမ်နှင့်အဆောက်အအုံ များစွာ ကို လွှမ်းမိုးသွားခဲ့သည်။ ထို့အပြင် လပွတ္တာ၊ ငပုတော၊ မြောင်းမြ၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ ကျိုက် လတ်၊ မအူပင်၊ ဒေးဒရဲနှင့် ကွမ်းခြံကုန်း စသည့်မြို့နယ်
များရှိ ကျေးရွာမြောက်မြားစွာ နစ်မြုပ်ပျက်စီးခဲ့ရသည်။

မုန်တိုင်းကိုမရင်ဆိုင်ဖူးသည့် ရန်ကုန်မြို့တော်သူမြို့ တော်သားများကမူ အေးအေးဆေးဆေးပင် အသွား အလာမပျက်။ ညနေစောင်းသည်နှင့် လေတိုက်နှုန်းက ပြင်းထန်လာသည်။ ထုထည်ကြီးမားသောသစ်ပင်ကြီး များ၊ လျှပ်စစ်မီးတိုင်များ လဲပြိုကျကာ လမ်းများပိတ်ဆို့ သွားသည်။ အိမ်မိုးသွပ်များလန်ကာ လမ်းမများပေါ်တွင် လွင့်ပျံနေသည်။ တစ်ညလုံးမိုးလင်းသည်အထိ လေပြင်း မွှေနှောက်မှုဒဏ်ကို ဆိုးဆိုးရွားရွားခံစားရသည်။ မေ ၃ ရက် နံနက်တွင် တစ်မြို့လုံးနီးပါး အပျက်အစီး အတုံး အရုံးနှင့် သွားမရ လာမရ မြို့ပျက်ကြီးသဖွယ်ကျန်ရစ် သည်။ ရန်ကုန်မြစ်တွင်းရှိ ဆိပ်ခံဗောတံတားများ၊ သင်္ဘောများလည်းအတုံးအရုံးနှင့် နစ်မြုပ်သည်ကမြုပ်၊ ကမ်းတင်သည်ကတင်ဖြင့် ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့သည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြို့နယ် ၃၇ မြို့နယ်တွင် လူဦးရေ ၂၄ သိန်းခန့်ထိခိုက်ခံစားခဲ့ရသည်။ သေဆုံးသူဦးရေ ၁၃၈၃၆၆ဦး ရှိခဲ့ပြီး အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းသမိုင်းတွင် ငါးခုမြောက် အသေအပျောက် အများဆုံးအဖြစ် မှတ်တမ်းတင်ခဲ့သည်။ ပျက်စီးဆုံးရှုံး မှု ၁၂ ဒသမ ၉ ဘီလီယံရှိခဲ့သည်။

အဘယ်ကြောင့် အပျက်အစီးအသေအပျောက်များခဲ့ ရသနည်း။ ဘေးဒုက္ခစီမံခန့်ခွဲရေးလုပ်ငန်းတွင် မဖြစ်မီက ကြိုတင်ပြင်ဆင်ခြင်း၊ ဖြစ်ပွားစဉ် တုံ့ပြန်ခြင်းနှင့် ဖြစ်ပွား ပြီးနောက် ပြန်လည်ထူထောင်ခြင်းဆိုသည့်  အစီအစဉ် များကိုရေးဆွဲထားကြသည်။  ယင်းကို  သက်ဆိုင်ရာ အစိုးရကသာမက ပြည်တွင်း၊ ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများကပါဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံ သည် နှစ်စဉ်သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန် တိုင်းဒဏ်၊ ရေလွှမ်းမိုးခြင်းဒဏ်ကို ခံစားရစမြဲဖြစ်သည်။ ပင်လယ်ကမ်းနှင့် နီးကပ်စွာနေထိုင်သူများ၊ အထူးသဖြင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်နှင့်တနင်္သာရီကမ်းရိုးတန်းဒေသခံများသည် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ် အော်တို့မှဖြစ်ပေါ်သည့် မုန်တိုင်းဒဏ်ကို အကြိမ်ကြိမ် ခံစားခဲ့ဖူးကြသည်။ သို့အတွက် ကြိုတင်ပြင်ဆင်မှုအနည်း အများဆိုသလိုရှိကြသည်။ လူထုအနေဖြင့်လည်း သတိ တရား ရှိထားကြသည်။

သူ့ကိုကိုယ်မကယ်နိုင်၊ ကိုယ့်ကိုသူမကယ်နိုင်

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည် ပြင်းထန်သော မုန်တိုင်းဖြစ်မည်ကို သူတို့သတိမမူခဲ့ကြသည်လား။ သတင်းစကား၊  သတိပေးစကားကို မရရှိခဲ့သည်လား။  မုန်တိုင်းတစ်ခုစတင်ဖြစ်ပေါ်ရန်အစပျိုးသည်မှ သက် ဆိုင်ရာမိုးလေဝသဌာနသည် လူထုသို့ သတင်းစကား ထုတ်ပြန်လေ့ရှိသည်ကိုတွေ့ရသည်။ သို့သော်လည်း လူထုအနေနှင့် သာမန်ဖြစ်နေကျ   မုန်တိုင်းအဆင့်ဟု ထင်ကာ    ပေါ့ပေါ့တန်တန်  နေခဲ့ကြသည်။   ကြိုတင် ပြင်ဆင်မှု မလုပ်ထားကြ။ ထိုအချိန်က ယခုကဲ့သို့ အင်တာနက်၊ ဖေ့စ်ဘုတ်မရှိကြ။ သာမန်ကြိုးဖုန်းနှင့် ဆယ်လူလာဖုန်းသာရှိခဲ့သည်။ ရေဒီယိုတော့ရှိသည်။ ဂရုတစိုက်နားမထောင်ဖြစ်၊ ရွှေ့ပြောင်းမည့် အစီအစဉ်၊ နေရာ၊ လမ်းကြောင်း၊ စုရပ်သတ်သတ်မှတ်မှတ် မစီစဉ် ထားကြ။ ထိုသို့ပြုလုပ်ရန် အစိုးရအနေဖြင့်ကြပ်ကြပ် မတ်မတ် လမ်းညွှန်မှု၊ ထောက်ပံ့မှုမပေးနိုင်ခဲ့ပါ။ ကြိုတင် ပြင်ဆင်မှုနှင့် ကြိုတင်သတိပေးမှုအားနည်းခဲ့သည်။

မုန်တိုင်းတိုက်ခတ်နေချိန်သည် သူ့ကိုကိုယ်မကယ်နိုင် ကိုယ့်ကိုသူမကယ်နိုင်ဖြစ်ရသည်။ အသက်ဘေးမှ လွတ် အောင် ရုန်းကန်နေရသည့်အချိန်ဖြစ်သည်။ ကြိုတင် ပြင်ဆင်မထားခဲ့သည့်အတွက် ပြေးလမ်းမသိ၊ အထောက် အကူပစ္စည်းမရှိ၊ ကယ်ဆယ်မည့်သူမရှိ၊ နားခိုရာမရှိဖြစ်ခဲ့ သည်။ လေပြင်းထန်မှု၊ ရေလှိုင်းကြီးများတိုးဝင်လာမှုသည် လူ့အသက်နှင့်စည်းစိမ်ပစ္စည်းဥစ္စာ၊ လုပ်ငန်းဆောင်တာ များကို မကာကွယ်နိုင်ဘဲစွန့်လွှတ်ကြရသည်။ မြို့ရွာ၏အခြေခံအဆောက်အုံအများဖြစ်သော ဆက်သွယ်ရေးစနစ်၊ မီး၊  ရေတွင်း၊  ရေကန်၊  ကျန်းမာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ လမ်း၊ တံတားစသည်တို့ ပျက်စီးဆုံးရှုံး သွားရသည်။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည် လေ တိုက်နှုန်း တစ်နာရီ မိုင် ၁၅ဝ ကျော်ဖြင့် မွှေနှောက် ဖျက်ဆီးသွားခဲ့သည်။

မသေသင့်သူများသေဆုံးခဲ့ရ

မုန်တိုင်းစဲပြီးနောက် ကြီးမားကျယ်ပြန့်သော ဧရိယာ အတွင်းမှ   မုန်တိုင်းဒဏ်ခံစားခဲ့ရသည့်   လူသားတို့ အတွက် ချက်ချင်းကယ်ဆယ်ရေးမလုပ်နိုင်ခဲ့ကြ။ လူ၊ ယာဉ်၊ ကျွမ်းကျင်မှု၊ နည်းပညာ၊ အထောက်အကူပစ္စည်း မရှိ၊ ဖြစ်ပွားရာဒေသသို့ သွားရောက်ရန် ခွင့်ပြုချက်မပေး၊ သွားရောက်ကယ်ဆယ်ရေးလုပ်သူများအား တားမြစ် ဖမ်းဆီး၊ သတင်းရရှိမှုမရှိ၊ သတင်းဖော်ပြခွင့်မပေးစသည့် အခြေအနေများကြောင့် မသေသင့်သူများသေဆုံးခဲ့ရ သည်။ ထိုအချိန်က လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ များ မရှိသေးသည့်အတွက် ဆန္ဒရှိသူများစုစည်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့ကြသည်။ စေတနာရှင်များ အသင်းအဖွဲ့များသည် ဖြစ်ပွားရာဒေသများသို့ အစားအသောက်၊   အသုံး အဆောင်ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြ
သည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသင့်သူများအတွက် ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ပြည်ပနိုင်ငံများက ထောက်ပံ့မှု များစွာကိုပေးပို့လှူဒါန်းခဲ့သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အလှူပစ္စည်းများပေးပို့သော လေ ယာဉ်များမှာ နေ့စဉ်ရောက်ရှိလာခဲ့သည်။ အစိုးရအချင်း ချင်း ထောက်ပံ့ပစ္စည်းများပေးပို့သလို၊ ကုလသမဂ္ဂ၊ ကြက်ခြေနီ၊   နိုင်ငံတကာအင်န်ဂျီအိုများမှ  ပေးပို့သော ထောက်ပံ့ပစ္စည်းများကို   လက်ခံရရှိသည်။  အစား အသောက်၊  ဆေးဝါး၊  ရေသန့်၊  အဝတ်အထည်၊ တစ်ကိုယ်ရေသုံးပစ္စည်း၊ တာပေါ်လင်၊ အိမ်ဆောက် ပစ္စည်း၊ ရွက်ဖျင်တဲများစသည့် အမျိုးအမည်ပေါင်း များစွာရရှိခဲ့သည်။ နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများမှာ အများဆုံး လေကြောင်းဖြင့် ရောက်ရှိလာသည်။

ထောက်ပံ့ကယ်ဆယ်ရေးပစ္စည်းများမှာအလွန်များ ပြားသည့်အတွက် သိုလှောင်ထားရှိရေးနှင့် ဖြစ်ပွားရာ ဒေသသို့ ပို့ဆောင်ရေးမှာ အခက်အခဲရှိသည်။ သိုလှောင် ရုံများ မလုံလောက်ခြင်း၊ ကုန်တင်မော်တော်ယာဉ်ကြီး များကို ငှားရမ်းရခြင်း၊ သယ်ပို့မည့် လူအင်အားများရှာဖွေ ရခြင်း၊ လောဂျက်စတစ် ခေါ် သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရေး၊ ဖြန့်ဖြူးရေး၊ ဝယ်ယူရေးစသည့် နည်း ပညာဆိုင်ရာကျွမ်းကျင်မှုအားနည်းချက်များရှိခဲ့သည်။ လူ့အသက်ကယ်တင်ရေးသည် အရေးကြီးသော ကိစ္စ ဖြစ်သော်လည်း ရက်အနည်းငယ်ကြာသည်ထိ ဒုက္ခသည် များထံ ကယ်ဆယ်ရေးပစ္စည်းများရောက်ရှိမှုအားနည်းခဲ့သည်။

သင်ခန်းစာ များစွာရရှိခဲ့

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကျရောက်ခဲ့ပြီးနောက် တုံ့ပြန်ရေးနှင့်  ပြန်လည်ထူထောင်ရေး  လုပ်ငန်းများ တွင် ပြည်ပမှကျွမ်းကျင်ပညာရှင်များ၏အခန်းကဏ္ဍသည်လည်းအရေးပါခဲ့သည်။ ပြည်ပမှရောက်ရှိလာသော ရွက်ဖျင်တဲများ၊ ရေသန့်စက်များ၊ ရေကန်များတည် ဆောက်ရာတွင် မိမိနိုင်ငံအတွင်း ကျွမ်းကျင်သူမရှိသည့် အတွက် ပြည်ပမှကျွမ်းကျင်သူများကိုခေါ်ယူခဲ့ရသည်။ အန်ဂျီအိုအဖွဲ့များမှတုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင် ရေးတို့အတွက် ပြည်ပမှနိုင်ငံခြားသားကျွမ်းကျင်သူများ ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။ အဆောက်အအုံဆောက် လုပ်ရေးကျွမ်းကျင်သူ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ကျွမ်းကျင်သူ၊      ရေနှင့်    သန့်ရှင်းရေးကျွမ်းကျင်သူ၊ ထောက်ပံ့ပို့ဆောင်ရေးကျွမ်းကျင်သူ၊ စီမံချက်လုပ်ငန်း
ကျွမ်းကျင်သူ စသဖြင့်  လုပ်ငန်းအလိုက်  လုပ်ကိုင်ခဲ့ကြ သည်။

ဘေးအန္တရာယ်ကျရောက်ခြင်းသည် ပျက်စီးဆုံးရှုံးမှုရှိ သကဲ့သို့   အခွင့်အလမ်းလည်းဖြစ်ပေါ်သည်။   နစ်နာ ဆုံးရှုံးမှုအတွက်   ဝမ်းနည်းကြေကွဲရသလို  ပြန်လည် ထူထောင်ရာတွင် အခွင့်အလမ်းတစ်ရပ်အဖြစ်  ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွက်      နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ခဲ့မှုမှ သင်ခန်းစာနှင့် သင်ယူမှုများစွာရရှိခဲ့ သည်။ ယင်းသင်ခန်းစာနှင့် သင်ယူမှုရရှိသောရလဒ်များ သည် အစိုးရအတွက်သော်လည်းကောင်း၊ အဖွဲ့အစည်း များအတွက်သော်လည်းကောင်း၊ လူပုဂ္ဂိုလ်များအတွက် သော်လည်းကောင်း ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှု၊ ဘေးအန္တရာယ်တုံ့ပြန်ကယ်ဆယ်မှုနှင့်ဘေးအန္တရာယ် ပြန်လည်ထူထောင်မှုအတွက် များစွာအထောက်အကူဖြစ်လျက်ရှိနေပြီဖြစ်သည်။    

တက္ကသိုလ်ဇော်ထူးဦး(​ကြေးမှုံ)

No comments:

Post a Comment