Latest News

Wednesday, April 18, 2018

သင်္ကြန်ကာလအတွင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိလာသော အတွင်းလူနာနှင့် သေဆုံးသူ ယခင်နှစ်ထက် လျော့နည်း

သင်္ကြန်ကာလအတွင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိလာသော အတွင်းလူနာနှင့် သေဆုံးသူ ယခင်နှစ်ထက် လျော့နည်း



မန္တလေး                    ဧပြီ                ၁၈

ယခုနှစ် သင်္ကြန်ကာလအတွင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိလာသော လူနာများအနက် အတွင်းလူနာအဖြစ်ကုသမှုခံယူသူ ဦးရေနှင့် သေဆုံးသူဦးရေမှာ ယခင်နှစ်ထက် လျော့နည်းခဲ့ကြောင်း အဆိုပါဆေးရုံကြီးမှ ဆေးလူမှုဆက်ဆံရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်က ပြောကြားသည်။

ယမန်နှစ်သင်္ကြန်ကာလအတွင်းက မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာ ၈၃၀ ဦးအနက် အတွင်းလူနာအဖြစ် ကုသူမှုခံယူသူ ၃၃၀ဦး၊ ပြင်ပလူနာ ၄၈၃ ဦးနှင့် သေဆုံးပြီးမှ ရောက်ရှိလာသူ ၁၇ ဦးရှိခဲ့ပြီး ယခုနှစ်တွင် ရောက်ရှိလာသူ ၆၉၁ဦးတို့အနက် အတွင်းလူနာအဖြစ် ၁၉၂ ဦး၊ ပြင်ပလူနာအဖြစ် ၄၉၁ ဦးနှင့် သေဆုံးပြီးမှ ရောက်ရှိလာသူ ၈ ဦးသာ ရှိခဲ့သဖြင့် ယခင်နှစ်ထက် သိသာစွာလျော့ နည်းကျဆင်း သွားကြောင်း သိရသည်။

“ဒီနှစ်မှာ ကျွန်တော်တို့ ဆေးရုံကြီးမှာ သင်္ကြန်မတိုင်ခင် တစ်လအလိုကတည်းက သင်္ကြန်မှာ အဖြစ်များတဲ့ လူနာတွေကို ကုသမယ့် ကုသဆောင်တွေကို ကြိုတင်ပြင်ဆင်ထားပါတယ်။ ၀န်ထမ်းအင် အား၊ ဆေးဝါး၊ ရောဂါ ရှာဖွေရေးနဲ့ လိုအပ်တဲ့ သွေး၊ အောက်ဆီဂျင်စက်တွေ၊  တွန်းလှည်း၊ ၀ှီးချဲ၊ ချွဲစုပ်စက်တွေနဲ့ လူနာတင်ယာဉ်တွေ ကို အဆင်သင့်ပြင်ဆင်ထားရှိတယ်။ ဒ့ါအပြင် ပရဟိတအဖွဲ့တွေကလည်း သင်္ကြန်တွင်းမှာ ကူညီနိုင်ဖို့အတွက် ကျွန်တော်တို့ ဆေးရုံကြီးရဲ့ အဓိကတာဝန်ရှိသူတွေနဲ့ ကြိုတင်တွေ့ဆုံညှိနှိုင်းမှုတွေပြုလုပ်ခဲ့ တယ်။ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့က လူအင်အား ၁၀၀ကျော်နဲ့ ကား ၇စီး၊ မဏိဇလလူမှုကူညီရေး အသင်းက လူလေး ဆယ်ကျော်နဲ့ ကား ၁၀စီး၊ One to One ပြည်သူ့ကူညီရေးပရဟိတ အသင်းက လူအင်အား လေးဆယ် ကျော်တို့က စုပေါင်းပြီး ကျွန်တော်တို့ ဆေးရုံကြီးမှာ အချိန်ပြည့်စောင့်ဆိုင်းကာ ကာယ၊ ဥာဏ၊ လုပ်အားဒါနတွေနဲ့ တတ်နိုင်သလောက်ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်ပေးတဲ့အတွက်လည်း ကုသမှုအပိုင်းမှာ အထောက်အကူအများကြီးရတာကြောင့် ဆေးရုံကြီးကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။”ဟု ၎င်းက ပြောသည်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ သင်္ကြန်ကာလအတွင်းရောက်ရှိလာသောလူနာများမှာ မန္တလေး ခြောက်မြို့နယ်သာမက အနီးအနားရှိ မြို့နယ်များနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ လူနာများလည်း လွှဲပြောင်းရောက်ရှိလာသူများဖြစ်ကြောင်းနှင့် သင်္ကြန်ကာလအတွင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ နှစ်အလိုက် တက်ရောက်ကုသမှုစာရင်းများအနေဖြင့် ၂၀၁၅ ခုနှစ်တွင် လူဦးရေ ၇၅၀ ဦးနှင့် သေဆုံးသူ ၂၈ ဦး၊ ၂၀၁၆ ခုနှစ်တွင် လူဦးရေ ၇၀၀ ကျော်နှင့် သေဆုံးပြီးမှ ရောက်ရှိလာသူ ၁၆ ဦးနှင့် ၂၀၁၇ ခုနှစ်တွင် လူဦးရေ ၈၁၃ ဦးနှင့် သေဆုံးပြီးမှ ရောက်ရှိလာသူ ၁၇ ဦးရှိခဲ့ကြောင်း သိရှိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment