Latest News

Wednesday, April 18, 2018

အင်းစိန်(ဗဟို)အကျဉ်းထောင်မှ အကျဉ်းသား ၃၃၆ ဦး လွတ်မြောက်

အင်းစိန်(ဗဟို)အကျဉ်းထောင်မှ အကျဉ်းသား ၃၃၆ ဦး လွတ်မြောက်

ရန်ကုန် ဧပြီ ၁၇

မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထား သောအားဖြင့် လည်းကောင်း၊ အကျဉ်းထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံ နေကြရသော အကျဉ်းသား၊ အကျဉ်းသူများကို ရာဇဝတ်ကျင့်ထုံး ဥပဒေအရ ယနေ့ နံနက်ပိုင်းက လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ ရန်ကုန်မြို့ရှိ အင်းစိန် (ဗဟို) အကျဉ်း ထောင်မှ နိုင်ငံရေး အကျဉ်းသားရှစ်ဦးနှင့် နိုင်ငံခြားသားတစ်ဦး အပါအဝင် အကျဉ်း သား၊ အကျဉ်းသူ ၃၃၆ ဦး
လွတ်မြောက်ခဲ့ကြောင်း အဆိုပါ အကျဉ်း ထောင်မှ သိရသည်။

''နိုင်ငံတော်သမ္မတက နှစ်သစ်ကူး အခါသမယမှာ မင်္ဂလာရှိအောင်၊ နိုင်ငံ အကျိုးကို တစ်ဖက်တစ်လမ်းက စိတ်သစ် လူသစ်နဲ့ အကျိုးပြုနိုင်အောင် လွတ်ငြိမ်း သက်သာခွင့် ပေးခဲ့တာပါ၊ ဒီကနေ့ လွှတ် ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ရှစ်ဦးနဲ့အတူ တရုတ်နိုင်ငံသားတစ်ဦး လည်း ပါဝင်ပါတယ်''ဟု အင်းစိန်ဗဟို အကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးက မြန်မာ့သတင်းစဉ်ကို ပြောကြားသည်။

အင်းစိန်(ဗဟို) အကျဉ်းထောင်မှ ယနေ့ပြန်လည် လွတ်မြောက်လာ သူများတွင် နိုင်ငံရေးအကျဉ်းသား (ဗဗဏဏ) စာရင်းဝင် ကျားရှစ်ဦး၊ ရဲစည်းကမ်းထိန်းသိမ်းရေးဖြင့် ပြစ်ဒဏ် ကျခံနေရသူများ၊ တပ်မတော်အက်ဖြင့် ပြစ်ဒဏ်ကျခံနေရသူများ၊ မူးယစ်ဆေး ဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများ အပါအဝင် အကျဉ်းသား ၂၉၉ ဦးနှင့် အကျဉ်းသူ ၃၇ ဦး ပါဝင်ကြောင်း သိရ သည်။

ပြစ်ဒဏ်ကျခံခဲ့ရသူ စောဝါးလေး က''ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရတာ ပါ၊ ၁၃ နှစ်လောက်ထောင်ထဲမှာနေပြီး ပြန်လည်လွတ်မြောက်လာတာပါ၊ အခုလို မထင်မှတ်ဘဲ လွတ်မြောက်လာတဲ့ အတွက် ဝမ်းသာပါတယ်၊ နိုင်ငံတော် သမ္မတကြီးနဲ့ နိုင်ငံတော်အကြီးအကဲတွေ ကိုလည်း ကျေးဇူးတင်ပါတယ်၊ အထဲမှာ ကျန်ခဲ့တဲ့သူတွေကိုလည်း စိစစ်ပြီး လွှတ် ပေးဖို့မျှော်လင့်ပါတယ်'' ဟုပြောသည်။

အလားတူ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို လာရောက် ကြိုဆိုသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးရဲအောင်က ''အခုလို နှစ်ဆန်း ၁ ရက် နေ့မှာနိုင်ငံရေး အကျဉ်းသားတွေကို ဂရု တစိုက်နဲ့ လွှတ်ပေးတဲ့အတွက် ဝမ်းသာ ပါတယ်၊ သမ္မတကြီးကိုလည်း ဝမ်းမြောက် ကြောင်းပြောချင်ပါတယ်၊ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိစေ ဘဲနဲ့ တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းပြီးတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို သွားမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ်၊ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးနဲ့အတူ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်'' ဟုပြောသည်။

ယနေ့ လွတ်မြောက်လာသူများတွင် နိုင်ငံရေးအမှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး လွတ်မြောက်လာသူများတွင် ထောင် ဒဏ်နှစ်ရှည် ကျခံနေရသူများအပြင် သေဒဏ်နှင့် ထောင်ဒဏ်တစ်သက် တစ် ကျွန်းကျခံနေရသူများလည်း ပါဝင် ကြောင်း သိရသည်။

ဗဟန်းမြို့နယ်မှ ဒေါ်သီရိက ''မူးယစ်ဆေးဝါးမှုနဲ့ ထောင်လေးနှစ်ကျ ခဲ့တာပါ၊ ထောင်ထဲမှာ နှစ်နှစ်ကျော် လောက်နေခဲ့ရပါတယ်၊ ဒီကနေ့ လွတ် မယ်ဆိုတာကို ကြိုမသိခဲ့ရပါဘူး၊ မနက် ကမှနာမည်နဲ့ လာခေါ်တော့မှ သိရတာပါ၊ အခုလို မထင်မှတ်ဘဲ သမ္မတကြီးရဲ့ လွတ်ငြိမ်းခွင့်နဲ့ အမြန်ဆုံးလွတ်မြောက် လာတဲ့အတွက် သမ္မတကြီးကိုကျေးဇူး တင်ပါတယ်၊ အထဲမှာရှိတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကလည်း သမ္မတကြီးကို ကြိုဆိုကြပါတယ်၊ ရှေ့ဆက်ပြီး ဘဝကို အကောင်းဆုံး တည်ဆောက်နေထိုင် သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ လူငယ်တွေ အနေနဲ့လည်း မူးယစ်ဆေး နဲ့ပတ်သက်ပြီး နည်းနည်းလေးမှ မငြိစွန်း စေချင်ပါဘူး၊ နည်းနည်းလေး ပတ်သက် တာနဲ့ ဘဝနဲ့ရင်းပြီးပေးဆပ်ရလိမ့်မယ်လို့ သတိပေးချင်ပါတယ်'' ဟု ပြော သည်။

နိုင်ငံတော်သမ္မတက မြန်မာနှစ်သစ် ကူး အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ် ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထား သောအားဖြင့် လည်းကောင်း၊ အကျဉ်း ထောင်/ စခန်းအသီးသီးတွင် အကျဉ်း ကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူများကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄ဝ၁ ၊ ပုဒ်မခွဲ (၁) အရ စည်းကမ်း သတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက် သည့် သတင်းကြောင့် ယနေ့နံနက်ပိုင်းမှ စတင်ကာ အင်းစိန်အကျဉ်းထောင် ရှေ့တွင် လာရောက်ကြိုဆိုနေကြသူများ၊ စောင့်မျှော်နေသည့် မိသားစုဝင်များ လည်းရှိသည်။

အကျဉ်းသား၊ အကျဉ်းသူများကို ယနေ့ လွှတ်ပေးရာတွင် ရန်ကုန်တိုင်း ဒေသကြီး၌အင်းစိန် (ဗဟို) အကျဉ်း ထောင်နှင့် ရွှေသူဋ္ဌေး၊ တောကြီးတန်း၊ လှေလှော်အင်း၊ အိုင်ကလောင်၊ အောင် ချမ်းသာ၊ မင်းကုန်းစသည့် အကျဉ်းစခန်း များလည်း ပါဝင်ရာတိုင်းဒေသကြီး အတွင်း အကျဉ်းသား၊ အကျဉ်းသူစုစု ပေါင်း ၇ဝ၉ ဦး လွှတ်ပေးမည်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

သတင်းနှင့် ဓာတ်ပုံ-ဇော်ကြီး(ပဏီတ)

No comments:

Post a Comment