Latest News

Wednesday, April 4, 2018

ရန်ကုန်ရွှေဈေးကွက်ကြီး အဆင့်မြှင်တင် ပြောင်းလဲမည်

ရန်ကုန်ရွှေဈေးကွက်ကြီး အဆင့်မြှင်တင် ပြောင်းလဲမည်

ရန်ကုန် ဧပြီ ၎

ရန်ကုန် ရွှေ ဈေးကွက်ကြီးကို နိုင်ငံတကာအဆင့်မီ ရွှေဈေးကွက်ကြီးများနည်းတူ ခေတ်မီတိုးတက်ပြောင်းလဲသွားနိုင်ရန်အတွက် အဆင့်မြှင်တင်ပြု ပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

"ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးရွေဘုံသာလမ်းရွှေဈေးကွက် ဟာအင်္ဂလိပ်လက်ထက်ကတည်းကစတင်ခဲ့တာဖြစ်ပါတယ်။ သက်တမ်းအားဖြင့် နှစ်၁၀၀ ကျော်ရှိတဲ့ရွှေဈေးကွက်ကြီးဖြစ်ပါတယ်။ဒီရွှေဈေးကွက်ကြီးဟာ ခေတ်နောက်ကျကျန်ခဲ့လို့မဖြစ်ပါဘူး။နိုင်ငံတကာရွှေဈေးကွက်တွေလို အဆင့်မြှင်တင်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ရွှေရောင်းဝယ်တဲ့စနစ်ကို လယ်ဂျာစနစ်ကနေ ကွန်ပျူတာဆော့ဝဲလ်စနစ်ကိုပြောင်းလဲသွားမှာဖြစ်ပါတယ်။ မကြာမီလများအတွင်း ဆော့ဖ်ဝဲလ်စနစ်နဲ့ရောင်းဝယ်နိုင်မယ့် ဆော့ဖ်ဝဲလ်တစ်ခုကိုလည်းရေးဆွဲနေပြီဖြစ်ပါတယ်။"ဟု ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များဥက္ကဌ ဦးမျိုးမြင့် ကယနေ့နံနက်ပိုင်းတွင် ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အထူးအစည်းအဝေး၌ပြောကြားသည်။

ပြည်တွင်းရွှေဈေးကွက်သို့ ပြည်ပနိုင်ငံများမှ ရွှေတင်သွင်းခွင့်ရရှိနိုင်ရန်အတွက်ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ရွှေတင်သွင်းခွင့်ပြုမည့် ကြီးကြပ်ရေးအဖွဲ့တစ်ဖွဲ့ကိုလည်းသက်ဆိုင်ရာ ဝန်ကြီးနှာက ဖွဲ့စည်းသွားရန် ပြင်ဆင်လျက်ရှိကြောင်း၊မြန်မာ့ရွှေဈေးကွက်တည်ငြိမ်ဖွံ့ဖြိုးလာတော့မည်ဖြစ်ကြောင်း၊Yangon  Gold Exchange ဆီသို့တက်လှမ်းနိုင်အောင်လည်းကြိုး ပမ်းသွားမည်ဖြစ်ကြောင်း ဦးမျိုးမြင့်ကဆက်လက်ပြောကြားသည်။

  ရန်ကုန်ရွှေဈေးကွက်သည် သက်တမ်းအားဖြင့်ကြာမြင့်လာသည့်အလျောက် တစ်နိုင်ငံလုံးကရွှေ ဆိုင်များကချိတ်ဆက်၍ဈေးကွက်ကိုနေ့စဉ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ရန်ကုန်ရွှေဈေးကွက် တွင်အကယ်ဒမီ အခေါက်ရွှေနှင့် ဘသန်းအခေါက်ရွှေကိုသာရောင်းဝယ်လေ့ရှိကြောင်းသိရသည်။

  ရန်ကုန်ရွှေဈေးကွက်ဖွင့်ရာတွင် နိုင်ငံတကာရွှေဈေးနှန်းနှင့် ပြည်တွင်းရှိ အမေရိကန်ဒေါ်လာပေါက်ဈေးကိုမြှောက်ရကြောင်း၊မြှောက်လဒ်ကို  1.875 ဖြင့်စား လျှင်ပြည်တွင်းရွှေတစ်ကျပ်သားဈေးနှန်း အနီးစပ်ဆုံးရရှိကြောင်း၊ နေ့စဉ် မနက်၁၀နာရီခွဲ ရွှေဈေးကွက်ဖွင့်ရာတွင် မူဆယ်နှင့် မြဝတီတို့ရှိ Border Trade ငွေကြေးဈေးကွက်ကိုလည်းကြည့်ကြောင်း၊၎င်းအချက်များကိုကြည့်၍ ရွှေဈေးကွက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ယင်းရွှေဈေးကွက်အတိုင်း ရွှေဆိုင်များကဈေးဖွင့်ကာ ရောင်းဝယ်ဖောက်ကားကြခြင်းဖြစ်ကြောင်းသိရသည်။

   မြန်မာနိုင်ငံရွှေဈေးကွက်သည် လွန်ခဲ့သောသုံးနှစ်တာအတွင်း ရွှေတစ်ကျပ်သား ကျပ်ခြောက်သိန်း မှကျပ် ကိုးသိန်းဝန်းကျင်အထိ ခုန်တက်လာခြင်းကြောင့် ရန်ကုန်မြို့ရွှေဆိုင်များအရောင်းအဝယ်အေးနေကြောင်း၊ရွှေဆိုင်များအနေဖြင့် အရောင်းအဝယ်ပြန်ကောင်းလာစေရေးအတွက်ရွှေဝယ်သူများအား ကံစမ်းမဲဖောက်ပေးခြင်း အစီအဉ်များကိုလုပ်ဆောင်နေကြသည်ကိုတွေ့ရသည်။

သတင်းနှင့်ဓာတ်ပုံ မြင့်မောင်

No comments:

Post a Comment