အမှိုက်ပုံမီးနှင့်ပတ်သက်၍ အလွယ်တကူပျက်စီးနိုင်ခြင်းမရှိသော
အမှိုက်များ အလေးထားလျှော့ချရန်လိုအပ်
ရန်ကုန် မေ ၁
ဧပြီ ၂၁ ရက်မှစတင်ခဲ့သော လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံမှ မီးခိုးထွက်ရှိနေခြင်းကို မေ ၂ ရက်တွင် နောက်ဆုံးထား ငြှိမ်းသတ်နိုင်သည့် အနေအထားအဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး မေ ၃ ရက်တွင် စောင့်ကြည့် အဆင့်သို့ လျှော့ချနိုင်မည်ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက ပြောကြားသည်။
ရက်အနည်းငယ်အတွင်း မီးလောင်မှုကို မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း မီးခိုးများထွက်ရှိမှု များပြားနေခြင်းကို ထိုင်းနိုင်ငံမှ မှာယူတင်သွင်းလာသောBio Foamဆေးရည်များကို မီးခိုးထွက်ရှိရာ နေရာများတွင် ထိုးသွင်းပက်ဖျန်းနေ ခြင်းကို လုပ်ဆောင်ခဲ့သည်။ ယင်းအမှိုက်ပုံကို ဇုန်လေးဇုန်ခွဲခြားသတ်မှတ်ပြီး ဧပြီ ၂၉ ရက်တွင် ဇုန် A ၊ ဧပြီ ၃ဝ ရက်တွင် ဇုန် B တွင်လုပ်ဆောင်ခဲ့သည်။ မေ ၁ ရက်တွင် ဇုန် C၊ မေ ၂ ရက်တွင် ဇုန် D တို့ကို ဆက်လက်ငြှိမ်းသတ် လုပ်ဆောင်မည်ဖြစ်ရာ မေ ၃ ရက်မှစ၍ ယင်းအမှိုက်ပုံမီးလောင်မှုကို level 5 အဆင့်သတ်မှတ်ထားရာမှlevel 1 အဆင့်သို့ လျှော့ချသွားနိုင်မည်ဟု ဦးမြတ်သူက ပြောကြားသည်။ ဇုန်လေးဇုန်ထဲမှ အဓိကအကျဆုံးနှင့် မီးလောင် မှုထုထည်အကြီးမားဆုံး ဇုန် Bကို ညနေ ၄ နာရီမှစတင်၍ ငြှိမ်းသတ်ရေး လုပ်ဆောင်ခဲ့ရာ ည ၇ နာရီခွဲဝန်းကျင်တွင် ယင်းဇုန်အတွင်းရှိ အမှိုက်ပုံထိပ် တစ်လျှောက် မီးသတ်တပ်ဖွဲ့ဝင်များသည် မိမိတို့နှင့် တစ်ပါတည်းလိုက်ပါ ကူညီလုပ်ဆောင်ပေးနေသော တပ်မတော်သားများနှင့်အတူ ရောက်ရှိ ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဦးမြတ်သူက ပြောကြားသည်။
အမှိုက်ပုံများသည် မြေပြင်အထက် အမြင့် ၁၅ ပေဝန်းကျင်ရှိပြီး မြေပြင် အောက်အနက် ၁ဝ ပေ ရှိသည်ဟု သိရသည်။ အခက်အခဲဆုံး ဇုန် B ကို အောင်မြင်စွာဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဇုန် C နှင့် D ကို လုပ်ကိုင် ဆောင်ရွက်ရာ အခက်အခဲနည်းပါးမည်ဟုဆိုသည်။ ယင်းအမှိုက်ပုံမီးသည် စုပေါင်းအင်အားများဖြင့် ၁၂ ရက်အကြာတွင် ငြှိမ်းသတ်ပြီးစီးနိုင်မည်ဟု သိရသည်။
သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅၅၁ ဦး၊ အမျိုးသမီးတပ်ဖွဲ့ဝင် ၄ဝ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်၂၁၅ ဦး၊ တပ်မတော်သား ၁၆ဝ၊ ရဲတပ်ဖွဲ့ဝင်၂၂၅ ဦး၊ စည်ပင်ဝန်ထမ်း ၄ဝဝ အပါအဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ဆည်မြောင်းဝန်ထမ်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊NGO အဖွဲ့များမှ ပုဂ္ဂိုလ်များစုစုပေါင်း ၂ဝဝဝ ဝန်းကျင်ဖြင့် ထိန်ပင်အမှိုက်ပုံမီးကို ငြှိမ်းသတ်ဆောင်ရွက်ခဲ့သည်ဟု တာဝန်ရှိသူများထံမှ သိရသည်။ စေတနာ ရှင်ပြည်သူများက အဖွဲ့အစည်းအလိုက်အပြင် တစ်ဦးချင်းလာရောက်လှူဒါန်းမှု များရှိရာ မြို့နယ်ထွေအုပ်နှင့် မြို့တော်စည်ပင်ပူးပေါင်းအဖွဲ့သည် ထိန်ပင်သုသာန်ဝင်းအတွင်းတွင်လည်းကောင်း၊ မီးသတ်တပ်ဖွဲ့သည် မြစိမ်းရောင်ဝင်ပေါက်အနီးတွင်လည်းကောင်း ဖွင့်လှစ် လက်ခံနေသည်ကို မြင်တွေ့ရသည်။
ထွေအုပ်နှင့် မြို့တော်စည်ပင် ပူးပေါင်းအလှူခံပစ္စည်းလက်ခံရာနေရာ သို့ ပြည်သူများက ယနေ့အထိ ငွေသား ၁၄၇ သိန်း အပါအဝင် မီးလောင်ပြင် တွင် လိုအပ်သောရေသန့်၊ အားဖြည့်အချိုရည်၊ ပဲနို့၊ အဝတ်အစား၊ တဘက်၊ နှာခေါင်းစည်း၊ ခြင်ဆေးဘူး စသည့် အသုံးအဆောင်များ၊ လည်ရှည်ဖိနပ်ရှည် များပါ လာရောက်လှူဒါန်းသည်ဟု မြို့တော်စည်ပင် ပတ်ဝန်းကျင်ထိမ်းသိမ်း ရေးနှင့် သန့်ရှင်းမှုဌာန ဒုတိယဌာနမှူး ဦးအောင်မြင့်မော်က ပြောကြားသည်။ မီးစတင်လောင်သည့် ဧပြီ ၂၁ ရက်မှ ၂၅ ရက်အထိ မီးလောင်ရာသို့ လာရောက်ကူညီလုပ်ဆောင်ပေးနေသူများအား နံနက်စာနှင့် ညစာထမင်းဟင်း အပြင် နေ့လယ်စာပါ မြို့တော်စည်ပင်က အကုန်အကျခံကာ ကျွေးမွေးခဲ့ပြီး ဧပြီ ၂၆ ရက်မှ မေ ၁ ရက်အထိ ပြည်သူများလှုဒါန်းသော အလှူငွေမှ ကျွေးမွေးသည်ဟု ယင်းပုဂ္ဂိုလ်က ပြောကြားသည်။
မီးလောင်သည့်ရက်အတွင်း ရန်ကုန်မြို့တွင်းမှ နေ့စဉ်ထွက်ရှိနေသော အမှိုက်များကို အသုံးမပြုရသေးသော မြစိမ်းရောင်ဘက်ခြမ်းတွင် စုပုံနေသည် ဟုသိရသည်။ ထိန်ပင်အမှိုက်ပုံ မီးလောင်သည့်ဖြစ်စဉ် ၁ဝ ရက်ဝန်းကျင်ကြာမြင့် သောကာလအတွင်း ရန်ကုန်မြို့တွင်း ကြီးမားသောမီးလောင်ခြင်း မဖြစ်ပွား သည်မှာ လွန်စွာကံကောင်းပြီး မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အမှိုက်ပုံမီးကို အလေးထား ငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်ခဲ့သော အမှိုက်ပုံတွင် လွယ်လင့် တကူ ချေဖျက်ပျက်စီးနိုင်ခြင်းမရှိသော ကြွပ်ကြွပ်အိတ်မျိုးစုံ၊ ဖော့ဘူးမျိုးစုံများ မြင်တွေ့နေရရာ ကြွပ်ကြွပ်အိတ်၊ ဖော့ဘူး သုံးစွဲခြင်းအပေါ် အလေးထား လျှော့ချရန် လိုအပ်နေပြီဟု ထိန်ပင်အမှိုက်ပုံမီးက ညွှန်ပြနေသည်ဟု သွားရောက်ခဲ့သူ ပြည်သူတစ်ဦးကဆိုသည်။
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)သတင်း-မောင်စေအောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment