Latest News

Saturday, April 7, 2018

မြောင်းမြထွေအုပ်က ခရိုင်တရားရုံးမှ လွှတ်ပေးခဲ့သည့် လယ်သမားများကို ထပ်မံတရားစွဲ

မြောင်းမြထွေအုပ်က ခရိုင်တရားရုံးမှ လွှတ်ပေးခဲ့သည့် လယ်သမားများကို  ထပ်မံတရားစွဲ


မြောင်းမြ၊ ဧပြီ ၇ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တရားရုံးမှ တရားရှင် လွှတ်ပေးခဲ့သည့် လယ်သမားများကို မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနက ပုဒ်မ ၄၄၇ (ကျူးကျော်မှု) ဖြင့် ထပ်မံအမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။

မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စုတွင် လယ်ယာမြေ လုပ်ကိုင်နေသည့် လယ်သမား ဦးမျိုးဝင်း၏ ဖခင်ဖြစ်သူ ဦးဝင်းမြင့်၊ ညီမဖြစ်သူ ဒေါ်မြင့်မြင့်သင်း၊ ယောက်ဖဖြစ်သူ ဦးကျော်ဦးနှင့် ညီဖြစ်သူ ကိုရဲဝင်းတို့မှာ ဌာနပိုင် လယ်ယာမြေ အတွင်း ကျူးကျော်သည်ဟုဆိုကာ မြောင်းမြထွေအုပ်ဌာနကိုယ်စား အရာရှိတစ်ဦးက တရားလိုပြုလုပ်၍ မြောင်းမြမြို့မ ရဲစခန်းတွင် ပုဒ်မ ၄၄၇ (ကျူးကျော်မှု) ဖြင့် အမှုဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပုဒ်မ ၄၄၇ ဖြင့် တရားစွဲခံထားရသူ ဦးဝင်းမြင့်မှ “ကျနော်တို့ကို ပထမတုန်းက မြောင်းမြမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ရဲ့ ညွန်ကြားမှုနဲ့ ကံချောင် ကျေးရွာ လယ်/စီဥက္ကဋ္ဌ ဦးလှဝင်းက တရားလိုလုပ်ပြီး လယ်ယာမြေဥပဒေပုဒ်မ ၃၅ နဲ့ တရားစွဲတယ်။ အဲဒီအမှုကို မြောင်းမြမြို့နယ် တရားရုံးက ကျေးရွာလယ်/စီအဖွဲ့ကို အနိုင်ပေးခဲ့လို့ ကျနော်တို့က မကျေနပ်လို့ မြောင်းမြခရိုင်တရားရုံးကို အယူခံ တက်ခဲ့တယ်။ မြောင်းမြခရိုင်တရားရုံးက ကျနော်တို့မှာ အပြစ်မရှိတဲ့အတွက်
တရားရှင် လွှတ်ပေးခဲ့တယ်။ အဲဒါကို မြောင်းမြထွေအုပ်က မကျေနပ်တဲ့အတွက် ကျူးကျော်မှုနဲ့ ထပ်ပြီးတရား ထပ်စွဲတာပါ”ဟု  ဖြေကြားခဲ့သည်။

အဆိုပါအမှုကို အမှုစစ်အရာရှိအဖြစ် မြောင်းမြမြို့မရဲစခန်းမှ ရဲအုပ် အောင်မျိုးသန့်က ကိုင်တွယ်စစ်ဆေးနေပြီး အမှုဖွင့်ခံထားရသူ ၄ ဦးကို ကျုံသွပ်နယ်မြေရဲစခန်းသို့ ခေါ်ယူစစ်ဆေးမှုများပြုလုပ်ကာ အမှုတွဲကို မြို့နယ် ဥပဒေရုံးသို့ အကြံတောင်းတင်ပြထားကြောင်း သိရသည်။

“ကျနော်တို့ကို ကျေးရွာလယ်/စီ ဥက္ကဋ္ဌ ဦးလှဝင်းက ပထမတကြိမ် တရားစွဲလို့ အမှုကို တစ်နှစ်ကျော်ကြာ ရင်ဆိုင်ခဲ့ရတယ်။ ရုံးချိန်းပေါင်းများစွာကို အချိန်ကုန်၊ ငွေကုန်၊ အလုပ်ပျက်ခံပြီး ဒုက္ခများစွာနဲ့ အမှုရင်ဆိုင် ခဲ့ရတာပါ။ ကျနော်တို့မှာ အပြစ်မရှိတဲ့အတွက် ခရိုင်တရားသူကြီးက တရားဥပဒေအတိုင်း စီရင်ပြီး အမှုက လွှတ်ပေးခဲ့တာမှ မကြာသေးဘူး မြောင်းမြထွေအုပ်က ကျနော်တို့ကို အခု ဒုတိယအကြိမ် ထပ်ပြီးတရားစွဲတယ် ဆိုတော့ မြောင်းမြထွေအုပ်ဌာနဟာ မရှိဆင်းရဲသား တွေကို ဒုက္ခဆင်းရဲရောက်အောင် တရားရုံးနဲ့ နှိပ်စက် နေသလို ဖြစ်နေတယ်”

“နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်ဟာ တရားဥပဒေစိုးမိုးရေးကို အဓိကဦးစားပေးလုပ်ဆောင်မယ်လို့ ပြောထားပါတယ်။ အခုလို မြောင်းမြထွေအုပ်ဌာနက ကျနော်တို့ မရှိဆင်းရဲသားတွေကို တရားရုံးနဲ့ နှိပ်စက်ဖို့ လုပ်ဆောင်နေတဲ့အတွက် ကျနော်တို့မှာ မိသားစု နေ့စဉ် ထမင်းစားဖို့တောင် အနိုင်နိုင်ကြိုးပမ်းနေရတာ တရားရင်ဆိုင်ဖို့ အားမရှိပါဘူး။ ဒီကိစ္စတွေကို သမ္မတကြီးအနေနဲ့ ကူညီပေးပါလို့ မီဒီယာကနေတဆင့် အသနားခံ တင်ပြပါတယ်”ဟု ကျူးကျော်မှုဖြင့် တရားစွဲခံနေရသူ ကိုရဲဝင်းက ပြောသည်။

၂၀၁၅ ခုနှစ်တွင် မြောင်းမြမြို့နယ် ထွေ/အုပ်နာမည်ဖြင့် အဆိုပါ လယ်ယာမြေများကို ပုံစံ ၇ ထုတ်ခဲ့ပြီး
၂၀၁၇ ခုနှစ် မိုးစပါးရာသီတွင် မြောင်းမြမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က အဆိုပါ လယ်ယာမြေများ ဖော်ထုတ်လုပ်ကိုင်ခဲ့သူ လယ်သမား ဦးမျိုးဝင်းနှင့် မိသားစုများအား လယ်ယာမြေအတွင်းမှ နှင်ထုတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စုရှိ ဦးပိုင်အမှတ် ၇ ၊ ကွင်းအမှတ် ၂၂၆ ရှိ မြေ ၅၃ ဧကကို မြောင်းမြမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနထံ သီးစားခပေး၍ လယ်သမား ဦးမျိုးဝင်းနှင့် မိသားစုဝင်များက ၂၀၁၂ ခုနှစ်မှ စတင်၍ လယ်ယာမြေအဖြစ် ဖော်ထုတ်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြို့နယ်လယ်/စီအဖွဲ့ ညွှန်ကြားချက်အရ ကံချောင်ကျေးရွာ လယ်/စီဥက္ကဋ္ဌ ဦးလှဝင်းက တရားလို ပြုလုပ်ကာ လယ်သမား ဦးမျိုးဝင်းနှင့် မိသားစုကို တရားစွဲဆိုမှုများ လုပ်ဆောင်ခဲ့ပြီး ယခုနှစ် ဆောင်းစပါး စိုက်ပျိုးရာသီတွင် မြို့နယ်ထွေအုပ်၏ ညွှန်ကြားချက်အရဟုဆိုကာ ကံချောင်ကျေးရွာ လယ်/စီ ဥက္ကဋ္ဌလည်းဖြစ်၊ အုပ်ချုပ်ရေးမှူးလည်းဖြစ်သည့် ဦးလှဝင်းက  လက်ရှိလက်ငုပ်အဖြစ် မိမိစိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေအတွင်း ကျူးကျော်ထွန်ယက်စိုက်ပျိုးမှုများ လုပ်ဆောင်ခဲ့ကြောင်း လယ်သမား ဦးမျိုးဝင်းက ပြောသည်။

သတင်း၊ဓာတ်ပုံ - တန်ခူး (တိုင်းဧရာ)

No comments:

Post a Comment