ရန်ကုန် မေ ၂၆
ရန်ကုန်မြို့၌ ယခုအခါ စက်သုံးဆီဈေး မြင့်တက်မှုကို အကြောင်းပြကာ အငှားယာဉ် အများစုက ယာဉ်စီးခ ပိုမိုတောင်းလာ ကြောင်း ခရီးသွား ပြည်သူများထံမှ သိရသည်။ ''မြေနီကုန်းကနေ ပန်းဆိုးတန်းအထိ အရင်က ငွေကျပ် ၂၅ဝဝ အခု ၃၅ဝဝ၊ ၄ဝဝဝ တောင်းကြတယ်။ ဆီဈေးတက်လို့ ဆိုပြီး ပြောတာများတယ်။ ငွေကျပ် ၃ဝဝဝ လောက်နဲ့တောင်မှ မရတော့ဘူး'' ဟု ဆိပ်ကမ်းသာလမ်းအတွင်း အိုင်တီပစ္စည်း မျိုးစုံအရောင်းဆိုင်မန်နေဂျာ ဒေါ်သဉ္ဇာက ပြောသည်။
ယာဉ်စီးခပိုမိုတောင်းလာခြင်းကို အောက် တိန်းဆီဖြင့် မောင်းနှင်နေသည့် အငှားယာဉ် များသာမက သဘာဝဓာတ်ငွေ့သုံး (CNG) အငှားယာဉ်များပါ ပြုလုပ်နေကြကြောင်း သိရသည်။ ''ဆီဈေးတက်တယ်၊ အုံနာခတော့မတက် လို့ တော်သေးတယ်။ ဆီဈေးကတက်၊ လမ်းကပိတ်တော့ တွက်ခြေမကိုက်ဘူးလေ။ မနက်ပိုင်းတစ်ပိုင်းလုံး ရှာတာတောင် ဆီဖိုး မရတာမျိုးရှိပါတယ်'' ဟု အငှားယာဉ်မောင်း ကိုဝင်းနိုင်ထွန်းက ပြောသည်။
ရန်ကုန်မြို့ရှိ အငှားယာဉ်များတွင် ဆီကားဖြစ်ပါက အုံနာခမှာ တစ်ရက် လျှင် ငွေကျပ် ၁ဝဝဝဝ မှ ၁၅ဝဝဝ ကြား ရှိနေပြီး CNG ကားဖြစ်ပါက ငွေကျပ် ၁၅ဝဝဝ မှ ၁၈ဝဝဝ ခန့်အထိ ပေးရလေ့ရှိသည်။ ''ကျွန်တော့်ကားက CNG ကားဖြစ်လို့ CNG ဈေးက သက်သာပေမယ့် ဆိုင်မှာ တစ်ခါတစ်ခါ CNG ဖြည့်ဖို့ တစ်နေကုန် နီးပါးလောက် စောင့်ရတယ်။ ကားမဆွဲရဘူး လေ။ ဒါကြောင့် ကိုယ့်အတွက်ကိုက်မယ့် နှုန်းမျိုးကို တောင်းရတာပါ။ ခရီးသည်တွေ ကလည်း ပိုမပေးချင်ကြဘူး။ CNG ထည့်ခက တစ်မတ်ကို ငွေကျပ် ၃ဝဝ၊ ကား တစ်စီးမှာ တင်ထားတဲ့အိုးက ၁ဝ မတ် ဆံ့တယ်။ CNG တစ်ခါဖြည့်ရင် ငွေကျပ် ၃ဝဝဝ ပေးရတယ်'' ဟု အငှားယာဉ်မောင်း ကိုအေးမင်းကပြောသည်။
CNG အငှားယာဉ်များ အနေဖြင့် တစ်နေကုန် မောင်းနှင်မည်ဆိုပါက သဘာဝဓာတ်ငွေ့ တစ်အိုးခွဲခန့် ကုန်လေ့ရှိပြီး စီးနင်းသော ခရီးသည်က Air Con ဖွင့်ခိုင်းခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် တန်းစီ စောင့်ဆိုင်းကာ မောင်းနှင်သွားလာနေရခြင်း များက ဆီပိုကုန်သော အခြေအနေမျိုးဖြစ် နေကြောင်း CNG အငှားယာဉ်မောင်းများ ထံမှ သိရသည်။
တချို့ အငှားယာဉ်မောင်းနှင်သူများမှာ Application ဖြင့် ငှားရသောကုမ္ပဏီများ နှင့်ချိတ်ဆက်ကာ ခရီးသည်ရှာလေ့ရှိကြ သလို ခရီးသည် ငှားရမ်းစီးနင်းမှုများသည့် ရုံးတက်၊ ရုံးဆင်းချိန်များတွင် Application များကို အသုံးမပြုဘဲ ခေတ္တပိတ်ထားကာ လက်တားစီးသည့် ခရီးသည်များကိုသာ အားထားမောင်းနှင် နေကြကြောင်း သိရသည်။
အဆိုပါ အငှားယာဉ်များတွင် နေ့ည အငှားချထားသော ယာဉ်များမှာ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်လေ့ ရှိကာ နေ့ပိုင်းတစ်ခုတည်းသာ အငှားချ ထားသောယာဉ်များမှာ နံနက် ၇ နာရီမှ ည ၇ နာရီအထိ သတ်မှတ်ထားပြီး မောင်းနှင် သူအများစုမှာ ပုဂ္ဂလိကတစ်ဦးချင်းပိုင်ဆိုင် သော ယာဉ်ပိုင်ရှင်များထံမှ အုံနာခဖြင့် မောင်းနှင်မှုများပြားကြောင်း သိရသည်။
MWD
No comments:
Post a Comment