Latest News

Thursday, April 19, 2018

ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ ( ၆ )(၇)(၈)(၁၁)(၁၃)


အမေဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ ( ၆ )

သင်္ဘောဆလင်ကြီးရဲ့အခန်းမှာ မအူပင်စည်းအဖွဲ့ဝင်တွေနဲ့ ကျွန်တော်တို့တိုင်ပင်လိုက်ကြပြီး လွတ်လပ်ရေးကျောက်တိုင်တည်ရှိရာ ကွင်းပြင်ကမ်းစပ်မှာ သင်္ဘောဦးထိုးပြီးကမ်းကပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ဆလင်ကြီးက သင်္ဘောကို ပြန်ကွေ့လိုက်ပါတယ်။လူအုပ်ကြီးဟာ ဆိပ်ခံဗောတံတားဘက်ကနေ လွတ်လပ်ရေးကျောက်တိုင်ကွင်းဘက် ကမ်းစပ်ဆီကို ပြေးလာနေကျပါပြီ။သင်္ဘောက ဆိပ်ခံတံတား မရှိတဲ့နုံးပြင်ကမ်းစပ်မှာ နွံထဲ ဦးထိုးဆိုက်ရမှာဆိုတော့ သင်္ဘောသားရဲဘော်တွေလဲ အလုပ်ရှုပ်ကုန်ပါတယ်။ဒါပေမယ့် သူတို့တွေက ပြုံးရွှင်တက်ကြွနေကြပါတယ်။ကျွန်တော်တို့အားလုံးလည်း လှုပ်လှုပ်ရွရွ ဖြစ်နေကြပါပြီ။
သင်္ဘောက ငြိမ့်ခနဲ ကမ်းကို ဦးနဲ့တစ်စောင်းထိုးကပ်လိုက်ပြီး ကုန်ဘောင်ထိုးဖို့ လုပ်နေကျတုန်းရှိသေးတယ် သင်္ဘောဦးပိုင်းထိပ်ကနေ ကမ်းပေါ်ကို လွှားခနဲခုန်ဆင်းသွားတဲ့လူကတော့ ကျွန်တော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါပဲ။၇ပေ ၈ပေအမြင့်လောက်ရှိမယ့်နေရာကနေ ခုန်ဆင်းသွားလေတဲ့ ဒေါ်အောင်ဆန်းစုကြည်နောက်ကို သုံးရောင်ခြယ် ကိုယ်ရံတော်လူငယ်တွေလည်း အပြေးအလွှား လိုက်ဆင်းကြရပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည် ကမ်းပေါ်ရောက်ပြီဆိုတာနဲ့တစ်ပြိုင်နက်တည်း မအူပင်မြို့လူထုကြီးက
အတင်းပြေးလာကြပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံနူတ်ဆက်နေကျပါတော့တယ်။ဒေါ်အောင်ဆန်းစုကြည်ကလဲ လူထုပရိတ်သတ်ကြီးကို ကျေးဇူးတင် ပဋိသန္ဒာရစကား ပြန်လည်ပြောကြားလိုက်တဲ့အခါမှာတော့
'ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ'
'ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ'
ဆက်ရန်……………
အမေဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ ( ၇ )
 ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ
လူအုပ်ကြီးဟာ ရေကာတာကျိုးပေါက်သွားသလိုပါပဲ။စစ်တပ်က ဘယ်လိုမှ ဟန့်တားလို့မရတော့ပါဘူး။သူတို့တွေ နောက်ကိုပြန်ဆုတ်သွားပါတော့တယ်။
အားလုံးကမ်းပေါ်ရောက်တာနဲ့ ကျွန်တော်တို့ ရွှေဘုန်းပွင့်ဘုရားကို အရင်ဖူးဖို့သွားပါတယ်။
လမ်းတစ်လျှောက် ဝဲယာမှာ လူထုက ဒေါ်အောင်ဆန်းစုကြည်နောက်ကနေ တပျော်တပါးကြီး လိုက်ပါလာခဲ့ကြပါတယ်။လမ်းမှာ လက်နက်ကိုင်စစ်သားတွေက တစ်ကန့်ပြီးတစ်ကန့် အဟန့်အတားတွေ လုပ်ထားပါတယ်။ဒါပေမယ့် အစောင့်စစ်သားလေးတွေက ဒေါ်အောင်ဆန်းစုကြည် အနားကို သူတို့ရောက်လာတာနဲ့ သူတို့ဘေးဖယ် နောက်ဆုတ်ပေးကြပါတော့တယ်။
ရွှေဘုန်းပွင့်ဘုရား အေးဆေးမဖူးရပါဘူး။စစ်ဗိုလ်တစ်ယောက်နဲ့ စစ်သားတစ်စုက လူအုပ်ကြီးကို အတင်း
အဓမ္မလူစုခွဲဖို့ အမိန့်ပေးနေပါတော့တယ်။လူအုပ်ကြီးကတော့ အဲဒိစစ်ဗိုလ်ရဲ့အမိန့်ကို မနာခံကြပါဘူး။
ဘုရားပေါ်က ပြန်ဆင်းလာပြီး NLD မြို့နယ်ရုံးကို သွားတဲ့အခါမှာတော့ လူထုအင်အားက ပိုပိုပြီး ကြီးမားလာပါတော့တယ်။ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုတဲ့ ဆုတောင်းစကားသံကလဲ ပိုပြီးကျယ်လောင်လာပါတော့တယ်။
အဲဒိအချိန်မှာပဲ ပြေးလွှားအော်ဟစ် ယောက်ယက်ခတ်နေတဲ့ စစ်ဗိုလ်နဲ့ စစ်သားတစ်သိုက်ဆီက သေနတ်သံ လေးငါးဆယ်ချက် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။ရုတ်တရက်ဆိုတော့ လူအုပ်ကြီးလည်း ခေတ္တခဏ မင်သက် ငြိမ်သက်သွားပါတော့တယ်။
ဆက်ရန်…………

အောင်ဝေး

အမေဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ ( ၈ )

'စစ်တပ်ဆိုတာ သေနတ်ကို ဘယ်တော့မှ မိုးပေါ်ထောင်မဖောက်ဘူး။ပစ်ရင် တည့်တည့်မှန်အောင်ပစ်တတ်တယ်။'
ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ နိဒါန်းအစက ဦးနေဝင်းပြောခဲ့တဲ့ စကားမဟုတ်ပါလား။အခုဟာကတော့ မိုးပေါ်ကို တည့်တည့်ထောင်ဖောက်လိုက်တာပါ။ကြောက်ကြောက်နဲ့ မရဲတရဲ လန့်ပြီးဖောက်လိုက်တဲ့ သေနတ်သံလို့ယူဆပါတယ်။
သတ္တိရှိတဲ့ လူအုပ်ကြီးကတော့ ကြွေးကြော်သံတွေ ဆုတောင်းသံတွေနဲ့ တက်ကြွလျှက်ပေါ့။အစောင့်စစ်သားတွေ နောက်ကိုဆုတ်ပေးသွားကြပါပြီ။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ
အမှန်ဆိုရင် ဒီခရီးစဉ်ဟာ ပါတီစည်းရုံးရေးဆင်းတဲ့ ခရီးစဉ်တစ်ခုပါ။
တော်လှန်တဲ့ အတွေးအခေါ်တစ်ရပ်မရှိပဲ တော်လှန်တဲ့အရေးတော်ပုံ မဖြစ်ပေါ်နိုင်ပါဘူး။တော်လှန်တဲ့တပ်ဦးမရှိပဲနဲ့လည်း တော်လှန်တဲ့ အရေးတော်ပုံ မအောင်မြင်နိုင်ပါဘူး။ပါတီဟာ တပ်ဦးဖြစ်တယ်။ဒါကြောင့် ပါတီစည်းရုံးရေးဟာ အရေးပါပါတယ်။
အဲဒိတုန်းက နဝတအစိုးရကလည်း ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပေးပါ့မယ်လို့ တိုင်းပြည်ကို ကြေငြာထားတယ်။လက်ငင်းအချိန်မှာ ရွေးကောက်ပွဲဆိုတာထက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်နေဖို့က ပိုအရေးကြီးပါတယ်။ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အခုလိုခရီးတွေ ထွက်နေတာပါပဲ။
မအူပင်မြို့ဟာ ခေတ်အဆက်ဆက် ကဗျာဆရာတွေ အားကောင်းခဲ့တဲ့မြို့ပါ။ဒီလိုပဲ မအူပင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်က သေနတ်သံလေးငါးဆယ်ချက်နဲ့ ကဗျာဆန်သွားခဲ့ပြီ မဟုတ်ပါလား။……………

အောင်ဝေး

အမေဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ ( ၁၁ )

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ
ကျွန်တော်တို့သင်္ဘော ကျုံမငေးဆိက်ကမ်းကို ဝင်လာပြီဆိုကတည်းက ကျုံမငေးမြို့လူထုကြီးရဲ့ ကမ်းလုံးညွှတ်ကြွေးကြော်ဆုတောင်းသံတွေကို ကျွန်တော်တို့ကြားလိုက်ရပါပြီ။

ကျုံမငေးကို ဝင်လာတဲ့အချိန်က မနက်ပိုင်းဖြစ်ပါတယ်။နောက်မှာကျန်ရစ်ခဲ့တဲ့ ရွှေလောင်းက ဝါးခယ်မမြို့နယ်အပိုင်ဖြစ်သလို အခုကျွန်တော်တို့ရောက်လာတဲ့ ကျုံမငေးကလဲ ဝါးခယ်မမြို့နယ်အပိုင်ပါပဲ။

နေရောင်ကတောက်ပ မြစ်ရေအလျဉ်ကလည်း တသွင်သွင်စီးဆင်းနေပါတယ်။သင်္ဘောက ကျုံမငေးဆိပ်ကမ်းမှာ ခံခံညားညားစက်သတ်ရပ်လိုက်ပါပြီ။ကျွန်တော်တို့ သင်္ဘောပေါ်ကလည်း ဒီမိုကရေစီတော်လှန်ရေးသီချင်းတွေဖွင့်ပြီး ဆိပ်ကမ်းကိုဝင်လာတာဆိုတော့ ကျုံမငေးမြို့လေးဟာ အဲဒိနေ့မနက်က သီချင်းတွေ ကြွေးကြော်သံတွေနဲ့ဖုံးလွှမ်းသွားပါတော့တယ်။

ကျုံမငေးမြို့လူထုဟာ သင်္ဘောဆိပ် ဝဲယာလမ်းနှစ်ဖက် ပြည့်ညှပ်တိုးကျိတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖျဖျကြိုဆိုနေကြပါတယ်။ကျုံမငေးမြို့သူအချောတွေက ဒေါ်အောင်ဆန်းစုကြည် ပန်းတွေ ပန်းစည်းတွေ တပွေ့တပိုက်ကြီး လက်ဆောင်ပေးကြပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ လက်တစ်ဖက်က ပန်းတွေပိုက်လို့ ကျန်လက်တစ်ဖက်နဲ့ လူထုကိုဝှေ့ယမ်း နှုတ်ဆက်ပြီး ရှေ့ကို လျှောက်လာပါတယ်။

ကျွန်တော်နဲ့ ဗိုလ်ကြီးဝင်းထိန်က ရှေ့ဆုံးကပါ။ကျွန်တော်တို့အစီအစဉ်အတိုင်းက ပထမဆုံး ကျုံမငေးစွယ်တော်ဖူးကြဖို့ ဖြစ်ပါတယ်။သင်္ဘောဆိပ်လမ်းကနေ စွယ်တော်တိုက်ဘက်ကိုသွားတဲ့ လမ်းမပေါ် ကျွန်တော်တို့ တက်လိုက်ကြပါတယ်။ အဲဒီမှာပဲ………
ဆက်ရန်……………

အောင်ဝေး

အမေဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင်ဧရာဝတီခရီးစဉ်မှ အပိုင်းအစများ (၁၃ )

အော်ဟစ်အမိန့်ပေးနေတဲ့ တပ်ကြပ်ဖြစ်သူကို ကျွန်တော်နဲ့ ဗိုလ်ကြီးဝင်းထိန်က တာဝန်ရှိတဲ့ အထက်အရာရှိနဲ့တွေ့ဆုံပြီး ဆွေးနွေးလိုကြောင်း ပြောတဲ့အခါမှာတော့ အဲဒိတပ်ကြပ်ဆိုသူက မလိုချင်ဘူး ခင်ဗျားတို့ ထပ်ပြီး ရှေ့တိုးမလာပါနဲ့ ဆိုပြီး စစ်သားတွေလက်ထဲကသေနတ်တွေကို ကျည်ထိုး မောင်းထိုး ဗြောင်းဒိုင်း ဗြောင်းဒိုင်း လုပ်ပြန်ပါလေရော။

အဲဒိအခိုက်အတန့်မှာပဲ ကျွန်တော်တို့ နောက်ဘက်ကနေ တောစီးဖိနပ်သံ တဖုန်းဖုန်းနဲ့ စစ်ဗိုလ်တစ်ယောက် ဒရောသောပါးပြေးလာပြီး သူ့လူတပ်ကြပ်ကြီးကို ဆရာကြီး မလုပ်နဲ့ မလုပ်နဲ့ လို့ ကြားကနေ ဝင်တားလိုက်ပါတော့တယ်။

သူ့ကိုတော့ ဝါးခယ်မမြို့နယ် မ ဝ တ ဥက္ကဌ ဗိုလ်မှူးခင်မောင်လို့ မှတ်မိနေပါတယ်။ သူနဲ့ ကျွန်တော်တို့ ညှိနှိုင်းပြီးတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကျုံမငေးစွယ်တော်ဖူးဖို့ NLD တိုက်နယ်ရုံးမှာ ပြည်သူလူထုနဲ့တွေ့ဖို့ကိစ္စတွေအားလုံး အဆင်ပြေလို့သွားခဲ့ပါပြီ။

စစ်တပ်က ကျွန်တော်တို့ခရီးစဉ်အဖွဲ့ကို အထူးမေတ္တာရပ်ခံတာကတော့ မြို့လူထုအနေနဲ့ဆုပူလုပ်ပြီး အကြမ်းမဖက်ဖို့ပါပဲ။မြို့လူထုအနေနဲ့ကတော့ သူတို့ချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံစိတ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ ကြွေးကြော်ဆုတောင်း မေတ္တာပို့နေကြတာပါ။လူထုဟာ အကြမ်းဖက်သမားတွေမဟုတ်ပါဘူး။တကယ်တော့ အကြမ်းဖက်တဲ့စစ်တပ်က အကြမ်းမဖက်တဲ့လူထုကို ကြောက်နေသလိုပါပဲ။

အဲဒိနေ့က ကျုံမငေးမြို့လေးမှာ စစ်တပ်အခြံအရံနဲ့ စွယ်တော်ဖူးခဲ့ရ စစ်တပ်အခြံအရံနဲ့ NLD ရုံးရှေ့မှာ လူထုနဲ့တွေ့ခဲ့ရတာတွေဟာ အမှတ်ရစရာတွေပါ။NLD ရုံးမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေတဲ့အချိန်မှာ စစ်သားတွေဟာလည်း သေနတ်တွေကို အောက်စိုက်လို့ ငြိမ်ပြီးနားထောင်နေကြတာပါ။

ကျူံမငေးမြို့တွင် ပြောကြားသော မိန့်ခွန်း ကောက်နုတ်ချက်

ကျမတို့ အခု ဒီမိုကရေစီလှုပ်ရှားမှုထဲ ပါဝင်လာတာဟာ အာဏာလိုချင်လို့ ပါဝင်လာကြတာ မဟုတ်ဘူး။ တာဝန်ထမ်းဆောင်ချင်လို့ ပါဝင်လာကြတာ။အဲ့ဒီတော့ ကျမတို့ အဖွဲ့ချူ ပ်အတွက်ရော၊ လှုပ်ရှားမှုထဲပါဝင်နေတဲ့ ပြည်သူလူထုအတွက်ရော၊ အဓိကစကားလုံးဟာ အာဏာမဟုတ်ပါဘူး၊ တာဝန်ပါ။ ပြည်ထောင်စုနဲ့ ပြည်သူလူထုအပေါ်မှာရှိတဲ့ တာဝန်ပါ..

ကျွန်တော်တို့ လပွတ္တာကို ရှေ့ခရီးဆက်ဖို့ သင်္ဘောဆိပ်ကို ပြန်ဆင်းလာတဲ့ လမ်းခုလတ်မှာတော့ ကျိတ်ကျိတ်တိုးနေတဲ့ လူအုပ်ကြီးကို စစ်တပ်အနေနဲ့ ဘယ်လိုမှ ထိန်းလို့မရတော့ပါဘူး။အဲဒိအချိန်မှာပဲ ကျွန်တော့်ဘေးကနေ ထပ်ချပ်မကွာလိုက်လာတဲ့ ကျွန်တော်တို့နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ တပ်ကြပ်က သေနတ်ကို မိုးပေါ်ထောင်ပြီး လေးငါးဆယ်ချက် ပစ်ဖောက်လိုက်ပါတော့တယ်။

ဒါဟာလည်း လူထုခေါင်းဆောင် ဒီမိုကရေခေါင်းဆောင်တစ်ယောက်ကို ကြောက်ကြောက်နဲ့ ဂုဏ်ပြုလိုက်တဲ့ သေနတ်သံတွေပဲလို့ ကျွန်တော်တို့အားလုံး မှတ်ယူခဲ့ကြပါတော့တယ်။………………………။

အောင်ဝေး

No comments:

Post a Comment