Latest News

Wednesday, May 2, 2018

ဗုဒ္ဓတစ်ထောင် အကောက်တောင်သို့

ဗုဒ္ဓတစ်ထောင်     အကောက်တောင်သို့


ထုံးဘိုမြို့ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကို စက်လှေဖြင့် ၁၅ မိနစ်ခန့် ဆန်တက်သွားလျှင် ပထမဆုံးမြင်တွေ့ရသည်ကား ပဲခူးတိုင်းဒေသကြီး   နယ်နိမိတ်တွင်  တည်ထားသည့် တိုင်းဦးစေတီဖြစ်သည်။ ထို့နောက်သဘာဝကျောက်နံရံတွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့်   ဗုဒ္ဓရုပ်ပွားတော် အဆူဆူကို ဧရာဝတီမြစ်ပြင်ကြီးထဲမှ ရှူမငြီးဖွယ် ဖူးမြင် နိုင်ပြီဖြစ်သည်။ ထိုနေရာသည်ကား ကျွန်မတို့ မြန်မာနိုင်ငံ တွင် အကောက်တောင်ဟု ဂုဏ်သတင်းကြီးသည့်  နေရာ ဌာနပင် ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးနှင့်  ဧရာဝတီတိုင်းဒေသကြီးကို ပန်းတောချောင်းဖြင့် နယ်နိမိတ်ခြားထားပြီး ကုန်းလမ်းဖြင့် သွားပါက ထိုချောင်းကိုဖြတ်၍ဆောက်လုပ်ထားသော အာဆီယံတံတားကို ဖြတ်ပြီး သွားကြရသည်။

အဆိုပါ   နယ်နိမိတ်ကို      ဖြတ်ကျော်ပြီးပါက ''ကြိုဆိုပါ၏ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်''   ဆိုသည့် ဆိုင်းဘုတ်က တောင်ထိပ်မှခရီးဦးကြိုလျက်   ရှိသည်။ ထို့နောက် တောင်ကမ်းပါးယံတွင် ကိန်းဝပ်စံပယ်တော်မူ နေကြသည့်  ဗုဒ္ဓရုပ်ပွားတော်များကို  ထပ်မံဖူးမြော်ခွင့် ရပြီးနောက် ဧရာတိုင်းအစ အကောက်တောင်ကဆိုသည့် ဗုဒ္ဓတစ်ထောင်အကောက်တောင်ကို  ရောက်ရှိလို့လာပါ သည်။ ဗုဒ္ဓတစ်ထောင် အကောက်တောင်သည် ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး  နယ်စပ်အတွင်း ဧရာဝတီမြစ်ကမ်းထိပ် ဧရာဝတီတိုင်းဒေသကြီး ကြံခင်း မြို့နယ်အတွင်းတည်ရှိပြီး ပုသိမ်-မုံရွာလမ်းမကြီးအနီး  ထုံးဘိုမြို့မှတစ်ဆင့် သွားရောက်နိုင်သည်။  ကြံခင်းမြို့မှ တစ်ဆင့်လာရောက်ပါက တောင်ပေါ်အရောက် ၁၆ မိုင်ခန့် ဝေးကွာသည်။

ပြည်မြို့မှ လာမည်ဆိုပါက နဝဒေးတံတားကြီးကို ဖြတ်၍   ကား၊ ဆိုင်ကယ်တို့ဖြင့် နှစ်နာရီနီးပါးခန့်မောင်း ရုံဖြင့် ထုံးဘိုမြို့သို့ရောက်ရှိမည်ဖြစ်သည်။ ''ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုရှေးဟောင်းဘုရား ဗုဒ္ဓတစ်ထောင် အကောက် တောင် ထုံးဘိုမြို့''ဆိုသည့်   အဝင်မုခ်ဦးလမ်းအတိုင်း သွားပါက ထုံးဘိုမြစ်ဆိပ်သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် အကောက်တောင်သို့   စက်လှေတစ်စင်းလျှင်    ကျပ် တစ်သောင်းခွဲ  ပေးရသည်။    စက်လှေတစ်စင်းကို လူအယောက် ၂ဝ တင်ဆောင်ခွင့်ရှိပြီး ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဘုရားများသမိုင်းနှင့်  အကောင်တောင်တော် တစ်လျှောက်ရှိ ဘုရားပုထိုးများ၏   သမိုင်းကြောင်းကို  လိုက်လံရှင်းလင်းပြောကြားပေးသည့်        လမ်းညွှန် တစ်ယောက်ပါရှိပြီး ဘုရားဖူးပြည်သူများ၏ စေတနာကြေး ပေးသည့် ငွေသားကိုသာ လက်ခံကြသည်။

ကျောက်ဆောင်များတွင်  အပေါက်များဖြစ်နေသည် မှာ ကုန်းဘောင်ခေတ်လှေထိုးသားများသည်  ထိုးဝါးများ ကိုအသုံးပြု၍ ထိုးတက်ခဲ့ကြသောကြောင့်  အပေါက်များ ကျန်ခဲ့သည်ဟု   အဆိုရှိကြသည်။   ဧရာဝတီမြစ်ကို အသုံးပြု၍ အထက်ဘက်ဆိုလျှင် မန္တလေး၊ အောက်ဘက် ဆိုလျှင် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊  ကျိုက်လတ်တို့ကို စုန်ရေ၊ ဆန်ရေဖြင့် သွားကြရသည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တော်က မြို့ဝန်ဦးကောက်ရသည်  စုန်၊ ဆန် သွားလာနေကြသည့်  တောင်စွန်းအခြေ၌ ရုံးစိုက်ကာ သင်္ဘော၊ သမ္ဗန်တို့ကို အခွန်များကောက်ခံပြီး နေပြည်တော် သို့ ဆက်သရသည်။ ယင်းကိုအစွဲပြု၍ အကောက်တောင်ဟု ခေါ်ဝေါ်ကြသည်။ သမိုင်းများအရ ရှေးယခင်က ကျီးဖို၊ ကျီးမနှစ်ကောင်တို့သည်     ကျီးသားငါးရာတို့ဖြင့် ထိုအကောက်တောင်တွင် ကောက်ပဲသီးနှံများ ကောက်ယူ စားသုံးကြသည်။ ထိုတောင်မှ ကောက်ပဲသီးနှံတို့သည် မည်သည့်အရပ်ဒေသမှ အသီးအနှံတို့နှင့်မတူ အလွန်ချိုမြိန် ပြီး အရသာထူးကဲလှသည်။ ထိုမှစ၍ အစာကောက်တောင် ဟုလည်း ခေါ်ဆိုကြသည်။

ဧရာဝတီတိုင်းဒေသကြီးဘက် မြစ်တစ်လျှောက် တောင်ကမ်းပါးယံတို့၌လည်း တန်ခိုးကြီး ဗုဒ္ဓရုပ်ပွားတော် များစွာကို ဖူးမြော်ရမည်ဖြစ်သည်။ တောင်ကမ်းပါးယံများရှိ ချုံနွယ်များကို မရှင်းလင်းပေးပါက ဘုရားများကို ချုံနွယ် များ  ဖုံးအုပ်သွားသောကြောင့်   ပဲခူးတိုင်းဒေသကြီးမှ လူငယ်များနှင့်  ဧရာဝတီတိုင်းဒေသကြီးမှ   လူငယ်များ စုပေါင်းထားသည့် အကျိုးဆောင်လူငယ်အဖွဲ့က  တစ်လ တစ်ခါ  လာရောက်ရှင်းလင်းပေးကြသည်။

အကောက်တောင်   တောင်ခြေသို့ရောက်လျှင် ကမ်းခြေမှ ပေ ၁ဝဝဝကျော်မြင့်သည့် ရွှေမြင်းတင်စေတီ တော်မြတ် ကိန်းဝပ်ရာ တောင်ပေါ်သို့ ကွန်ကရစ်လမ်းလေး အတိုင်း ဆက်လက်ခရီးနှင်ရင်း  တောင်ကမ်းပါးယံများတွင် ကိန်းဝပ်စံပယ်နေသည့် ဗုဒ္ဓရုပ်ပွားတော်များကို  ရှေးမူ လက်ရာမပျက် ဖူးမြော်ကြရသည်။   အဆိုပါ ကွန်ကရစ် လမ်းတွင် စတီးလက်ရန်းများ တပ်ဆင်ပေးထားခြင်းကြောင့် ဘုရားဖူး ပြည်သူများ အန္တရာယ်ကင်းဘေးရှင်းစွာ သွားလာ နိုင်ကြသည်။ လမ်းဆုံးသည်နှင့် ရွှေမြင်းတင်စေတီတော်မြတ် ကြီး ကိန်းဝပ်ရာရင်ပြင်တော်ပေါ်သို့ ရောက်ရှိပြီး အဝင်ဝ ဝဲဘက်တွင် ရွှေထိရွှေပွား၊ ငွေထိငွေပွားသည်ဟု ယုံကြည် သဖြင့် မိမိတို့ပါလာသည့် လက်ဝတ်ရတနာများ၊  ပိုက်ဆံ များဖြင့် ထိပွတ်၍ဆုတောင်းကြသည့် ရွှေချထားသော ကျောက်ပွားတစ်ခုရှိသည်။  ယင်းကျောက်ဖြင့်  ထိတွေ့ ထားသော ပိုက်ဆံများကို အဆောင်အဖြစ်ထားရှိပါက ငွေကြေးဥစ္စာများတိုးပွားနိုင်သည်ဟု ယုံကြည်ကြသည်။ ယင်းသို့ မပြုလုပ်တတ်သော ဘုရားဖူးများအစား  လိုက်ပါ လာကြသည့် လမ်းညွှန်များက ကိုယ်စားဆုတောင်းပေးခြင်း များလည်း ပြုလုပ်ပေးကြသည်။

ယင်းကျောက်ပွားနားတွင်ပင် ကျောက်ဖားရုပ်တု တစ်ခုရှိပြီး ''ကျောက်ဖားရေလောင်း စီးပွားကောင်း''ဟု လည်း ယုံကြည်ကြ၍ ဘုရားဖူးများ ရေလောင်းဆုတောင်း ကြသည်။ ရင်ပြင်တော်ပေါ်တွင်  သီရိဘင်္ဂလွန်မင်းကြီး၏ သားတော်ကြီး မဟာပုဉ္စမင်းသားသည် သိကြားမင်းဆက်သ သော သိန္ဓဝ နတ်မြင်းပျံဖြင့် ရွှေကိုတလေးတင်၍ ဌာပနာ ခဲ့သော ရွှေမြင်းတင်ဘုရားကို ကြည်ညိုသပ္ပာယ်စွာ ဖူးတွေ့ ရမည်ဖြစ်သည်။ စေတီတော်၏ ဖိနပ်တော် အရပ်လေး မျက်နှာတွင် ''အမျိုးအကျိုးအတွက် သာယာကောင်းမွန် နေသူ နောက်သို့ ကောင်းကျိုးများသာ  အရိပ်ပမာရှိကြ ကုန်၏''၊  ''လောကတွင် သီလပြည့်စုံပါက အလုံးစုံပြည့်စုံပြီ ဖြစ်သည်''၊ ''အမှန်တရားအကြောင်းကို မသိပါက အမှန်တရား အကျိုးကို မရရှိနိုင်''၊ ''လောကသုံးပါးတွင် ရဲရင့်ပြီး သတ္တိ ရှိသူများသည် မိမိပိုင်ပစ္စည်း ဥစ္စာများကို စွန့်လွှတ်လှူဒါန်း လေ့ရှိကြ၏''ဟူသော   စာတန်းများကို ဘုရားဖူးများ ဖတ်ရှုမှတ်သားကြရသည်။

ရင်ပြင်တော်ပေါ်တွင် ယင်းစေတီတော်ကြီးအပြင် စေတီငယ်များ၊ ထိုင်တော်မူရုပ်ပွားတော်နှင့် သာသနိက အဆောက်အအုံများကို တွေ့မြင်ရမည်။ ထိုမှလှေကားထစ် အတိုင်းဆင်းသွားပါက အကောက်တောင်   ဆရာတော် ဦးပညာဒီပကျောင်းထိုင်တော်မူသည့်   ကျောင်းအတွင်း ဝင်ရောက်ဖူးမြော်ကြပြီးပါက ဆရာတော်က  ဘုရားဖူး များကို သက်သတ်လွတ် ထမင်းဟင်းမျိုးစုံဖြင့် ဧည့်ခံ ကျွေးမွေးလျက်ရှိသည်။

ရှေ့သို့ ခရီးဆက်ပါက သဘာဝအတိုင်း တသွင်သွင် စီးဆင်းနေသည့် နတ်ရေကန်ကို  တွေ့ရမည်ဖြစ်ပါသည်။ ဆေးအဖြစ်သောက်သုံးရန် ဘုရားဖူးများက ရေဘူးများဖြင့် ခပ်ယူလေ့ရှိကြသည်။    ထို့နောက်   ညောင်ကိုးပင် ဆုတောင်းပြည့် ဝန်ချစေတီကို   ဖူးတွေ့ရမည်ဖြစ်သည်။ ခင်ပွန်းကြီး ၁ဝ ပါးကို ပြစ်မှားစော်ကားမိပါက ဝန်ချ တောင်းပန်လျှင်    အပြစ်များကျေအေးသောကြောင့် ဆုတောင်းပြည့် ဝန်ချစေတီဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကမ္ဘာလုံးစေတီကိုလည်း ဖူးတွေ့ရမည် ဖြစ်သည်။ ကမ္ဘာလုံးပေါ်သို့ လက်တင်၍ သုံးပတ် ပတ်ပါက မိမိ၏ လိုရာပန်းတိုင်ကို ရောက်ရှိနိုင်သည်ဟု  ယုံကြည်ကြ သည်။

အကောက်တောင်သို့  ဘုရားဖူးလာရောက်သူများ သည်  နောင်တော်ကြီးစေတီ၊   နောင်တော်လေးစေတီ၊ နဂါးတွင်း၊ ဦးပွားသိုက်တွင်း၊ ဂျုံးဂျုံးကျရေတံခွန် စသည့် နေရာများသို့လည်း    သွားရောက်လည်ပတ်နိုင်မည် ဖြစ်သည်။

အကောက်တောင်ဆရာတော်က    ဘုရားဖူးလာ ပြည်သူများ တည်းခိုနားနေနိုင်ရန် အခမဲ့ညအိပ်ဆောင် များ  စီစဉ်ပေးထားသည့်အပြင်  စောင်၊  ခြင်ထောင်၊ ခေါင်းအုံးများမှအစ စီစဉ်ပေးထားပြီး ရေချိုးကန်များလည်း ထားရှိသည်။   ဘုရားများဖူးမြော်ပြီး   အပြန်ခရီးတွင် လှေဆိပ်၌ တိုကင်ပြားကိုပြ၍ စက်လှေဖြင့် ထုံးဘိုမြို့သို့ ပြန်နိုင်သည်။  အပြန်ခရီးတွင်လည်း   ကျောက်ကမ်းပါး နံရံများတွင် ထုဆစ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်များကို လည်း ထပ်မံဖူးမြော်ကြည်ညိုနိုင်မည်ဖြစ်သည်။    ။

မာမာစိုး(ကြေးမုံ)ဓာတ်ပုံ-ထက်မြလွန်း

No comments:

Post a Comment