Latest News

Wednesday, April 4, 2018

မြစ်ကြီးနားမြို့တွင် တစ်ရက်အတွင်းစည်းကမ်း ပျက်ဆိုင်ကယ်၈၃စီးအရေးယူ

မြစ်ကြီးနားမြို့တွင် တစ်ရက်အတွင်းစည်းကမ်း ပျက်ဆိုင်ကယ်၈၃စီးအရေးယူ

မြစ်ကြီးနား၊ ဧပြီ ၎

မြစ်ကြီးနားမြို့တွင် ဧပြီလ၂ရက်နေ့ တစ်ရက်တည်းအတွင်း ဆိုင်ကယ်စီးဦးထုတ်မဆောင်းခြင်း၊ နောက်ကြည့်မှန်တပ်ဆင်မထားခြင်း၊ လိုင်စင်နံပါတ်ပြားတပ်ဆင်မှုမရှိခြင်းစသည့် စည်းကမ်းလိုက်နာမှု မရှိသည့်ဆိုင်ကယ်(၈၃)စီးကို အရေးယူခဲ့ကြောင်း မြစ်ကြီးနားမြို့၊ အမှတ်(၉၈)ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ ၂၀၁၈ဖေဖော်ဝါရီ(၁၅)ရက်နေ့တွင် အချက်(၁၂)ချက်ပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ ရာ ယာဉ်မောင်းနှင်သူများ လိုက်နာမှုမရှိသောကြောင့် ဧပြီလတွင် စတင်အရေးယူခြင်းဖြစ်ပြီး ထိုကဲ့သို့ စည်းကမ်းများထုတ်ပြန်ရခြင်းသည် ယာဉ်မတော်တဆမှုဖြစ်ပွားခြင်းကြောင့် သေဆုံးဒဏ်ရာရရှိမှုများအား လျှော့နည်းကျဆင်းစေရန်နှင့် ယာဉ်တိုက်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားမြင့်တက်လျှက်ရှိသော ကြောင့် ယာဉ်စည်းကမ်းများလိုက်နာစေရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ အမှတ်(၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

``ယာဉ်မတော်တဆမှု့တွေ တစ်နှစ်ထက်တစ်နှစ် များပြားလာတဲ့အတွက် သေဆုံးဒဏ်ရာရသူတွေ ပိုပြီးများလာတယ်၊ ဒီလိုများလာတာကိုလျှော့ကျဖို့အတွက် နဂိုကဆိုင်ကယ်စီးရင် ဦးထုတ်တစ်မျိုးဘဲ ဖမ်းတာလေ အခုဧပြီလကစပြီး နောက်ကြည့်မှန်မပါရင်လည်းဖမ်းမယ်၊ နံပါတ်ပြားမပါရင်လည်းဖမ်းမယ်၊ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ကိုလည်း ဖမ်းနေပြီ၊ ဆိုင်ကယ်တွေကိုလည်း ယာဉ်လိုင်စင်ထုတ်ပေးဖို့ ဘဏ္ဍာဝန်ကြီးဌာနကို ပြည်နယ်အစိုးရက ညွှန်ကြားချက်ထုတ်ထားပြီးသားလို့သိရပါတယ်၊ သူတို့ဌာနက အခွန်တွေ ကညနတွေနဲ့ ဆိုင်ကယ်လိုင်စင်ထုတ်ပေးပြီးတာနဲ့ နောက်ပိုင်းမှာ ဆိုင်ကယ်လိုင်စင်ကို စဖမ်းပါမယ် လိုင်စင်ပေးတဲ့အခါ ယူ၊မယူရင် ဆိုင်ကယ်သိမ်းပါမယ်၊ အခုက ဆိုင်ကယ်လိုင်စင်မပေးသေးတဲ့ အတွက် ဆိုင်ကယ်ကိုတော့ မဖမ်းသေးဘူး၊ဆိုင်ကယ်တစ်စီးကို ဒဏ်ငွေနှစ်သောင်းနဲ့ အရေးယူပါတယ်၊ အဲ့ဒီ နှစ်သောင်းစလုံးကို ဆိုင်ကယ်ဖမ်းထားတဲ့ အစီးရေအလိုက် မြန်မာ့စီးပွားရေးဘဏ်ကအကောင့်မှာ အပ်လိုက်တယ်၊ အဲ့ဒီငွေတွေကို စီမံခန့်ခွဲမှုလုပ်တာက ပြည်နယ်အစိုးရအဖွဲ့ဘဲလေ”ဟု မြစ်ကြီးနားမြို့၊ အမှတ်(၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး ကျော်စိုးဦးက ပြောသည်။

အဆိုပါဒဏ်ငွေများကို မီးပွိုင့်များ၊ မျဉ်းကြားများ၊ လမ်းများနှင့်ပလက်ဖောင်းများပေါ်မှ အမှတ်အသားများ၊ လမ်းညွန်ဆိုင်းဘုတ်များ တည်ဆောက်ပြုပြင်သုံးစွဲရာတွင် အသုံးပြုပြီး ထိုသို့ဖမ်းဆီးခြင်း မပြုမှီ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတိုင်းတွင် ကြေငြာစာများ လိုက်လံကပ်ခြင်း၊ ကားကြီးဝင်း၊ လူစည်ကားသည့်ဈေးများ၊ ရပ်ကွက်များအတွင်း လော်စပီကာဖြင့် အော်ပြီးလှည့်လည်၍ အသိပေးခြင်းမျိုးလုပ်ဆောင်ခဲ့ကြောင်း မြစ်ကြီးနားမြို့၊ အမှတ်(၉၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ သိရသည်။

``ကျွန်တော်တို့ရပ်ကွက်ထဲမှာ  လော်စပီကာနဲ့လာအော်တာကြားလိုက်ပါတယ်၊ ဒါပေမယ့်အရင်တုန်း ကလည်း တစ်ကယ်မဖမ်းခဲ့တော့ အခုလည်းမဖမ်းလောက်ဘူးလို့ဘဲထင်ခဲ့တယ်”ဟု လယ်ကုန်းရပ်ကွက် အတွင်းနေထိုင်သူ ဆိုင်ကယ်အဖမ်းခံရသည့်ကိုနိုင်ကပြောသည်။

ကချင်ပြည်နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ၂၀၁၈ဖေဖော်ဝါရီ ၁၅ရက်နေ့ ထုတ်ပြန်ချက်အချက်(၁၂)ချက်မှာ ယာဉ်မောင်းလိုင်စင်၊ အသက်အရွယ်မပြည့်သူ၊ နောက်ကြည့်မှန်နှင့် ယာဉ်နံပါတ်ပြား၊ လိုင်စင်မဲ့ယာဉ်၊မီးပွိုင့်များတွင် အချက်ပြမီးအားလိုက်နာမှုမရှိခြင်း၊ တစ်ဖက်ယာဉ်ကြောသို့ ကျော်လွန်မောင်းနှင်ခြင်း၊ ရုတ်တရက်ချိုးကွေ့မောင်းနှင်ခြင်း၊ လမ်းဆုံများတွင် တည့်တည့်သွားသည့် ယာဉ်များကိုဦးစားမပေးခြင်း၊ ယာဉ်များတစ်စီးနှင့် တစ်စီးကျော်တက်ရာတွင် မကျော်တက်မှီ အချက်ပြမှုမရှိခြင်း၊ လမ်းမကြီးမှယာဉ်၊ အဝိုင်းပတ်ယာဉ်၊ အရေးကြီးပုဂ္ဂိုလ်ယာဉ်များနှင့် လမ်းဖြတ်ကူးသူအား ဦးစားပေးမှုမရှိခြင်း၊ အရက်သေစာမူးယစ်သောက်စား၍ မောင်းနှင်ခြင်း၊ မဆင်မခြင် အရှိန်ပြင်းမောင်းနှင်ခြင်း စသည်တို့ကို စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာစာတွင် ပါရှိကြောင်းသိရ သည်။

၂၀၁၇ခုနှစ်အတွင်းတွင် ကချင်ပြည်နယ်၌ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ(၂၄၄)ဦးရှိကာ ဒဏ်ရာရရှိသူ(၇၆၄)ဦးရှိပြီး၂၀၁၆ခုနှစ်အတွင်းတွင် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ(၁၅၄)ဦးရှိပြီး ဒဏ်ရာရရှိသူ(၆၀၅)ဦးရှိကာ ယာဉ်မတော်တဆမှုများမှာ နှစ်စဉ်မြင့်တက်လျှက်ရှိကြောင်း သိရသည်။

ဦးမင်းမင်းဦး

No comments:

Post a Comment