Latest News

Tuesday, April 24, 2018

လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးလောင်မှု မိုးရွာသလို ရေလောင်းနိုင်မှ အမြန်ဆုံးငြိမ်းမည်ဟုဆို

လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးလောင်မှု မိုးရွာသလို ရေလောင်းနိုင်မှ အမြန်ဆုံးငြိမ်းမည်ဟုဆို

ရန်ကုန်    ဧပြီ    ၂၃

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံတွင် ဧပြီ ၂၁ ရက်မှစ၍ အမှိုက်များမီးလောင်မှုဖြစ်ပွားခြင်းကြောင့် လှိုင်သာယာမြို့နယ်အပါအဝင် ဆက်စပ်မြို့နယ်များမှ ပြည်သူများ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါမီးလောင်မှု ဖြစ်ပွားရခြင်းအခြေအနေ၊ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

မေး။  ။ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်ပြောပြပေးပါ။

ဖြေ။  ။ အမှိုက်ပုံတွေ မီးလောင်မှုဖြစ်တာ သိပ်တော့ မထူးဆန်းပါဘူး။ အာရှနိုင်ငံတွေမှာဆိုရင် အမှိုက်ပုံတွေကို တွင်းတူးပြီးတော့  စုပုံစနစ်နဲ့ သုံးတယ်။ အဲဒီလိုစုပုံတဲ့ နေရာမှာ အမှိုက်ထုပေါ်မှာမူတည်ပြီး    တချို့နေရာမှာ  ခုနစ်ပေ၊ ရှစ်ပေရှိတယ်။ တချို့နေရာမှာကျတော့ ၁၅ ပေ လောက်ထိ တွင်းတူးထားတာတွေရှိတယ်။  အမှိုက်ကို တကယ်ပုံသင့်တာ   ပုံတဲ့အလွှာတူရမယ်။  တွင်းတူးပြီး အမှိုက်ပုံတော့ တွင်းထဲမှာလည်း အမှိုက်ရှိတယ်။ တွင်းပေါ် မှာလည်း အမှိုက်ရှိတယ်။ အမှိုက်ရှိတော့ မြေကြီးထဲမှာ အစိုဓာတ်ရှိတယ်။ အမှိုက်ထဲမှာလည်း အော်ဂဲနစ်တွေ များတယ်။ စိုစွတ်တာတွေများတော့ အမှိုက်ထဲကနေ မီသိန်းဓာတ်ငွေ့  ထွက်တယ်။    မီသိန်းဓာတ်ငွေ့ကို စနစ်တကျ ပြန်ထုတ်မယ်ဆိုရင် မော်တော်ယာဉ်မောင်းတာ တွေမှာ ပြန်သုံးလို့ရတယ်။ နိုင်ငံတကာမှာ အမှိုက်ပုံတွေကို အလွှာမတူဘဲပုံလိုက်တော့   မီသိန်းဓာတ်ငွေ့တွေဟာ နေ့တိုင်းထွက်တယ်။ အမှိုက်ပုံအလွှာမတူတော့ အဲဒီထဲမှာ ခိုအောင်းနေတဲ့ မီသိန်းဓာတ်ငွေ့တွေဟာ တစ်ကျောတည်း မဆက်ဘူး။ အလွှာလိုက်ရှိနေတယ်။ အမှိုက်ကိုပုံလိုက်တဲ့ အခါ အမှိုက်ကြားထဲတွေမှာ မီသိန်းဓာတ်ငွေ့တွေ ဝင်နေ တယ်။  တချို့ကျတော့  ပေါ့ပါးပြီး  အမှိုက်ပုံရဲ့ အပေါ် တက်ပြီး  လေထဲရောက်သွားတယ်။  နေအရမ်းပူတဲ့ အချိန်မှာ  ဓာတ်ငွေ့တွေဟာ တံလျှပ်လိုထွက်နေတာကို မြင်ရတယ်။ အမှိုက်ပုံတွေမှာ ဒီလိုရာသီဆို ဂက်(စ်)က အဲဒီလိုမျိုးထွက်တယ်။ ပတ်ဝန်းကျင်ရဲ့အပူချိန်က မြင့်တယ်။ အမှိုက်ပုံထဲက    မီသိန်းဓာတ်ငွေ့ထွက်တဲ့အချိန်မှာ လေဟာနယ်လို  ဖြစ်သွားတယ်။ လေဆင်နှာမောင်းလို တိုက်တယ်။  အဲဒီနားမှာ  အောက်ဆီဂျင်မရှိတော့ဘူး။ အောက်ဆီဂျင်မရှိတဲ့အချိန်မှာ လေပွေကြောင့် အမှိုက်တွေ အချင်းချင်းပွတ်တယ်။ ပွတ်တဲ့အပူရယ်၊ ပြင်ပအပူချိန်ရယ်၊ အောက်ကထွက်နေတဲ့    မီသိန်းဓာတ်ငွေ့ရယ်  သုံးမျိုး ပေါင်းပြီးတော့ အလိုအလျောက်မီးလောင်တယ်။ တချို့ အမှိုက်ပုံတွေဆို    အောက်မှာလှိုက်လောင်နေတယ်။ မီးခိုးလည်းမထွက်ဘူး။ မြင်လည်း မမြင်ရဘူး။ လူတွေ လမ်းလျှောက်လိုက်တဲ့အခါမှာပဲဖြစ်ဖြစ်၊  တိရစ္ဆာန်တွေ သွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ စက်ယန္တရားတွေ သွားတဲ့အခါ မှာပဲဖြစ်ဖြစ် ကျွံကျသွားတယ်။  အဲဒီအခါကျမှ မီးသွေးလို ဆွေးမြည့်နေတာကို တွေ့ရတယ်။ အမှိုက်ပုံမှာ မီးလောင်တဲ့ ကိစ္စက အပူချိန်ကြောင့်ရယ်၊ လေပွေကြောင့်ရယ်၊ မီသိန်း ဓာတ်ငွေ့ထွက်တာကြောင့်ရယ် လောင်တာဖြစ်တယ်။

မေး။  ။ အမှိုက်ပုံမီးလောင်မှုအပေါ် ဆရာတို့ဌာနအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေလေး ပြောပြပေးပါ။

ဖြေ။  ။ အခုအမှိုက်ပုံတည်ရှိတဲ့နေရာက ကွင်းပြင်ကြီး ဖြစ်တယ်။  ဧက  ၁၂ဝ  လောက်ရှိတယ်။  ဧက ၈ဝ လောက်က အမှိုက်တွေနဲ့ ပြည့်နေတယ်။ ဖြစ်စဉ်ဖြစ်တာ စနေနေ့ မနက်ပိုင်းလောက်ကစဖြစ်တယ်။ ပထမနေ့မှာ သိသိချင်း ဌာနမှာရှိတဲ့ ရေကားတွေနဲ့ဖျန်းလိုက်တယ်။ မီးသတ်ကား ၁၉ စီး၊ ရေကား  ခုနစ်စီးနဲ့ အဆင်သင့် စောင့်ပြီး   လုပ်နေတယ်။  အိမ်မီးလောင်တာဆိုရင် အိမ်ထဲကို  တိုက်ရိုက်ရေဖျန်းလို့ရတယ်။ အခုဟာက အဲဒီလိုဖျန်းလို့မရဘူး။ သွားတဲ့လမ်းကြောင်းကို ပိတ်ပြီး တော့မှ လုပ်လို့ရတယ်။ မီးသတ်ကားနဲ့ ရေလောင်းလိုက် တော့   မီးခိုးငြိမ်သွားတယ်။  ကွင်းပြင်ကြီးဆိုတော့ အဲနေရာကပျောက်သွားပြီ နောက်တစ်နေရာမှာ ထပ်ဖြစ် တယ်။ အောက်ထဲမှာ လှိုက်လောင်နေတယ်။ မီးခိုးလည်း မထွက်ဘူး။ နောက်နေ့ တနင်္ဂနွေနေ့မနက်မှာ မီးခိုးတွေ မည်းသွားပြီး လေတိုက်တဲ့အချိန်မှာ ကွင်းပြင်တစ်ခုလုံးက မီးခိုးတွေနဲ့အုပ်ပြီး ဘာမှမမြင်ရတော့ဘူး။ ရေလောင်း ရင်တော့ ပြည့်ဝစွာမလောင်ကျွမ်းဘူး။ မလောင်ကျွမ်းနိုင်ရင် မီးခိုးငွေ့ထဲမှာ    ကာဗွန်ဒိုင်အောက်ဆိုက်တို့၊ ကာဗွန်မို နောက်ဆိုက်တို့၊ ဘိုဒိုင်းအော်ဂဲနစ်တို့   ဓာတ်ငွေ့တွေ ပါနိုင်တယ်။   ရေမလောင်းဘဲထားလိုက်ရင်  ကာဗွန်ဒိုင် အောက်ဆိုက်ထွက်မယ်။ ကာဗွန်မိုနောက်ဆိုက် ဒီနှစ်မျိုးပဲ ထွက်တော့မယ်။   ဘိုဒိုင်းအော်ဂဲနစ်ကွန်ပေါင်း  မထွက် တော့ဘူး။    မီးလောင်တဲ့အချိန်မှာ  ရေကိုနိုင်အောင် လောင်းရင်  ဘာပြဿနာမှမရှိဘူး။   ရေကိုမနိုင်ဘဲ သွားလောင်းရင် ပြဿနာပိုကြီးတယ်။  ရေကို  မစို့မပို့ သွားလောင်းရင်    ရေထဲမှာပါတဲ့   အောက်ဆီဂျင်နဲ့  ဟိုက်ဒရိုဂျင်ကနေပြီးတော့    ပြန်ပြီးမီးလောင်တယ်။ မီးလောင်တာကို ပိုမကျယ်အောင်ဘဲ လုပ်လို့ရမယ်။   ဥပမာ-   မီးသွားတဲ့လမ်းကြောင်းကို   ကြိုပြီးတော ရေရွှဲနစ်နေအောင်  လုပ်ရမယ်။ နောက်တစ်ခါ အခုလို မီးလောင်ချိန်မှာ   အဲဒီနားကို  လူလည်းကပ်လို့ မရသလို မီးသတ်ကားလည်း ကပ်လို့မရဘူး။ သွားရင် ကျွံသွားနိုင် တယ်။ ကိုယ်လည်း မမြင်နိုင်ဘူး။ တကယ်လုပ်မယ်ဆိုရင် ဒိုဆာ လေး၊ငါးခြောက်စီးနဲ့ လမ်းကြောင်းတွေဖွင့်ပြီး  ရှင်းထုတ်မှရမယ်။ သူ့ကိုငြှိမ်းသတ်ဖို့ဆိုရင် ကျွန်တော် ခန့်မှန်းတာတော့ အနည်းဆုံး ဧပြီ ၂၇ ရက် လောက်မှ  လောင်စာကုန်ပြီး   မီးလောင်တာ  ရပ်သွားလိမ့်မယ်။ လောလောဆယ်တော့ ဘာမှလုပ်လို့မရဘူး။ တခြားကို မကူးစက်အောင်ဘဲ လုပ်လို့ရမယ်။ မိုးရွာသလို လောင်းနိုင် ရင်တော့ ကောင်းတယ်။

မေး။  ။  ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး  ပြည်သူတွေကို ဘာများ ပြောချင်ပါလဲ။

ဖြေ။  ။ အမှိုက်မီးလောင်မှုကြောင့် ထွက်သွားတဲ့အမှုန် တွေကတော့  လေထဲပဲသွားမှာ။ ပြည်သူတွေ အန္တရာယ် မရှိအောင် mask  တွေ တပ်ဖို့လိုတယ်။ မီးခိုးအနံ့ကြောင့် တော့ ရင်ကျပ်တာတွေ ဖြစ်နိုင်တယ်။ အဆုတ်ရောဂါရှိတယ် ဆိုရင်လည်း ချောင်းပိုဆိုးနိုင်တယ်။ ရင်ဘတ်အောင့်တာတို့၊ အသက်ရှူကျပ်တာတို့ဖြစ်ရင်    နီးစပ်ရာဆေးခန်းကို အမြန်ဆုံးပြသင့်တယ်။

သတင်းနှင့် ဓာတ်ပုံ- ဇာနည်မောင်၊ အေးမင်းသူ(​ကြေးမှုံ)

No comments:

Post a Comment