သက္ကရာဇ် ၈ဝ၄ ခုနှစ်က စစ်ကိုင်းထူပါရုံစေတီဒါယကာ နရပတိမင်းကြီးက အင်းဝမှ ဧရာဝတီမြစ်တစ်ဖက်ကမ်း ရှိစစ်ကိုင်းသို့ သစ်သား၊ ဝါးတံတားကြီးတစ်ခုယာယီထိုးခဲ့ ဖူးသည်။ သက္ကရာဇ် ၈၂၁ ခုနှစ်တွင်လည်း အလားတူ တံတားတည်ဆောက်ခဲ့ပြီး ဘုရားပွဲလာပြည်သူများသွား လာနိုင်စေရန်ကူညီပေးခဲ့ဖူးသည်။ သို့သော် ယာယီမျှ သာဖြစ်ပြီး ပထမဆုံးဧရာဝတီမြစ်ကူးတံတားဖြစ်ခဲ့ သည်။
အင်းဝတံတား
မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ထားစဉ် အလယ်ပိုင်းဒေသသည် နိုင်ငံ၏ အချက်အချာနေရာ တစ်ခုဖြစ်သည်ကို သိထားကြပုံရသည်။ ဧရာဝတီမြစ်ကြီး ကိုဖြတ်ပြီး နိုင်ငံ၏အရှေ့နှင့် အနောက်၊ တောင်နှင့် မြောက်တို့ကိုသာမက အနောက်ဘက် အိန္ဒိယနိုင်ငံ မြောက်ဘက် တရုတ်နိုင်ငံတို့နှင့်ပါ ဆက်သွယ်နိုင်ကြောင်း သိကြသည်နှင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့အကြားဧရာဝတီမြစ်ကြီးကိုဖြတ်ပြီး တံတားတစ်စင်းဆောက်လုပ် ကြသည်။ ၁၉၂၇ ခုနှစ်က မြန်မာနိုင်ငံ၏ပထမဆုံးဘုရင်ခံ ဆာဟာကုတ်ဘတ်တလာက ဧရာဝတီမြစ်ကူးတံတားတစ်ခုတည်ဆောက်ရန်အုတ်မြစ်ချပေးခဲ့သည်။ ထိုစဉ်က အင်းဝတံတားဟုခေါ်ဝေါ်လျက် ၁၉၃၄ ခုနှစ် ဇန်နဝါရီ လ ၂ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ သံပေါင်ပေါင်းကူးဖြစ်ပြီး တံတားအရှည်ပေပေါင်း ၂၉၄၈ ပေ၊ အမြင့် ၁ဝ၂ ပေ၊ ရက်မကြီးကိုးခု၊ ရက်မလတ်တစ်ခု၊ ရက်မငယ် ခြောက်ခု ရှိသည်။ ရက်မကြီးတစ်ခုလျှင် အလျားပေ ၃၅ဝ၊ ရက်မ လတ်တစ်ခုသည် အလျားပေ ၂၅ဝ စီရှိသည်။ အပိုင်း အဆက်ရက်မတိုမှာ ပေ ၆ဝစီရှိပြီး သံတန်ချိန်ပေါင်း ၁၁၁၄၅ တန်အသုံးပြုခဲ့ကြောင်း သိရသည်။ထိုတံတား ကြီးကြောင့် ကူးသန်းသွားလာရေး ကောင်းမွန်လာသလို၊ ဗြိတိသျှတို့အတွက်လည်း စစ်ရေးမဟာဗျူဟာ တံတား ကြီး ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော ဗမာ့ လ
ွတ်လပ်ရေးတပ်မတော်နှင့် ဂျပန်တပ်များပူးပေါင်းပြီး အင်္ဂလိပ်တို့ကိုတိုက်ခိုက်သဖြင့် အင်္ဂလိပ်တို့ အရေးနိမ့်ပြီး ဆုတ်ခွာကြရသောအခါ အင်းဝတံတားထိပ်သို့ ရောက် လာကြသည်။
၁၉၄၂ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့ဖြစ်သည်။ တံတား ထိပ်တွင်ရေးထားသည်က ခံနိုင်ဝန် ခြောက်တန်ဟု ဆို သည်။ ဗြိတိသျှတင့်ကားကြီးများ၏ အလေးချိန်က ၁၃ တန်ဖြစ်ရာ ဖြတ်ကူးရန်မဖြစ်နိုင်ဖြစ်နေသည်။ ဗြိတိသျှ ဗိုလ်ချုပ်စလင်းကထိုတံတားကို ဘယ်သူဆောက်တာလဲ ဟု မေးခွန်းထုတ်လိုက်ရာ၊ အရာရှိတစ်ဦးက တံတားနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ ထုတ်ပြသည်။ ဗြိတိသျှတို့သည် စစ်ဖြစ်နေဆဲ ကာလမှာပင် ထိုသို့ သော သတင်းအချက်အလက်တို့ကိုချက်ချင်း တစ်ပြေးညီ ထုတ်ပေးနိုင်သည်ကို တွေ့ရသည်မှာ ဝန်ထမ်းအဖွဲ့၏တိကျသောတာဝန်ခံမှုကို ပြသလိုက်ခြင်းဖြစ်သည်။ အင်းဝတံတားကြီးကို တည်ဆောက်သည့် ကုမ္ပဏီမှာ ရန်ဒဲလ်ပါမားနှင့် ထရစ်တန်တို့ဖြစ်သည်။ဗြိတိသျှတို့၏ နာမည်ကျော်အင်ဂျင်နီယာများ ဖြစ်သည်။ ဗိုလ်ချုပ် စလင်းက ထိုအင်ဂျင်နီယာကြီးများကို အပြည့်အဝ ယုံကြည်သည်။ သို့နှင့် ၁၃ တန်လေးသောစတီးဝပ် တင့်ကားကြီးများသည် တစ်စီးပြီးတစ်စီးဖြတ်ကူးကြသည်။အသက်ရှူမှားလောက်အောင် ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်ကြရသည်။ တင့်ကားကြီးအားလုံး အောင်မြင်စွာ ဖြတ်ကျော်သွားနိုင်ကြသည်။ ဗိုလ်ချုပ် စလင်းကိုယ်တိုင်ကလည်း သူတို့ဗြိတိသျှတို့သည်တာဝန် ဝတ္တရားကို အလေးအနက်ထား ဆောင်ရွက်ကြသူများဖြစ် အောင် လေ့ကျင့်ထားပြီး
ဖြစ်သဖြင့် အောင်မြင်ရမည် ဟု ယုံကြည်ပြီးသားဖြစ်နေသည်။ ဖြတ်ကျော်ပြီး နောက် ၁၉၄၂ ခုနှစ် ဧပြီ ၃ဝ ရက် ည ၁၁ နာရီ ၅၉ မိနစ်တိတိ တွင် အင်းဝတံတားကြီးကို ဖောက်ခွဲဖြိုချပစ် လိုက်သည်။ စစ်ကြီးအပြီး မြန်မာအစိုးရက ကျပ်သိန်း ၈ဝ (အချို့ စာရင်းအရ ကျပ် ၅၇ သိန်း) အကုန်ခံကာ ပြန်လည် ပြင်ဆင်ပြီး ၁၉၅၄ ခုနှစ် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက နိုင်ငံတော်သမ္မတကြီး ဦးဘဦးက ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။ မီးရထားရော ကားပါ ဖြတ်သန်းနိုင်သည့် အင်းဝတံတားကြီးသည် သက်တမ်း ၇ဝ ကျော်ပြီဖြစ်သဖြင့် လက်ရှိတံတားကြီး၏ ရေဆန် ဘက် ပေ၂ဝဝဝ အကွာတွင် ဧရာဝတီတံတား (ရတနာပုံ)ကို အရှည် ၅၆၁၄ ပေ၊ ပင်မသံပေါင် ၃၆၉၄ ပေကိုတည်ဆောက်ခဲ့ပါသည်။ မူလအင်းဝတံတား မှာမူ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် သက်တမ်း ၈၄ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ မြန်မာ့သမိုင်းတွင် ထင်ရှား သော တာဝန်ကျေသော တံတားတစ်စင်းအဖြစ် အသိ အမှတ်ပြုခံရမည့် တံတားကြီးဖြစ်ပေသည်။
တံတားကြီးမရှိလျှင်မြစ်ကြီး၏ ဟိုဘက်သည်ဘက်ကို မည်သို့ဖြတ်သန်းကြမည်နည်း။ တံတားမရှိမှ တံတား ကြီး၏ ကျေးဇူးကိုနားလည်လာကြသည်။ ကမ္ဘာအနှံ့ တံတားကြီးများစွာရှိနေသလို ကျွန်တော်တို့နိုင်ငံမှာလည်း တံတားကြီးငယ်များစွာ တည်ဆောက်ထားကြသည်။တံတားကြီးများကြောင့် သွားလာရေး၊ စီးပွားရေး၊ လူမှု ရေး အစစအဆင်ပြေသည်။ တံတားကြီးများသည် အရှေ့နှင့် အနောက်၊ တောင်နှင့် မြောက်အရပ်လေး မျက်နှာကို အချိန်မရွေး ဆက်သွယ်ပေးနေသည်။သူ့ ကျောပေါ်မှနင်းလျှောက်သွားသူများကို အပြုံးမပျက် အကျိုးပြုလျက်ရှိနေသည်သာဖြစ်သည်။ ဝေးနေသူများ ကို နီးစေသည်။ ရင်းနှီးစေသည်။ ချစ်ခင်စည်းလုံးမှုကိုပေး သည်။ အချင်းချင်းနားလည်မှုများ တည်ဆောက်နိုင်အောင် ဆောင်ရွက်ပေးနေသည်သာဖြစ်သည်။
ဘရွတ်ကလင်းတံတား
Brooklyn Bridge. ဘရွတ်ကလင်းတံတားကြီး သည် အမေရိကန်နိုင်ငံနယူးယောက်မြို့ မန်ဟတ်တန် နှင့် ဘရွတ်ကလင်းကြားရှိ မြစ်ကိုဆက်သွယ်ထားသည့် ကမ္ဘာကျော်ကြိုးတံတားကြီးဖြစ်သည်။ ယင်းကိုဂျွန်ရိုး ဘလင်းနှင့် ဝါရှင်တန်ရိုးဘလင်းတို့သားအဖက တည် ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၈၆၉ ခုနှစ်က ထိုကဲ့သို့သော ကြိုးတံတားမျိုးကို မည်သည့်အင်ဂျင်နီယာ မည်သည့် တည်ဆောက်ရေးပါရဂူကမျှ မထောက်ခံခဲ့ပါ။ ဖြစ်နိုင် ခြေနည်းသောကြောင့် ဖြစ်သည်။ သို့သော်ထိုသားအဖ တို့သည် ဘဏ်လုပ်ငန်းရှင်တို့၏ထောက်ပံ့မှုများဖြင့် ကြိုးတံတားကြီးကို တည်ဆောက်ခဲ့ကြသည်။ စတင် ဆောက်လုပ်ပြီး လအနည်းငယ်အကြာတွင် တံတားတည် ဆောက်မှု အန္တရာယ်တစ်ခုကြောင့် ဖခင်ဖြစ်သူဂျွန်ရိုး ဘလင်း ရုတ်တရက်ကွယ်လွန်သွားခဲ့သည်။ အလားတူ ပင် ထိုမတော်တဆဖြစ်မှုကြောင့် သားဖြစ်သူ ဝါရှင်တန် ရိုးဘလင်းကလည်း စကားမပြောနိုင်၊ လမ်းမလျှောက် နိုင်တော့သည့် ဒုက္ခိတဘဝရောက်သွားခဲ့ရသည်။ ထိုသို့ သော အခြေအနေဆိုးကြီးကြောင့် တံတားဆက်လက်
တည်ဆောက်ရေးမှာ မဖြစ်နိုင်တော့သည့် အခြေအနေ
ဖြစ်သွားသည်။ သို့သော် ဝါရှင်တန်ရိုးဘလင်းသည် လှုပ်ရှားနိုင်သေးသော သူ့လက်ချောင်းကလေးတစ်ချောင်း
ဖြင့် လမ်းညွှန်ကာ ဆက်လက်တည်ဆောက်စေသည်။သူ၏ဦးနှောက်က ကောင်းနေသေးသဖြင့် သူဖြစ်စေလို သည်
့ အချက်များကို သူ၏ဇနီးသည်၏ လက်မောင်းကို တို့ကာ၊ ကြေးနန်းရိုက်သလို သင်္ကေတပြ ဆက်သွယ်ခြင်း ဖြင့် တည်ဆောက်ရေးအင်ဂျင်နီယာများ၊ လုပ်သားများကို ညွှန်ကြားခဲ့သည်။ ထိုသို့ဖြင့် ၁၃ နှစ်ကြာသော ၁၈၈၃ ခုနှစ်တွင် ဘရွတ်ကလင်းကြိုးတံတားကြီးကို ဖွင့်လှစ်နိုင် ခဲ့ပေသည်။
မြောင်းမြတံတား
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်မြောင်းမြမြို့ ရှိ မြောင်းမြမြစ်ကူးကြိုးတံတားကြီးသည် အရှည်ပေ ၁၂၇ဝ၊ တံတားအကျယ် ၂၈ ပေရှိပြီး ၁၉၉၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။ ၂၂နှစ်အကြာ ၂ဝ၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်တွင် မြောင်းမြ မြစ်အတွင်းသို့ ပြတ်ကျသွားခဲ့သည်။ ထိုသတင်းသည်ကား ဝမ်းနည်းဖွယ်ဖြစ်သည်။ တံတားနှင့်အတူ လူနှစ်ဦးပါ သေဆုံးခဲ့ရသေးသည်။ အဓိကကျသောတံတားဖြစ်ခြင်း ကြောင့် ဒေသခံများအတွက် အခက်အခဲများစွာဖြစ်စေ သည်။ ကူးသန်းသွားလာရေးကို များစွာထိခိုက်စေခဲ့ သည်။ တံတားတည်ဆောက်ခြင်းနှင့် ပတ်သက်၍လည်း လေ့လာ စောကြောဖွယ်များစွာ ဖြစ်လာခဲ့သည်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လူ့အသက်တစ်ချောင်း တန်ဖိုးဖြတ်မရဆိုသည့် အတိုင်း ဆုံးရှုံးနစ်နာရမှုမှာ တန်ဖိုးဖြတ်၍မရနိုင်ကြောင်း၊ ကျိုးကျသွားသော ကြိုးတံတားဘေးတွင် တည်ဆောက် လျက်ရှိသည့် တံတားအသစ်နှင့် ပတ်သက်၍ နောင်တွင် ပြောစရာမဖြစ်အောင်စနစ်တကျဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ဂျပန်နိုင်ငံမှပညာရှင်များ၊ တရုတ်နိုင်ငံမှပညာ ရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပညာရှင် များနှင့် တိုင်ပင်ဆွေးနွေးပြီး တံတားဒီဇိုင်းပြောင်းလဲလိုက် ၍ တစ်နှစ်အတွင်းပြီးစီးနိုင်မည်ဆိုသော်လည်း ရေရှည် ဘေးကင်းလုံခြုံရေးအတွက် အာမခံချက်အပြည့်အဝရှိ ရဲ့လား၊ အရည်အသွေးမီရဲ့လားစသည်အားဖြင့် ဘက် ပေါင်းစုံမှ ပြန်လည်လေ့လာသုံးသပ်ပြီးမှ ဆောင်ရွက် ရန် အရည်အသွေးစစ်ဆေးရေးအဖွဲ့ကို သီးခြားလွတ်လပ် သော စစ်ဆေးရေးအဖွဲ့ဖြင့်သာ ဆောင်ရွက်ရန်ဖြစ် ကြောင်း၊ ထိုအရည်အသွေးစစ်ဆေးရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရက ရှာပေးမည်ဖြစ်ကြောင်း၊ အလား တူ တစ်နိုင်ငံလုံးတွင် ကျန်ရှိနေသော ကြိုးတံတား၂၉ စင်းကိုလည်း ကြံ့ခိုင်မှုအရည်အသွေးစစ်ဆေးမှုများ အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည်ဖြင့် ဧပြီ ၁ဝ ရက်က မြောင်းမြမြို့သို့ ရောက်ရှိစဉ်ပြောကြားသွား ပါသည်။
အမြဲကုသိုလ်ရနေစေတဲ့ အလှူခုနစ်မျိုးရှိပါသည်။
၁။ သစ်ပင်ပန်းပင်ဥယျာဉ်စိုက်ပျိုးခြင်း
၂။ အရိပ်ရအပင်များစိုက်ပျိုးခြင်း
၃။ လမ်းတံတား၊ မြစ်ချောင်းအင်းအိုင်များ ဆောက် လုပ် လှူဒါန်းကူညီပေးခြင်း
၎။ ရေချမ်းစင်လှူဒါန်းခြင်း
၅။ ရေလှောင်တာတမံ၊ ရေတွင်းရေကန်လှူဒါန်းခြင်း
၆။ ဇရပ်၊ ဂူ၊ ကျောင်းဆောက်လုပ်လှူဒါန်းခြင်း
၇။ ဆေး၊ ဆွမ်းပဒေသာပင်များလှူဒါန်းခြင်း စသည် တို့ဖြစ်ပါသည်။
ဘရွတ်ကလင်းကြိုးတံတားကြီးသည် မဖြစ်နိုင်ဟူသော အခြေအနေများကို ကျော်လွှားကာ အခက်အခဲများစွာကို ကျော်ဖြတ်ပြီးဆောက်လုပ်နိုင်ခဲ့သည့် လူသားတို့၏ အရည်အချင်းကို ကောင်းစွာပြသနိုင်ခဲ့သည်ကို တွေ့နိုင် ပါသည်။
အင်းဝတံတားကြီးနှင့် မြောင်းမြတံတားကြီးနှစ်စင်းတို့ကိုယှဉ်ကြည့်မိရာ အင်းဝလိုတောင့်တင်းကြံ့ခိုင်စေ ဖို့၊ မြောင်းမြလိုကြံ့ခိုင်အားညံ့မသွားစေဖို့ နောင်အစဉ် ဂရုပြုသင့်ပါပေသည်ဟု စိတ်ထဲအတွေးဝင်လာမိပါသည်။
တံတားကြီးများကြောင့် အများကောင်းကျိုးရကြပါ သည်။ တံတားကြီးများတည်ဆောက်ခွင့်ရခြင်းမှာ အများ ကောင်းကျိုးကို များစွာဆောင်ရွက်နိုင်ခွင့်ရသည့် ကုသိုလ် ကောင်းမှုကြီးတစ်ခုကို ဆောင်ရွက်ခွင့်ရခြင်းဖြစ်ပါသည်။ တံတားများတည်ဆောက်ခြင်းနှင့်အတူ နိုင်ငံတော်ကြီး ပြုပြင်တည်ဆောက်ရာတိုင်းမှာလည်း နိုင်ငံသားတိုင်း စေတနာ၊ မေတ္တာတရားများ ပြည့်ဝစွာဖြင့် ဆောင်ရွက် နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုပါသည်။။
ဒေါက်တာမြင့်သန်း(ညောင်လေးပင်)
ကိုးကား -
(၈၄)နှစ်ပြည့်အင်းဝတံတား-ဆူးငှက်၊
No comments:
Post a Comment