Latest News

Wednesday, April 4, 2018

မြောင်းမြကြိုးတံတားနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြောင်းမြ ကြိုးတံတားသည် (၁-၄-၂၀၁၈)ရက်၊ နံနက်(၀၁:၄၅)နာရီတွင် (၁၆)တန်၊ (၆)ဘီး ကုန်တင်ကားတစ်စီး ဖြတ်သန်းစဉ် တံတားကျိုးကျမှု ဖြစ်ခဲ့ပါသည်။ အဆိုပါ တံတားသည် (၁၉၉၄)ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး (၁၉၉၆)ခုနှစ်တွင် ဖွင့်လှစ် အသုံးပြုခဲ့ပါသည်။ ယခုအခါ တံတားသက်တမ်းမှာ (၂၂)နှစ်ခန့် ရှိပြီး ဖြစ်ပါသည်။

အဆိုပါ တံတား တည်ဆောက်စဉ်ကပင် တန်ချိန်(၈၅၀၀) အလေးချိန်ရှိသော ကွန်ကရစ် ကြိုးထိန်းခုံ နိမ့်ကျမှုဖြစ်စဉ် ရှိခဲ့၍ ပြန်လည်ပြင်ဆင်ခဲ့ရသော တံတား ဖြစ်ပါသည်။ မြောင်းမြ ဘက်ကမ်းရှိ ကွန်ကရစ် ကြိုးထိန်းခုံ နိမ့်ကျမှုဖြစ်စဉ်ကြောင့် တာဝါတိုင်သည် မြစ်၏ဆန့်ကျင်ဘက်သို့ (၁၁)လက်မ စောင်းရမည့်အစား မြစ်ဘက်သို့ (၇)လက်မ စောင်းနေ၍ တံတားတည်ဆောက် ပြီးစီးချိန်ကစ၍ နှစ်စဉ်စောင့်ကြည့် စစ်ဆေးခဲ့ရပါသည်။ ထိုသို့ တံတားသက်တမ်း နှစ်(၂၀)ပြည့်မြောက်သည့် (၂၀၁၆)ခုနှစ်မှစ၍ လစဉ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။ စစ်ဆေးရာတွင် တံတားကြမ်းခင်းများ၊ မူလီများ၊ Expansion Joint များ၊ Suspender Rod များ မကောင်းလျှင် လဲလှယ်မှုများ ချက်ချင်းပြုလုပ်ခဲ့ပါသည်။

ယခုဖြစ်စဉ်ကို စစ်ဆေးရာတွင် ကွန်ကရစ် ကြိုးထိန်းခုံ၏ အတွင်းပိုင်း ကွန်ကရစ်ထဲတွင် ထည့်၍ မြှုပ်နှံထားသော သံမဏိကြိုးများ ဆွေးမြေ့ပြီး ကြိုးပြတ်၍ တံတားကျိုးကျပျက်စီးခဲ့ကြောင်း တွေ့ရှိရပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် (၂၀၁၆-၂၀၁၇)ဘဏ္ဍာနှစ်မှစ၍ လက်ရှိကြိုးတံတားနှင့်အပြိုင် တံတားအသစ် (၁)စင်းကို ဂျပန်အင်ဂျင်နီယာပညာရှင်များနှင့် ပူးပေါင်း၍ ဂျပန်နည်းပညာဖြင့် တံတားအသစ် တည်ဆောက်လျက်ရှိပြီး တည်ဆောက်ချိန်ကာလ (၁)နှစ်ခန့် ရှိခဲ့ပြီ ဖြစ်ပါသည်။

တံတားအသစ်သည် နည်းပညာအရ တည်ဆောက်ချိန် (၃)နှစ်ခန့် ကြာမြင့်မည်ဖြစ်သောကြောင့် ယခုအခါ လမ်းပန်းဆက်သွယ်မှု အခြေအနေအရ တံတားအသစ်(၁)စင်း အမြန်လိုအပ်နေပြီဖြစ်၍ တံတားအသစ်ကို (၁)နှစ်အတွင်း ပြီးစီးအောင် တံတားအမျိုးအစား ပြောင်းလဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးသော တံတားများအား နှစ်စဉ် (၁)နှစ်လျင် (၂)ကြိမ် ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။ ကြိုးတံတားများမှာ မြောင်းမြတံတား အပါအ၀င် စုစုပေါင်း အစင်း(၃၀)ရှိပြီး အဆိုပါကြိုးတံတားများကို ယခုကဲ့သို့ ဖြစ်စဉ်မျိုး မဖြစ်စေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အသေးစိတ် စစ်ဆေးမှုများကို ချက်ချင်းဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ ကြိုးတံတားများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဂျပန်အင်ဂျင်နီယာပညာရှင်များ နှင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးအစီအစဉ်ဖြင့် တရုတ်အင်ဂျင်နီယာပညာရှင်များ နှင့်လည်းကောင်း အတူပူးပေါင်းပြီး တံတားများ၏ ကြံ့ခိုင်ရေး အခြေအနေများအား စစ်ဆေးသွားမည် ဖြစ်ပါသည်။

မြောင်းမြ ကြိုးတံတား ကျိုးကျမှုဖြစ်စဉ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အသက်ဆုံးရှုံးသွားကြသော ယာဉ်မောင်း ဦးမဲကြီး (ခ) ဦးသန့်ဇော်ထိုက်၊ ယာဉ်နောက်လိုက် ကိုဂျူးဂျူး (ခ) ကိုဝင်းထိုက်အောင် တို့၏ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းမိပါကြောင်း နှင့် လိုအပ်သော ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက် ရှိပါသည်။

ပြည်သူများအနေဖြင့် လက်ရှိ အသုံးပြုလျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ ကြိုးတံတား (၂၉)စင်းကို စိုးရိမ်မှု မရှိကြပါရန်နှင့် အဆိုပါ တံတားများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အလေးပေး ဆောင်ရွက်လျက် ရှိပါသည်။ ပြည်သူလူထုအနေဖြင့် အဆိုပါ ကြိုးတံတားများပေါ်တွင် သတ်မှတ် ခံနိုင်ဝန်ထက် ပိုမိုတင်ဆောင်ကာ ဖြတ်သန်းခြင်း မပြုကြပါရန်နှင့် သတ်မှတ် အရှိန်နှုန်းအတိုင်း မောင်းနှင်ခြင်းဖြင့် ပူးပေါင်း ကူညီဆောင်ရွက် ထိန်းသိမ်းပေးကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
Ministry of Construction

No comments:

Post a Comment