Latest News

Sunday, April 22, 2018

ပုသိမ်မြို့နယ်၌ အရေခွံခွာထားသည့် ဆင်သေတစ်ကောင်နှင့်အတူ လူနှစ်ဦးကို ဖမ်းဆီးရမိ

ပုသိမ်မြို့နယ်၌ အရေခွံခွာထားသည့် ဆင်သေတစ်ကောင်နှင့်အတူ လူနှစ်ဦးကို ဖမ်းဆီးရမိ

နေပြည်တော်    ဧပြီ    ၂၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငွေဆောင်မြို့ သစ်ဖြူ ကျေးရွာ ချောင်းသာသစ်တောကြိုးဝိုင်းအတွင်း၌ ဧပြီ ၂၁ ရက် နံနက် ၄ နာရီက ဆင်ကိုသတ်၍ အရေခွံခွာသူနှစ်ဦးအား ဖမ်းဆီး ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၁ ရက်က ချောင်းသာ သစ်တောကြိုးဝိုင်း အတွင်း မသင်္ကာဖွယ်  လူစိမ်းများရောက်ရှိနေကြောင်း သတင်းအရ   သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ငွေဆောင်နယ်မြေရဲစခန်းမှ  တပ်ဖွဲ့ဝင်များ၊ ဆင်ဆရာဝန် ဦးလင်းလင်းထွန်းပါဝင်သည့် ပူးပေါင်းအဖွဲ့၊  သွားရောက် စစ်ဆေးစဉ် သဇင်ကျေးရွာနေ ငဒူး(ခ)ချစ်မင်းနိုင်(၃၉နှစ်)ပါ အမျိုးသားနှစ်ဦးအား တွေ့ရှိခဲ့သည်။

¤င်းတို့အား စစ်ဆေးရာ လွန်ခဲ့သော သုံးရက်ခန့်က  အမျိုးသားနှစ်ဦးမှ ဆင်တစ်ကောင် ပစ်ခတ်သတ်ဖြတ်ထား    သဖြင့် အရေခွံသယ်ရန်လာခေါ်၍ လိုက်ပါခဲ့ကြောင်း၊  သစ်ဖြူ ချောင်းဖျား၌ လွန်ခဲ့သော တစ်ရက်ခန့်က အဆိပ် ခဲသီးများ လူးထားသည့် တူမီးသေနတ်ဖြင့် ယာလက်ပြင်အနောက်သို့ ပစ်ခတ်ခံရ၍ သေဆုံးနေသော အရေခွံခွာထားသည့် အမြင့်           ရှစ်ပေ၊ လုံးပတ် ၁၄ ပေ ၅ လက်မ၊ အလျား ၁၁ ပေ၊ အစွယ်မပါ ဆင်ထီး တစ်ကောင်အား တွေ့ရှိခဲ့သည်။

ယင်းဆင်သေကောင်အနီးရှိ လျှိုထဲ၌  ဆင်သားရေ ၄၁ ချပ်အား တွေ့ရှိခဲ့သည်။ ပူးပေါင်းအဖွဲ့မှ ဆက်လက်ရှာဖွေရာ သစ်ဖြူချောင်းဖျားရှိ ငဒူး(ခ)ချစ်မင်းနိုင်  နေထိုင်သည့်   တဲအနီးရှိ တောထဲမှ အရှည်သုံးပေခန့်ရှိ သံတူရွင်းတစ်ချောင်း၊ အရှည်နှစ်ပေခွဲခန့်ရှိ သစ်သားဒူးလေးတစ်လက်၊ ဒူးလေး ကိုယ်ထည်တစ်ခု၊ အရှည်လေးပေခန့်ရှိ တူမီးသေနတ်တစ်လက်၊ ယမ်းမှုန့်ခြောက်ထုပ်၊ ပလတ်စတစ် ယမ်းကတ် ၁၆ ခု၊ အဆိပ် များထည့်ထားသည့် ပင်နီဆီလင် ငါးလုံး၊ ဝါးမြားတံခြောက် ချောင်း၊ သံမြားခေါင်းလေးခုနှင့် အခြားဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းခဲ့ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းက အမှုဖွင့် ထားကြောင်း သိရသည်။

ကိုရဲ(မြန်​မာ့အလင်း)

No comments:

Post a Comment