Latest News

Monday, April 30, 2018

ထိန်ပင်အမှိုက်ပုံမီး အပြီးသတ်ငြှိမ်းသတ်မှု ဇုန်လေးဇုန် သတ်မှတ်ကာ အပိုင်းလိုက် ဆောင်ရွက်လျက်ရှိ၊ နောက်သုံးရက်အကြာတွင် မီးငြိမ်းသွားရန်ဆောင်ရွက်နေ

ထိန်ပင်အမှိုက်ပုံမီး အပြီးသတ်ငြှိမ်းသတ်မှု ဇုန်လေးဇုန် သတ်မှတ်ကာ အပိုင်းလိုက် ဆောင်ရွက်လျက်ရှိ၊ နောက်သုံးရက်အကြာတွင် မီးငြိမ်းသွားရန်ဆောင်ရွက်နေ


ရန်ကုန်   ဧပြီ   ၂၉

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင် အမှိုက်ပုံမီးလောင်နေမှုကို အပြီးသတ်ငြှိမ်းသတ်ရာတွင် ယနေ့မှ စတင်၍ ဇုန်လေးဇုန် သတ်မှတ်ကာ တစ်ရက်လျှင် တစ်ဇုန်နှုန်းဖြင့် အပိုင်းလိုက် ဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုရှိပြီး နောက် ထပ်သုံးရက်အကြာတွင် မီးငြိမ်းသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယòန်ကြားရေးမှူးချုပ် ဦးမြတ်သူက မြန်မာ့သတင်းစဉ်ကို ပြောကြားသည်။

ဒုတိယòန်ကြားရေးမှူးချုပ်  ဦးမြတ်သူက ''လက်ရှိ မြေပြင်အခြေအနေကိုကြည့်ပြီးတော့ မဟာဗျူဟာအသစ်ကို ပြောင်းလဲရေးဆွဲခဲ့ပါတယ်၊  မီးလောင်ပြင်ကို  ဇုန်လေးဇုန် သတ်မှတ်ပြီး အပိုင်းလိုက် ငြှိမ်းသတ်နေပါတယ်၊ ဒီကနေ့ဆိုရင် ဇုန် (A) ကိုငြှိမ်းသတ်နေတာပါ၊ ညနေ ၆ နာရီခွဲရင်တော့ သတ်မှတ် အချိန်ပြည့်ပြီ၊ လက်စသတ်ပါမယ်၊ ဒီကနေ့ရဲ့ ရည်မှန်း ချက်က ပြည့်လည်းပြည့်တယ်၊ အောင်လည်းအောင်မြင်ပါတယ်၊ ဇုန်တစ်ဇုန်ကို တစ်ရက်နှုန်းနဲ့ အပြီးပြတ် ငြှိမ်းသတ်သွားမှာပါ၊ နောက်ထပ်သုံးရက်ဆိုရင် အားလုံးငြိမ်းပါပြီ၊ လက်ရှိငြှိမ်းသတ်တဲ့ အခါမှာတော့Bio Foam ဆေးရည်ကိုနည်းနည်းပဲသုံးပါတယ်၊ ရေများများနဲ့ ငြှိမ်းသတ်နေတာပါ၊ အဆုံးသတ်အပိုင်းတွေကို တော့Bio Foam  ဆေးရည်နဲ့ငြှိမ်းပါတယ်'' ဟုပြောသည်။

တတ်နိုင်သလောက်ထိန်းသိမ်း
မီးငြှိမ်းသတ်နေမှုအပေါ်       ရန်ကုန်တိုင်းဒေသကြီး             မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်òန်ကြားရေးမှူး ဦးမြင့်ဦးက ''လက်ရှိအခြေအနေကတော့ အပြီးသတ်ငြှိမ်းသတ်နေ တာပါ၊ ကျွန်တော့်အနေနဲ့ကတော့ အပိုင်းသတ်မှတ်ဇုန် (၃) ကိုတာဝန်ယူငြှိမ်းသတ်နေပါတယ်၊ ငြှိမ်းပြီးသားနေရာတွေကို နောက်ထပ်  ငြှိမ်းစရာမလိုအောင်  ဆောင်ရွက်နေပါတယ်၊ အရင်နေ့တွေလောက် မီးခိုးမထွက်တော့ပါဘူး၊ အမှိုက်ပုံက ကြီးတော့ လောင်တဲ့အပေါ် မှာ တတ်နိုင်သလောက်ထိန်းသိမ်း ပြီးငြှိမ်းသတ်ခဲ့တယ်၊ လက်ရှိမှာလည်း သတ်မှတ်ထားတဲ့အတိုင်း အပိုင်းလိုက် ငြှိမ်းသတ်နေပါတယ်'' ဟုပြောသည်။
ထိန်ပင်အမှိုက်ပုံမီးလောင်မှုသည် ဧပြီ ၂၁ ရက်မွန်းလွဲပိုင်းက စတင်လောင်ကျွမ်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူတို့နှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်း များ အပါအဝင် အင်အား ၉ဝဝ ကျော် ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်လျက် ရှိပြီး  ဧပြီ ၂၇ ရက် နံနက် ၉ နာရီခန့်မှ စတင်ကာ အပြီးသတ်မီးငြှိမ်း သတ်နိုင်ရန်Bio Foam  (အမြှုပ်ဆေးရည်) ကို အသုံးပြု၍ ငြှိမ်းသတ်လျက်ရှိသည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ''မနေ့ကမနက် အထိကတော့  အကုန်လုံးစုပေါင်းပြီး  လုပ်ဆောင်ကြတာပါ၊ မနေ့ကညနေပိုင်းမှာ မီးသတ်ကို တာဝန်ခံအနေနဲ့ အပ်လိုက်ပါ တယ်၊ ကျန်တဲ့ အဖွဲ့အစည်းတွေကတော့ သူတို့ကို လိုအပ်တဲ့ လူအင်အားနဲ့ ပစ္စည်းအင်အားတွေ ဖြည့်ဆည်းပေးပါတယ်၊ အခုဆိုရင် မီးသတ်တပ်ဖွဲ့အနေနဲ့  ဇုန်လေးဇုန်သတ်မှတ်ပြီးငြှိမ်း သတ်နေပါပြီ၊ လက်ရှိ အခြေအနေအရ ထိရောက်အောင်မြင်မှုရှိပါ တယ်၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဆွဲတဲ့ မဟာဗျူဟာကို အာဆီယံက အဖွဲ့ရယ်၊ ထိုင်းကလာရောက်တဲ့ ကျွမ်းကျင်ပညာရှင် အဖွဲ့တွေကလည်း သဘောတူလက်ခံပါတယ်၊ အခုလည်း လေထု တိုင်းတဲ့အခါမှာ အရင်နေ့တွေနဲ့ မတူတော့ပါဘူး၊ တော်တော် အခြေအနေကောင်းလာပါပြီ'' ဟု ပြောကြားသည်။

အပြီးသတ် မီးငြှိမ်းသတ်မှု ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန် ထိရောက်စေရန်  တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီနှင့် အကြံပြုချက်များဖြင့် လည်း ရယူဆောင်ရွက်လျက်ရှိသည်။

ဆွေးနွေးမှုများပြုလုပ်
ထိုသို့ ဆောင်ရွက်မှုအနေဖြင့်   ယနေ့မွန်းလွဲပိုင်းတွင် မီးလောင်မှုအနီးရှိ ကွပ်ကဲရေးရုံး၌ ရန်ကုန်မြို့တော်ဝန်ဦးမောင် မောင်စိုးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ အရာရှိကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင် များ၊ ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်ဘက် ဆိုင်ရာ အရာရှိ   Mr. Suttipol Suchart နှင့် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၊    အာဆီယံသဘာဝပတ်ဝန်းကျင်            ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတို့က အပြီးသတ် မီးငြှိမ်းသတ်နေမှုနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ကြသည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူတို့နှင့်အတူ ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များပါဝင်သောအဖွဲ့နှင့် အာဆီယံ သဘာဝ ပတ်ဝန်းကျင်   ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့သည် မီးလောင်မှုမှ ထွက်ရှိသည့် မီးခိုးများနှင့် ပတ်သက်၍ မီးလောင် ပြင်အနီး လေ့လာမှုများ ပြုလုပ်ခြင်းနှင့် လေထုတိုင်းတာခြင်းများ ကို ကွင်းဆင်းဆောင်ရွက်ကြသည်။
လက်ရှိဆောင်ရွက်နေသည့်  နည်းစနစ်အသင့်တော်ဆုံးဖြစ်
အမှိုက်ပုံမီးလောင်မှုများသည်   တစ်နိုင်ငံနှင့်တစ်နိုင်ငံ တူညီမှုမရှိသော်လည်း ယခုမီးလောင်မှုသည် ၂ဝ၁၄ ခုနှစ်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင်ဖြစ်ပွားခဲ့သော အမှိုက်ပုံ မီးလောင် မှုနှင့် အနည်းငယ်ဆင်တူကြောင်း၊ ဆွေးနွေးအကြံပြုချက်များ အရ ယခုလောင်ကျွမ်းနေသည့် မီးလောင်မှုအား ငြှိမ်းသတ်ရာ တွင် မြန်မာနိုင်ငံမှ  လက်ရှိဆောင်ရွက်နေသည့်  နည်းစနစ် သည်သာ အသင့်တော်ဆုံး ဖြစ်ကြောင်း သိရသည်။

ယခုအခါမီးလောင်မှု၏ ၉ဝ ရာခိုင်နှုန်းကို ငြှိမ်းနိုင်ခဲ့ပြီးဖြစ် သော်လည်း  အမှိုက်ပုံအတွင်းပိုင်းမှ   လောင်ကျွမ်းနေမှုနှင့် မီးခိုးများထွက်ရှိနေမှုတို့ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ မဟာ ဗျူဟာအရ အပိုင်းအလိုက် (A,B,C,D)  ဇုန်များသတ်မှတ်ကာ ငြှိမ်းသတ်လျက်ရှိရာ အောင်မြင်ထိရောက်မှုရှိကြောင်း သိရ သည်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းကျေးရွာမှ ဒေါ်ခင်သိန်း က ''အမှိုက်ပုံမီးလောင်တာ မငြိမ်းသေးဘူးလို့တော့ ပြောတယ်၊ မီးခိုးမွှန်တဲ့ အနံ့မျိုးမရတော့ပါဘူး၊ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မီးလောင်တဲ့ညှော်နံ့တွေ  တော်တော်ခံစားလိုက်ရပါတယ်၊ အဲဒီတုန်းက တချို့အသက်ရှူကျပ်လို့ ဆေးရုံတက်လိုက်ရသေး တယ်၊  မီးသတ်တပ်ဖွဲ့ဝင်တွေလည်း ကြိုးစားပြီး  ငြှိမ်းနေတယ် လို့သိရတယ်၊   မြန်မြန်ငြိမ်းစေချင်ပါတယ်၊    သူတို့လည်း           တော်တော်ပင်ပန်းနေပါပြီ'' ဟု ပြောသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် မီးခိုးဒဏ် ကို ခံစားရသော ပြည်သူများနှင့် မီးငြှိမ်းသတ်ရာတွင် ပါဝင် ဆောင်ရွက်နေသူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင် ရန် ဆေးကုသမှုစခန်းများ ဖွင့်လှစ်ကာ ပြည်သူများအတွက်  ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။

ထို့အတူ မီးလောင်မှုအနီးတွင် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ အရပ်ဘက်အဖွဲ့အစည်းများကလည်း ကျန်းမာ ရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပြီး စေတနာရှင်များက လည်း အစားအသောက်၊ ရေနှင့်ဆေးဝါးများကို လာရောက် လှူဒါန်းလျက်ရှိသည်ကို တွေ့ရသည်။
ရှင်သန်ရေး လူမှုကူညီစောင့်ရှောက်ရေးအသင်း အပါအဝင် အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေ သူ သူနာပြုဆရာမ ဒေါ်သစ်သစ်လွင်က ''အလှူရှင်တွေ စုပေါင်း လှူဒါန်းထားတဲ့ ဆေးတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး နေတာပါ၊ ပထမရက်တွေမှာတော့ မီးသတ်တပ်ဖွဲ့တွေအပြင်      လာရောက်ဝိုင်းဝန်းငြှိမ်းသတ်ပေးတဲ့ တပ်မတော်သားတွေနဲ့ ပါဝင်ဆောင်ရွက်နေသူ အားလုံးကို မေးခိုင်ကာကွယ်ဆေးတွေ ကြိုတင် ထိုးပေးခဲ့ပါတယ်၊ မီးငြှိမ်းသတ်တဲ့နေရာမှာ ထိခိုက်ရှနာ တွေ ဖြစ်နိုင်တဲ့အတွက် အခုလို ကြိုတင်ဆောင်ရွက်ပေးထား တာပါ၊ လက်ရှိ အခြေအနေမှာတော့ ထိခိုက်ရှနာ၊ သွေးပေါင်ကျ တာနဲ့ မီးခိုးကြောင့် အသက်ရှူမဝဖြစ်တဲ့သူတွေကို အများဆုံး ကုသမှု ပေးနေရတာပါ၊ တချို့အဖွဲ့တွေကတော့ မီးလောင်ပြင် အတွင်းထဲအထိ ကားတွေနဲ့ ဆေးလိုက်ထိုးပေးတာမျိုးလည်းလုပ်ပေးနေကြပါတယ်၊ ကျွန်မတို့အဖွဲ့အနေနဲ့ကတော့ သုံးရက် တာကာလအတွင်းမှာ ထိခိုက်ရှနာနဲ့ အသက်ရှူမဝတဲ့ လူနာ ၂၅ဝ ကျော်ကို ကုသပေးခဲ့ပြီးဖြစ်ပါတယ်၊ ဒီနေ့ မနက်ကတော့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ခြေထောက်ကျိုးသွားလို့ ဆေးရုံကို ပို့ပေးခဲ့ပါတယ်'' ဟု ပြောသည်။

အလားတူ အရပ်ဘက်လူမှု အဖွဲ့အစည်းများအနေဖြင့် မီးငြှိမ်းသတ်နေသည့် နေရာများအနီးအထိ လူနာတင်ယာဉ်များ ဖြင့် သွားရောက်ကာ မီးငြှိမ်းသတ်နေသူများအား အနီးကပ်       ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိကြောင်း သိရသည်။
ဆေးဝါးကုသမှုမျိုး ပြုလုပ်ပေးနိုင်ဖို့ ကြိုတင်စီစဉ်ထား
မီးလောင်မှုမှ  မီးခိုးများထွက်ရှိမှုကြောင့်  လာရောက်      ဆေးဝါးကုသမှုခံယူသူများနှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သီတာစိုးက ''ဒီကနေ့ ညနေပိုင်း အထိ ၂၄ ဦးရှိပါတယ်၊ အဲဒီထဲက လေးဦးကတော့ ဒီနေ့မှ ရောက် လာတာပါ၊ မီးခိုးမွှန်နဲ့ သုံးဦးရောက်လာတယ်၊ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးပါပါတယ်၊ နောက်တစ်ဦးကတော့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးခြေထောက်မှာ ဒဏ်ရာရတာပါ၊ အားလုံးအခြေ အနေကောင်းပါတယ်၊  မစိုးရိမ်ရပါဘူး၊  ပြင်ပလူနာအနေနဲ့ ကတော့ မနေ့ကအထိ ၂၉ ဦးရှိပါတယ်၊ ဒီကနေ့မှာတော့ နောက် ထပ်သုံးဦးလာရောက်ပြသခဲ့ပါတယ်၊ ကျွန်မတို့အနေနဲ့လည်း လိုအပ်တဲ့ ဆေးဝါးကုသမှုမျိုး ပြုလုပ်ပေးနိုင်ဖို့အားလုံး ကြိုတင် စီစဉ်ထားပါတယ်'' ဟု ပြောသည်။

ယခုအခါ အဆိုပါမီးလောင်မှုကို အပြီးသတ် ငြှိမ်းသတ် ရာတွင် ရေဖြင့် အဓိကပက်ဖျန်းကာ ငြှိမ်းသတ်လျက်ရှိပြီး လိုအပ်သည့်နေရာများတွင်သာBio Foam  (အမြှုပ်ဆေးရည်) ကို အသုံးပြုငြှိမ်းသတ်လျက်ရှိသည်။ ထိုသို့ငြှိမ်းသတ်ရာတွင် မီးငြှိမ်းသတ်မှု အင်အား ၉ဝဝ ကျော် တို့၏ အလှည့်ကျဆောင် ရွက်မှုနှင့်အတူ မီးငြှိမ်းသတ်ယာဉ်၊ အထောက်အကူပြုယာဉ်၊ ရေသယ်ယာဉ် စုစုပေါင်းအစီး ၃၈ဝ၊ ရေတင်စက်အလုံး၎ဝ၊ ဘက်ဟိုးယာဉ်ကိုးစီးတို့ဖြင့်  တစ်ရက်လျှင်  ရေဂါလန်တစ်သန်း ခန့်ကို အသုံးပြုကာ ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်(မြန်​မာ့အလင်း)

No comments:

Post a Comment