ရန်ကုန် မေ ၂၁
ရန်ကုန်မြို့ ကမ်းနားလမ်း၌ ဖွင့်လှစ် ထားသည့် ညဈေးတန်း စီမံခန့်ခွဲမှုလုပ်ငန်းများကို A25 ကုမ္ပဏီမှ လုပ်ကိုင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
အဆိုပါကုမ္ပဏီသည် ကမ်းနားလမ်းည ဈေးတန်းကို ကနဦးလေ့လာ ဆန်းစစ်မှုများ ပြုလုပ်မည်ဖြစ်ပြီး စီမံခန့်ခွဲမှု အပိုင်းကို တာဝန်ယူမည်ဖြစ်ကာ မည်သည့်လုပ်ငန်းစဉ် များပါဝင်မည်ကို အသေးစိတ် မသိရသေးကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ပထမဆုံး ညဈေးတန်းကို ကမ်းနားလမ်း၌ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်ကစ၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ လက်ရှိ ရန်ကုန်မြို့ ညဈေးတန်းသည် သတ်မှတ်နေရာတွင် ရောင်းချသူ နည်းပါးလာသည့်အတွက် ညဈေးဖွံ့ဖြိုးရေး အဖွဲ့အစည်း တစ်ခုက ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်နေကြောင်း သိရသည်။
ညဈေးတန်းကို ကမ်းနားလမ်းနှင့် မဟာဗန္ဓုလ ပန်းခြံလမ်းတို့၌ အကောင်အထည် ဖော်ထားပြီး ဈေးသည်များ အသုံးပြုနိုင်ရန် ရေ၊ မီး၊ အမှိုက်သန့်ရှင်းရေး၊ ရေအိမ်တို့ စီစဉ် ပေးထားကာ ညနေ ၃ နာရီမှ ည ၁၁ နာရီ အထိ ရောင်းချခွင့်ပြုထားကြောင်း သိရသည်။
အဆိုပါညဈေးတန်းတွင် မီးနှင့်ရေ သွယ်တန်းခြင်း၊ လမ်းမီးတိုင်များ ထားရှိခြင်းနှင့် လုံခြုံရေး ကင်မရာများ တပ်ဆင်ခြင်းတို့ အတွက် ငွေကျပ်သိန်းငါးထောင်ခန့် ကုန်ကျခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။
ရန်ကုန်မြို့အတွင်း မြို့အင်္ဂါရပ်နှင့်ညီစေရန် လမ်းမကြီးများ၌ ယာဉ်နှင့်လူ ရှုပ်ထွေးနေမှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ညဈေးတန်းများ ဖော်ဆောင်ပေးကာ ယခုကဲ့သို့ ရောင်းချခွင့်ပြုထားခြင်းလည်း ဖြစ်သည်။
ရန်ကုန် ကမ်းနားလမ်းညဈေးတန်းတွင် ရောင်းချနေသူများမှာ ရန်ကုန်မြို့တွင်း လေးမြို့နယ် ဖြစ်သည့် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့်လမ်းမတော်မြို့နယ် တို့ရှိ လမ်းမကြီး ၁၁ လမ်းမှ ဈေးသည် များအား ပြောင်းရွှေ့ရောင်းချနေသော ဈေးတန်းတစ်ခုလည်း ဖြစ်ပြီး စတင်ဖွင့်လှစ်ချိန် ၌ ဈေးသည်ပေါင်း ၆ဝဝဝ ကျော် ရောင်းချခဲ့ကြောင်း သိရသည်။
MWD
No comments:
Post a Comment