Latest News

Tuesday, April 10, 2018

အခါရက် အလှူဒါနပြုကြသူတို့အတွက် စားသောက်ကုန်ဈေးနှုန်းများ

အခါရက် အလှူဒါနပြုကြသူတို့အတွက် စားသောက်ကုန်ဈေးနှုန်းများ

သင်္ကြန်  အခါတော်ရက် နီးလာသည်နှင့်အမျှ ရန်ကုန်ကုန်စည်ပွဲရုံကြီးမျာတွင် ကုန်စည်ပစ္စည်း ဝယ်ယူသူများနှင့် ပို၍စည်ကားနေသည်။
သင်္ကြန်ရက်ရှည်အတွက် ကြိုတင်ဝယ်ယူနေကြခြင်းဖြစ်သည်။ ထို့အတူ ရပ်ကွက်ဈေးများတွင် စားသောက်ကုန်   အထားခံသော  အာလူး၊ ငါးခြောက်၊ ပဲစသည့် ကုန်ခြောက်များကို ဝယ်ယူဖြည့်တင်းနေကြခြင်းကိုလည်း မြင်တွေ့ လာရသည်။

ကြည့်မြင်တိုင်   ထီးတန်းဈေးကလေးတွင် ကုန်ခြောက်ဝယ်ယူနေသည့် အိမ်ရှင်မတစ်ဦးက ''သင်္ကြန်ရက်တွေ  ဈေးဝယ်လို့မကောင်းဘူး၊ ဈေးသည် တွေ နည်းသွားပြီ၊  နောက်ပြီး သင်္ကြန်ရက်အတွင်း  တရားစခန်းဝင်မှာမို့ ကြိုဝယ်ထားတာ''  ဟု ပြောသည်။

ထီးတန်းဈေးတွင် ကုန်ခြောက်ပစ္စည်းစုံသော ကုန်ခြောက်ဆိုင်ပိုင်ရှင်            ဒေါ်သန်းဝင်းက ''ယိုးဒယား(ထိုင်း)ပစ္စည်းဖြစ်တဲ့ အချိုမှုန့်နဲ့ အဲဒီကလာတဲ့  ဆီတွေလောက်ပဲ ဈေးနည်းနည်းတက်လာတာပါ၊ ဒါကလည်း အဝင်နည်း လို့ပါ၊  အချိုမှုန့်တစ်ထုပ်ကို ငွေကျပ် ၅ဝ နဲ့ ၁ဝဝ လောက်ပါပဲ၊ ဆီကတော့    ငါးလီတာတစ်ပုံးကို  ငွေကျပ်  ၇ဝဝ လောက် တက်တယ်'' ဟု ပြောသည်။

အခြေခံစားသောက်ကုန်အနေဖြင့်  ဆန်ဈေးမှာ ပြီးခဲ့သည့်တစ်ပတ်ထက်  ငွေကျပ် ၅ဝ နှင့် ငွေကျပ် ၁ဝဝ ဝန်းကျင် ကျဆင်းလာသည်ဟု ဆိုကြသည်။

ပဲဆီ(ရှယ်)တစ်ပိဿာလျှင် ငွေကျပ် ၄၂ဝဝ၊ ပဲဆီ(ရိုးရိုး)   တစ်ပိဿာ လျှင်  ငွေကျပ် ၂၈ဝဝ၊  စားသုံးဆီတစ်ပိဿာလျှင်   ငွေကျပ် ၁၈ဝဝ ရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၄ဝဝဝ အထိ မြင့်တက်သွားခဲ့ဖူးသော ကြက်သွန်နီ (မြစ်သား)တစ်ပိဿာလျှင် ယနေ့ငွေကျပ် ၁၅ဝဝ၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင်ငွေကျပ် ၁ဝဝဝ၊ မုန့်ဟင်းခါးသုံး ကြက်သွန်နီ(အသေး)တစ်ပိဿာလျှင် ငွေကျပ် ၈ဝဝ အထိ ကျဆင်းသွားသည်ကို တွေ့ရသည်။

ကြက်ဥ၊ ဘဲဥရောင်းသော ဦးသန်းအောင်က ''ဒီရက်ထဲ  ကြက်ဥ၊ ဘဲဥ ဈေး နည်းနည်းလေး တက်တယ်၊ သင်္ကြန်ကြောင့်တော့  မဟုတ်ပါဘူး၊ နေကပူတော့  ဥနှုန်း နည်းနည်းကျလာတယ်၊ နောက်  အစာဈေးတက်လာလို့လည်း ဖြစ်ပါတယ်'' ဟု ပြောသည်။

ကြက်ဥတစ်လုံးလျှင်  ၁၂၅ ကျပ် ဖြစ်ပြီး ဘဲဥအကြီးတစ်လုံးလျှင်   ငွေကျပ်  ၁၇ဝ အထိ ဈေးရှိကြောင်း၊ အာလူးတစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝ  ဖြစ်သည်။  ကုလားပဲ တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝ ဖြစ်၍ ပဲနီလေးတစ်ပိဿာလျှင်   ငွေကျပ် ၄ဝဝဝ ဖြစ်သည်။

ရက်ရှည်ထား အစားခံသည့်  ငါးရံ့ခြောက် တစ်ပိဿာလျှင် အကြီးအသေးလိုက်၍ တစ်ပိဿာလျှင် ငွေကျပ် ၃၂ဝဝဝ မှ ငွေကျပ် ၂၅ဝဝဝ ဈေး ရှိနေပြီး အများစားသုံးနိုင်သည့် အာပြဲခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၄ဝဝဝ မှ ငွေကျပ် ၁၆ဝဝဝ ဈေးရှိနေကြောင်း သိရသည်။
သင်္ကြန်မကျမီရက်ပိုင်းအလိုတွင် အစိုးရဌာနရုံးများ၊ ကုမ္ပဏီများတွင် သင်္ကြန် အကြို အလှူဒါန ပြုကြသူများဖြင့် စည်စည်ကားကား ရှိနေသည်။ အများနှင့် ဆက်ဆံ ရသော ပုဂ္ဂလိကဘဏ်များတွင် ဘဏ်သို့လာသော ဖောက်သည်များကို ရွှေရင်အေး၊  ဖာလူဒါ၊  မုန့်လက်ဆောင်း စသည်တို့ဖြင့် ကျွေးမွေးဧည့်ခံနေကြပြီကိုလည်း  တွေ့လာ ရသည်။

ဈေးအတော်များများတွင် မုန့်လက်ဆောင်းဖတ် လိုသလောက်ရသည်။   အုန်းသီး ခြစ်သည်၊ ညှစ်သည်  ကြော်ငြာဆိုင်းဘုတ်ငယ်လေးများကို ထင်ထင်ရှားရှား တွေ့လာ ရသည်။

မုန့်လက်ဆောင်းဖတ် တစ်ပြည်လျှင် ငွေကျပ် ၁၅ဝဝ ဖြစ်ပြီး အခွံချွတ်ပြီး အုန်းသီး တစ်လုံးလျှင် ငွေကျပ် ၄၅ဝ မှ ၆ဝဝ ရှိနေသည်။  အုန်းသီးတစ်လုံး ခြစ်ခ၊ ညှစ်ခမှာ ငွေကျပ် ၂ဝဝ ဖြစ်သည်။ ရွှေရင်အေးအတွက် လိုအပ်သော သကြားတစ်ပိဿာလျှင် ငွေကျပ် ၁၄ဝဝ၊  သာဂူတစ်ပိဿာလျှင် ငွေကျပ် ၁၅ဝဝ၊  ကောက်ညှင်းတစ်ပြည်လျှင် ငွေကျပ် ၁၄ဝဝ၊  ကျောက်ကျော   အသေးတစ်ထုပ်လျှင် ငွေကျပ် ၁၂ဝဝ၊ အကြီး တစ်ထုပ်လျှင် ငွေကျပ် ၂၄ဝဝ၊  ထိုင်းနိုင်ငံမှဝင်သော  အသင့်သုံးအုန်းရေ တစ်ဘူးလျှင် အကြီး ငွေကျပ် ၁၅ဝဝ၊ အသေး ငွေကျပ် ၈ဝဝ ဖြစ်သည်။

သင်္ကြန်အခါရက်များပြီးလျှင် တစ်ဆက်တည်း မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သည်။ ထိုရက်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာကို ကိုးကွယ်သော ကျေးရွာတိုင်းသို့ အ္တရာယ်ကင်းပရိတ်တရားတော်များကို  နာယူလေ့ရှိကြသည်။  ထိုပွဲတွင် မပါမဖြစ် သည်က အုန်းငှက်ပျော ကန်တော့ပွဲပင် ဖြစ်သည်။

ထိုရက်တွင် အုန်းငှက်ပျောများ အဝယ်ခက်မည်စိုးကြသည့်အတွက် ကြိုတင်စရန် ပေးဝယ်ယူမှုများ ရှိကြသည်။ အုန်းငှက်ပျောနှင့်ပတ်သက်၍ ရပ်ကွက်ဈေးတစ်ခု၏ အုန်းငှက်ပျောဆိုင်မှ ဒေါ်ခင်ဝင်းမြတ်က  ''မဖြစ်မနေလုပ်ကြရတဲ့   ပွဲတွေပေါ်မှီပြီး  ကျွန်မတို့  ဈေးမတက်ပါဘူး၊ ပုံမှန်ရောင်းဈေးအတိုင်းပါပဲ၊ သီးမွှေးလှလှသုံးဖီး၊ အုန်းသီး တစ်လုံးနဲ့ တစ်ပွဲစာကို ငွေကျပ်  ၇ဝဝဝ နဲ့ ရောင်းပါတယ်၊ ဖီးကြမ်းသုံးဖီးနဲ့   အုန်းတစ်လုံး တစ်ပွဲစာဆိုရင် ငွေကျပ် ၆ဝဝဝ နဲ့  ရောင်းပါတယ်''ဟု   ပြောသည်။

ကြည့်မြင်တိုင်  ဗားကရာ အုန်းငှက်ပျော ကုန်စည်ဒိုင်များအတွင်း  နယ်မှဝင်ရောက် လာသော အုန်းငှက်ပျောပုံများက အပြည့်ပင်ဖြစ်သည်။  နယ်မှ ကားဖြင့်တစ်သွယ် ရေလမ်းဖြင့် တစ်ဖုံဝင်လာနေခြင်းဖြစ်သည်။ သင်္ကြန်ရက်များအတွက် ကြိုတင်မှာယူ ထားကြခြင်း ဖြစ်သည်။

ဒိုင်များအတွင်း လိုက်လံ၍   ဈေးစနည်းနာခဲ့ရာ    ကျောက်ဆည်နယ်မှလာ သော ဖီးကြမ်းလှလှ တစ်ဖီးလျှင် ငွေကျပ် ၁၃ဝဝ အထိ ဈေးရှိပြီး အစားစားအလိုက် ငွေကျပ် ၇ဝဝ အထိ ဈေးရှိသည်။ သီးမွှေးတစ်ဖီးလျှင် ငွေကျပ် ၉ဝဝ မှ ၁၄ဝဝ အကြား အသေး အကြီးပေါ် မူတည်၍  ဈေးရှိနေသည်။ အခွံချွတ်ပြီးသား အုန်းသီးတစ်လုံးလျှင် ငွေကျပ် ၄၅ဝ မှ ငွေကျပ် ၆ဝဝ အထိ ဈေးပြောကြပြီး  ပွဲသုံး တစ်လုံးလျှင်   ငွေကျပ် ၅ဝဝ မှ ၇ဝဝ အကြား ဈေးခေါ်ကြသည်ကို  စေ့ငုတင်ပြလျက် ၁၃၇၉ ခုနှစ် မဟာ သင်္ကြန်ရက်များကို ပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းပြီး  ၁၃၈ဝ ခုနှစ်   မြန်မာနှစ်ဆန်း  ၁ ရက်မှသည် နှစ်ကုန်ရက်များတိုင် သာယာချမ်းမြေ့နိုင်ကြပါစေ။         ။

တင်ဝင်းလေး(ကြည့်မြင်တိုင်)မြန်​မာ့အလင်း

No comments:

Post a Comment