Latest News

Saturday, April 21, 2018

ကချင်ပြည်နယ်အတွင်းရှိ မြို့ဝင်ဘီးခွန်ကောက်ဂိတ်(၁၉)ခုအား ဖျက်သိမ်းပြီးစီး

ကချင်ပြည်နယ်အတွင်းရှိ မြို့ဝင်ဘီးခွန်ကောက်ဂိတ်(၁၉)ခုအား ဖျက်သိမ်းပြီးစီး

မြစ်ကြီးနား ဧပြီ ၂၁

ကချင်ပြည်နယ် အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ် မြို့ဝင်ဘီးခွန်ကောက်ခံဂိတ်များအား ဘဏ္ဍာရေးနှစ်အလိုက် လေလံစနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ခုနှစ် ဧပြီ၁၉ရက်မှစတင်၍ ပြည်နယ်အတွင်း မြို့ဝင်ဘီးခွန်ကောက်ခံဂိတ်(၁၉)ခုအားဖျက်သိမ်းလိုက်ကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးဦးစိုးနိုင် ထံမှ သိရသည်။
"ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူများအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် ရည်ရွယ်၍ ၂၀၁၈ခုနှစ် ဧပြီ၁၂ရက်က ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၈) ဆုံးဖြတ်ချက်အရ မြို့နယ်(၁၆)မြို့နယ်မှာရှိတဲ့ မြို့ဝင်ဘီးခွန်ကောက်ခံဂိတ်(၁၉)ခုကို ဧပြီ၁၉ရက်ကစပြီး ဖျက်သိမ်းခဲ့ပါတယ်၊အခုဖျက်သိမ်းခဲ့တဲ့ မြို့ဝင်ဘီးခွန်ကောက်ခံ ဂိတ်(၁၉)ခုကို ၂၀၁၈ခုနှစ် ပထမ(၆)လပတ်အတွင်း လေလံကြေးအဖြစ် ကျပ်သိန်းပေါင်း(၉၃၅၅)သိန်းကျော် ကောက်ခံရရှိထားပြီးဖြစ်ကာ အရစ်ကျပေးသွင်းထားသည့် လေလံကြေးငွေတွေကိုတော့ ပြန်လည်ပေးအပ်သွားမှာပါ"ဟု ညွှန်ကြားရေးမှူးဦးစိုးနိုင်က ရှင်းလင်းပြောကြားသည်။
အဆိုပါ မြို့ဝင်ဘီးခွန်ဂိတ်ကြေးငွေ ပေးဆောင်ရမှုအားဖျက်သိမ်း ပေးခြင်းနှင့်ပတ်သက်၍ ယာဉ်မောင်းတစ်ဦးမှ "တစ်ဖက်ကကြည့်တော့ လည်း ရည်ရွယ်ချက်ကောင်းနဲ့ ဆောင်ရွက်ပေးတဲ့ အစိုးရအဖွဲ့ကို ကျေးဇူးတင်ပါတယ်၊ နောက်တဖက်က ကြည့်ရင်တော့ မြို့တွင်းလမ်းတွေပြင်ဆင်ရာမှာ ဘဏ္ဍာငွေလိုအပ်မှုတွေဖြစ်ပေါ်ပြီး စည်ပင်သာယာရေးအဖွဲ့အနေနဲ့  အခက်အခဲများ ဖြစ်ပေါ်ပြီး မြို့တွင်းလမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွေလျော့ကျသွားမှာကိုလည်း စိုးရိမ်မိပါတယ်"ဟု ပြောကြားကာ မြို့ဝင်ဘီးခွန်ဂိတ်များ ဖျက်သိမ်းသော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိသည့် လမ်းဖြတ်သန်းခနှင့် တံတားဖြတ်သန်းခများအား ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ

No comments:

Post a Comment