Latest News

Monday, April 23, 2018

မင်္ဂလာဧည့်ခံပွဲတွင် သွားရောက်စားသောက်ခဲ့သူ ၄ဝ ခန့် အစာအဆိပ်သင့်၍ ဆေးကုသမှုခံယူ

မင်္ဂလာဧည့်ခံပွဲတွင် သွားရောက်စားသောက်ခဲ့သူ
၎ဝ ခန့် အစာအဆိပ်သင့်၍ ဆေးကုသမှုခံယူ

ပဲခူး   ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ် ပျဉ်းမငူကျေးရွာ၌ ဧပြီ ၂၂ ရက် နံနက်ပိုင်းက မင်္ဂလာဧည့်ခံပွဲတစ်ခုတွင်ဧည့်ခံကျွေးမွေးသော အစားအသောက်များစားမိရာမှ အစာ အဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်္ဂလာဧည့်ခံပွဲမှအစားအသောက်စားမိသူ  အချို့နေ့လယ်ပိုင်းတွင် မူးဝေ အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ညနေပိုင်း၌ ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပရဟိတအသင်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၏အကူအညီဖြင့် ဝေဒနာခံစားနေရသူ ၄ဝ ခန့်ကို ပို့ဆောင်ပေးခဲ့ ကြရသည်။

ဆေးရုံကြီးတွင် လိုအပ်သော ဆေးဝါးကုသမှုများပေးခဲ့ပြီးနောက် ဝေဒနာ သက်သာသူများကို  ပျဉ်းမငူကရင်ရွာသို့  ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ကလေးနှစ်ဦးနှင့် လူကြီးလေးဦးတို့မှာ ကုသဆောင်တွင် အတွင်းလူနာအဖြစ် ကုသပေး လျက်ရှိ ကြောင်းနှင့် ပြင်ပလူနာဌာနတွင် ၁၁ ဦးဆေးဝါးကုသမှုပေးလျက်ရှိရာ  စိုးရိမ်စရာ မရှိကြောင်း ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အစာအဆိပ်သင့်ရသည့်အကြောင်းရင်းကို စုံစမ်းကြည့်ရာ အချဉ်သုပ်ရာတွင် ဂေါ်ဖီထုပ်များကို ရေဆေးစဉ် သေချာစင်ကြယ်အောင်မဆေးကြော၍ ဖြစ်ရသည်ဟု ထင်မြင်ယူဆကြောင်း၊ ဇာစ်မြစ်ကိုသိအောင်ကြိုးစားရှာဖွေ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးက ပြောကြားသည်။

ပျဉ်းမငူကရင်ရွာတွင်  ကျန်ရှိနေသော  ဝေဒနာရှင်များအတွက် ပဲခူးတိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် ဆက်သွယ်၍ ဆရာဝန်တစ်ဦးနှင့် ကျန်းမာရေး ဝန်ထမ်းများက ဆေးခန်းဖွင့်လှစ်၍ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ၊ အချိန်မီကုသမှုများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ကိုလွင်(ဆွာ)

No comments:

Post a Comment