Latest News

Wednesday, April 11, 2018

မြန်မာ့ ရိုးရာ မဟာသင်္ကြန် ကာလအတွင်း ခရီးသည်တင် မော်တော်ယာဉ်လိုင်းများ ရပ်နားမည်

မြန်မာ့ ရိုးရာ မဟာသင်္ကြန် ကာလအတွင်း ခရီးသည်တင် မော်တော်ယာဉ်လိုင်းများ ရပ်နားမည်

မုံရွာ ဧပြီ ၁၁

၂ဝ၁၈ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း မုံရွာမြို့မှ ရန်ကုန်မြို့၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့များသို့ ပြေးဆွဲလျက်ရှိသော ခရီးသည်တင် မော်တော်ယာဉ်လိုင်းများ၏ ခရီးစဉ်များကို ရပ်နားထားမည် ဖြစ်ကြောင်း မြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီမှ သိရသည်။

သင်္ကြန်ကာလအတွင်း ပုံမှန်ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်လိုင်း အချို့၏ ခရီးသည်နှုန်းထားများကိုလည်း ပုံမှန် နှုန်းထားအတိုင်း ကောက်ခံ ပြေးဆွဲရန်နှင့် ပိုမိုကောက်ခံပြေးဆွဲသည့် ယာဉ်လိုင်းများရှိပါက သက်သေစုံလင်စွာဖြင့် မြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီရုံး(မုံရွာ)သို့ လာရောက် တိုင်ကြားပါက ကူညီဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

'' အခုနှစ် သင်္ကြန်ကာလအတွင်း ယာဉ်လိုင်းတွေအနေနဲ့ ရပ်နားမည့်ရက်တွေ မတူညီကြပါဘူး၊ ဒါပေမဲ့ ယာဉ်လိုင်းတွေ အားလုံးက သင်္ကြန်ကာလအတွင်းမှာ ရပ်နားကြမှာပါ၊ တစ်ချို့ယာဉ်လိုင်းတွေကတော့ ပြေးဆွဲကြမှာပါ၊ အဲဒီကာလအတွင်းမှာတော့ ကျန်တဲ့ လိုက်ထရပ်၊ ဒိုင်နာယာဉ်တွေနဲ့ပြေးတဲ့ လိုင်းတွေကတော့ ပုံမှန်ပြေးဆွဲသွားမယ်၊ မစက (မုံရွာ)နေနဲ့ကတော့ သင်္ကြန်ကာလအတွင်း ပြေးဆွဲနေတဲ့ယာဉ်လိုင်းတွေ ယာဉ်မတော်တဆမှုတွေ မဖြစ်စေဖို့ အထူးသတိပေးထားတယ်၊ နောက်တစ်ချက်က ရန်ကုန်လိုင်းက ခရီးသည်တွေက သင်္ကြန်ကာလအတွင်း အရေးကြီးကိစ္စတွေ အတွက် ခရီးသွားကြရတာ၊ တော်ရုံဆို မသွားကြဘူး၊ ဒါ့ကြောင့် သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူတွေအတွက် မော်တော်ယာဉ်စီးနင်းခ ဈေးနှုန်းတွေ ပုံမှန်အတိုင်း ဖြစ်စေဖို့ ကြပ်မတ်ပေးထားပါတယ် ''ဟု ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီ (မုံရွာ) ဥက္ကဋ္ဌ ဦးမျိုးမင်းက ပြောသည်။

မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်ရှိ ခရီးသည်တင် မော်တော်ယာဉ် ရပ်နားစခန်း (ကားလေးဝင်း)မှ  နေ့စဉ် နေပြည်တော်သို့ ပြေးဆွဲသည့် ယာဉ်လိုင်း (၇)လိုင်းမှ ယာဉ်အစီးရေ(၁၁)စီး၊  ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ယာဉ်လိုင်း (၁၅)လိုင်းမှ ယာဉ်အစီးရေ (၁၉)စီး၊ မကွေးမြို့သို့ ပြေးဆွဲသည့် ယာဉ်လိုင်း(၃)လိုင်းမှ ယာဉ်အစီးရေ (၇)စီး၊ မကွေးမြို့သို့ ပြေးဆွဲသည့် ယာဉ်လိုင်း(၁)လိုင်းမှ ယာဉ်အစီးရေ(၁)စီး၊ တောင်ကြီးမြို့သို့ ပြေးဆွဲသည့် ယာဉ်လိုင်း(၃) လိုင်းမှ ယာဉ်အစီးရေ(၃)စီး၊ လားရှိုးမြို့သို့ ပြေးဆွဲသည့် ယာဉ်လိုင်း(၄)လိုင်းမှ ယာဉ်အစီးရေ (၄)စီး၊ ပြင်ဦးလွင်မြို့သို့ ပြေးဆွဲသည့် ယာဉ်လိုင်း(၄)လိုင်းမှ ယာဉ်အစီးရေ(၁၃)စီး၊ မြစ်ကြီးနား-ဖားကန့် မြို့များသို့ ပြေးဆွဲသည့် ယာဉ်လိုင်း (၆)လိုင်းမှ ယာဉ်အစီးရေ(၆)စီးနှင့် ကလေး-ကလေးဝ-တမူးမြို့များသို့ ပြေးဆွဲလျက် ရှိသော ယာဉ်လိုင်း(၁၂)လိုင်းမှ ယာဉ်အစီးရေ (၁၄)စီးတို့၏ ခရီးစဉ်များကို ယခုနှစ်သင်္ကြန် ကာလအတွင်း ပြေးဆွဲမှုများ ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment