Latest News

Wednesday, April 18, 2018

မန္တလေးတိုင်းဒေသကြီးအတွင်း လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၆ လ ဘတ်ဂျက်၌ နိုင်ငံ့ဝန်ထမ်းအိမ်ယာ တိုက်ခန်းပေါင်း ၂၄၈ ခန်း တည်ဆောက်ပေးသွားမည်

မန္တလေးတိုင်းဒေသကြီးအတွင်း လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၆ လ ဘတ်ဂျက်၌ နိုင်ငံ့ဝန်ထမ်းအိမ်ယာ တိုက်ခန်းပေါင်း ၂၄၈ ခန်း တည်ဆောက်ပေးသွားမည်

မန္တလေး       ဧပြီ     ၁၈

မန္တလေးတိုင်းသေကြီးအတွင်းရှိ မြို့နယ် ၈ မြို့နယ်တွင် လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၆လ ဘတ်ဂျက်၌ နိုင်ငံ့ဝန်ထမ်းအိမ်ယာ တိုက်ခန်းပေါင်း ၂၄၈ ခန်းကို တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ ညွှန် ကြားရေးမှူး ဦးသက် နိုင်က ပြောသည်။

အိမ်ယာတိုက်ခန်းပေါင်း ၂၄၈ ခန်းကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်၊ မိတ္ထီလာ၊ကျောက်ပန်းတောင်း၊ သာစည်၊ မလှိုင်၊ ရမည်းသင်း၊ မြင်းခြံနှင့် ညောင်ဦးမြို့နယ်တို့တွင် တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ဆက်လက် ၍လည်း လက်ရှိတာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ၀င်ငွေနည်းပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် အရောင်းအိမ်ယာများကိုလည်း ထပ်မံတည်ဆောက်ပေးရန် စီစဉ်ဆောင် ရွက်နေကြောင်း သိရသည်။
“ကျွန်တော်တို့ဌာနက နိုင်ငံ့ဝန်ထမ်းတွေ နေရေးအဆင်ပြေစေဖို့အတွက် အိမ်ယာတွေ တည်ဆောက်ပေးနေ ပါတယ်။ ဒါ့အပြင် အရောင်းအိမ်ယာတွေကိုလည်း တည်ဆောက်ဖို့ အစီအစဉ်ရှိပါတယ်။ အဲ့ဒီအရောင်းအိမ်ယာ တွေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အခါမှာ အငြိမ်းစားဝန်ထမ်းတွေအတွက် ဦးစားပေးဆောင်ရွက် သွားမှာပါ။”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်အစိုးရ ဘတ်ဂျက်နှင့် တိုင်းဒေသကြီး အစိုးရဘတ်ဂျက် စုစုပေါင်း ငွေကျပ် ၁၀ ဘီလီယံသုံးစွဲ၍ အောင်မြင်မန္တလာနိုင်ငံ့ဝန်ထမ်းအိမ်ယာကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာအနီးရှိ မြေဧက ၃၃ ဒသမ ၂၂ ဧကပေါ်တွင် တိုက်ခန်းပေါင်း ၅၀၀ တည်ဆောက် ပေးလျက် ရှိပြီး ၎င်းတို့အနက် တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်သည့် တိုက်ခန်းပေါင်း ၂၆၀ မှာ ၉၅ ရာခိုင်နှုန်းနှင့် ပြည်ထောင်စုအစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်သည့် တိုက်ခန်းပေါင်း ၂၄၀ မှာ ၃၈ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိအချိန်၌ နိုင်ငံ့ဝန်ထမ်း ၅၆၁၂၆ ဦးရှိသော်လည်း ၎င်းတို့အတွက် အိမ်ယာ နေရာချထား ပေးနိုင်မှုမှာ ၄ ဒသမ ၉ ရာခိုင်နှုန်းသာရှိသောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အိမ်ယာများ ပိုမိုတည်ဆောက်ပေးနေကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment