Latest News

Sunday, April 15, 2018

လျှပ်တစ်ပြက် ချောင်းသာကမ်းခြေဆီသို့ - ​ဆောင်းပါး

လျှပ်တစ်ပြက် ချောင်းသာကမ်းခြေဆီသို့ - ​ဆောင်းပါး

ပုသိမ်မြို့ကိုရောက်တော့ နံနက် ၁၁ နာရီခန့်ရှိပြီ။ ရန်ကုန်က နံနက်စောစောထွက် ကားနဲ့ထွက်လာခဲ့ပေမယ့် ပုံမှန်အရှိန်နဲ့သာ မောင်းလာခဲ့လို့ အခုအချိန်မှ ပုသိမ်ကို ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ ရန်ကုန်နွေရက်တွေဟာ အပူရှိန်ပြင်းတာမို့ အပြင် မထွက်ရဲလောက်အောင် ဖြစ်နေချိန်မှာ မိတ်ဆွေတွေက ချောင်းသာကိုနေ့ချင်းပြန် သွားဖို့ခေါ်တာကြောင့် ချက်ချင်းထလိုက်လာတာဖြစ်ပါတယ်။

ကျွန်တော်တို့ ပုသိမ်မြို့မှာ မနားတော့ဘဲ ကားနဲ့ဆက်ထွက်လာခဲ့တာမို့ အချိန် ကုန်သက်သာသွားသလို ညနေပြန်ချိန်လည်းရှိသေးတာကြောင့် ချောင်းသာကို ပဲ တိုက်ရိုက်ဦးတည်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုအချိန်ဟာ နိုင်ငံတစ်ဝန်းမှာအပူချိန် မြင့်တက်နေတာမို့ ကမ်းခြေတွေဘက်ကို အပန်းဖြေခရီးထွက်သူတွေ များနေတတ် တဲ့ အချိန်ပါပဲ။

ကျွန်တော်တို့ကားက ပုသိမ်-ချောင်းသာကားလမ်းပေါ် မောင်းနှင် ဖြတ်သန်းနေချိန်မှာပဲ ချောင်းသာကမ်းခြေဘက်ကို မောင်းနှင်လာတဲ့ ကားမျိုးစုံကို ခပ်စိပ်စိပ် တွေ့ မြင်နေရပါတယ်။ အချို့က ကားလတ်၊ အချို့က ကိုယ်ပိုင်ကားအပြင ကားကြီးတွေနဲ့လည်း သွားရောက်နေကြတာ ဖြစ်ပါတယ်။

▄ အနီးဆုံး ▄

ချောင်းသာကမ်းခြေဟာ ပုသိမ်မြို့အနောက်ဘက် ကီလိုမီတာ ၄ဝ ခန့်အကွာမှာ တည်ရှိနေသလို ရန်ကုန်မြို့နဲ့ ဆိုရင် ၁၅၄ မိုင်ခန့် အကွာဝေး ပါတယ်။ ရန်ကုန်မြို့နဲ့ ဆိုရင် အနီးဆုံးပင်လယ်ကမ်းခြေလို့ ဆိုရမယ့် အနေအထား ရှိပြီး လက်ခုပ်ကုန်း ကမ်းခြေကတော့ ရန်ကုန်မြို့နဲ့ အနီးဆုံးဖြစ်ပေမယ့် ကမ်းခြေက ပျက်စီးသလိုဖြစ် နေတာကြောင့်  အပန်းဖြေခရီးအဖြစ်  အသွားအလာ နည်းပါးလျက်ရှိပါတယ်။

ကျွန်တော်ဟာ လက်ခုပ်ကုန်း ကမ်းခြေကို  ပြီးခဲ့တဲ့နှစ်က သူငယ်ချင်း တွေဖြစ်တဲ့ ကိုအောင်မော်၊ ကိုဌေးနိုင်တို့နဲ့အတူ သွားရောက်ဖြစ်ခဲ့ပါသေး တယ်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ  ပါဝင်နေပြီး  လမ်းခရီးလည်း  အလွန်နီးပေမယ့်  ကမ်းခြေ သာယာလှပမှုနည်းပါးနေတာကို   မျက်မြင်တွေ့ရှိခဲ့ရပါတယ်။  ဒီအခြေအနေကို ပြုပြင်ထိန်းသိမ်းမှုပြုလုပ်လို့ ရနိုင်ရင်တော့   လက်ခုပ်ကုန်းကမ်းခြေမှာ  ခရီးသွား တွေ အချိန်ပြည့်စည်ဝေနေမှာ သေချာတယ်လို့ တွေးခဲ့မိပါ တယ်။

ကျွန်တော်တို့ မကြာခင်မှာပဲ ချောင်းသာကို ရောက်ရှိလာပါတယ်။ ချောင်းသာ ကမ်းခြေအနီးမှာ  တည်ဆောက် ထားတဲ့ ဟိုတယ်တွေကတော့ အရင်ကထက် များပြားလာတာ သတိပြုမိသလို အပန်းဖြေလာရောက် သူတွေနဲ့ ပြည့်ကျပ်နေတာဟာ အခန်းလွတ်မရှိအောင်ပါပဲ။ ကျွန်တော်တို့က နေ့ချင်းပြန်ခရီးဖြစ်တာမို့ အခန်း မယူတော့ဘဲ   ကမ်းခြေအနီး စားသောက်ဆိုင်တစ်ဆိုင်မှာ  ဝင်ပြီး  ခေတ္တနားကာ စားစရာအချို့မှာယူကာ စားသောက်လိုက် ပါတယ်။

တကယ်တော့ ဒီခရီးစဉ်ဟာ ကျွန်တော့်မိတ်ဆွေ  ကိုဟန်ကြည်က  ဟိုတယ် လုပ်ငန်းနဲ့ပတ်သက်ပြီး  ဆွေးနွေးစရာရှိလို့  လာခဲ့တာဖြစ်ပြီး  ကျွန်တော်တို့ကိ ကမ်းခြေမှာထားခဲ့ကာ သူ့လုပ်ငန်းကိစ္စအတွက်  ချောင်းသာ ကမ်းခြေမှာရှိတဲ့ ဟိုတယ်တစ်လုံးဆီကို   သွားရောက်နေပါ တယ်။  ဒါကြောင့်လည်း  ချောင်းသာ ကမ်းခြေမှာ ကျွန်တော်တို့ အချိန်အတန်ကြာ အပန်းဖြေလို့ရမှာဖြစ်တဲ့အတွက် အဆင်ပြေတာတော့ အမှန်ပါပဲ။

▄ လွတ်လပ်စွာ ▄

ကျွန်တော်တို့ဆိုင်ထဲကထွက်လာပြီး ကမ်းခြေကို ဆင်းလာတဲ့အခါ သဲသောင် ကမ်းခြေတစ်လျှောက်မှာ အပန်းဖြေနေသူတွေကို လှမ်းမြင်ရင်း ကိုယ်တွေပါ စိတ်လွတ်လပ်မှုနဲ့အတူ စိတ်လက်ပေါ့ပါးမှုတွေ ကူးစက်လာပါ တယ်။ ကမ်းခြေသောင်ပြင တစ်လျှောက်မှာ စက်ဘီးစီးနေသူတွေနဲ့ ဆိုင်ကယ်စီးသူအချို့ကိုလည်း တွေ့မြင်ရ ပါတယ်။ ရော်ဘာကွင်းနဲ့ ရေဆော့ကစားနေသူတွေ၊ အလွတ်တမ်း ရေကူး၊ ရေစိမ် နေသူတွေကိုလည်း တွေ့ရတာဟာ စိတ်ပျော်စရာဖြစ်ပြီး တကယ့်ကို လွတ်လပ်စွာ အပန်းဖြေနေကြတာဖြစ်ပါတယ်။

ကမ်းခြေရဲ့ ခပ်လှမ်းလှမ်းမှာ စေတီတစ်ဆူရှိတာမို့ သွားရောက်ခဲ့ကြ ပါတယ်။ ဆုတောင်းပြည့် ဇမ္ဗူဝတီ ရုပ်ပွားတော်ဖြစ်ပြီး လိုဏ်ဂူသဖွယ် တည်ထားတာဖြစ်ပါတယ်။ အပေါ်ဘက်မှာ စေတီတစ်ဆူ ရှိပြီး အဝေးကလှမ်းမြင် ဖူးတွေ့ရလောက်အောင် မြင်ကွင်းက ရှင်းနေပါတယ်။ အဲဒီစေတီကနေပြီး ပင်လယ်ဘက်ကို ကြည့် လိုက်ရင် ရှုမောဖွယ်ရာ ပင်လယ်မြင်ကွင်းကို မျက်စိတစ်ဆုံးတွေ့ မြင်ရပါတယ်။

ချောင်းသာကမ်းခြေဟာ အရင်က ကမ်းခြေအရှည် ၁ မိုင် ၄ ဖာလုံ ခန့်သာရှိပေမယ့်  အခုတော့  ရွှေသောင်ယံ ကမ်းခြေပါ  ပေါင်းထည့် ရင်တော့  အတော်လေး ရှည်လျားနေပြီဖြစ်ပါတယ်။ ချောင်းသာကမ်းခြေ ဟာ ချောင်းသာရွာမှာတည်ရှိပြီး ရွာမြောက်ပိုင်းမှာ စီးဆင်းနေတဲ့ ချောင်းငယ်တစ်စင်းရဲ့ အမည်ကိုယူကာ ချောင်းသာရွာ ချောင်းသာ ကမ်းခြေလို့ အမည်ပေးကာ ထင်ရှားကျော်ကြားလာတာ ဖြစ်ပါတယ်။

▄ ကမ်းခြေဆင်း ▄

ကျွန်တော်တို့ ဘုရားဖူးမြော်ပြီး ပြန်ထွက်လာချိန်မှာ ကမ်းခြေမှာ ပေါက်နေတဲ့ အုန်းပင်တွေကို လေတိုးလို့ ထွက်ပေါ်လာတဲ့ အသံနဲ့အတူ ကမ်းခြေမှာ ရေကစား နေကြသူတွေရဲ့ အပျော်သံတွေကလည်း ဝေ့ဝဲထွက်ပေါ်လာပါတယ်။ ကျွန်တော်တို့ အနီးမှာရှိတဲ့ ဆိုင်တစ်ဆိုင်ဝင်ပြီး ရေဆင်းကူးဖို့ အဝတ်လဲကြပြီး ကမ်းခြေကိုပြန် ဆင်းခဲ့ကြပါတယ်။

နေအပူရှိန်ကျရောက်နေပေမယ့် ပင်လယ်ရေကိုမြင်တွေ့နေရတာနဲ့ပဲ ပူတယ်လို့မခံစားရပါဘူး၊ တဖြည်းဖြည်းချင်း ကမ်းခြေကနေ ရေပြင်ကိုဆင်း ခဲ့ပါတယ်။ ခါးလယ်လောက်ရေပြင် ရောက်တဲ့အထိ ဆင်းလာခဲ့ပြီး ရင်ဘတ်ပိုင်းအထိ ရေပြင်ထိအောင်ဆက်ကာဆင်းလာတဲ့အခါ ကျန်တဲ့ မိတ်ဆွေတွေက ဆက်မဆင်းဘဲ အဲဒီမှာတင်ရပ်ပြီး ရေပြန်ကူးလာဖို့လှမ်းပြီး သတိပေးကြတာမို့ ကျွန်တော်လည်း ရပ်လိုက်ပါတယ်။

မျက်နှာသာဖော်ထားပြီး တစ်ကိုယ်လုံးရေစိမ်လိုက်တဲ့အခါ ခန္ခာကိုယ်ဟာ ရေလှိုင်းနဲ့အတူ ကမ်းခြေဘက်ကို ပြန်ရောက်လာပါတယ်။ ဆားဓာတ်ပါတဲ့ ပင်လယ်ရေကိုစိမ်ပြီး ရေချိုး၊ ရေကူးရတာရယ်၊ ပင်လယ်လေကို ရှူရှိုက်ရတာရယ်က ကျန်းမာရေးအတွက် ကောင်းမွန်တာမို့ လူတိုင်း တစ်နှစ်ကိုနှစ်ကြိမ်လောက ပင်လယ်ကမ်းခြေတွေမှာ အပန်းဖြေကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်း နေကြခြင်း ဖြစ်ပါလိမ့်မယ်။

အတန်ကြာ ရေကူး၊ ရေစိမ်ပြီး ကျွန်တော်တို့  ကမ်းခြေကို ပြန်တက်လာကာ အဝတ်အစားတွေလဲကာ ခေတ္တအမောဖြေနေမိပါတယ်။ အဲဒီအချိန်မှာ ပုစွန်ကြော်၊ ငါးကြော်တွေရောင်းတဲ့ လူငယ်တစ်ဦး ရောက်လာလို့ ငါးကင်နဲ့ ပုစွန်ကင်အချို့ဝယ် စားတဲ့အခါ လတ်ဆတ်လို့လားမသိ၊ အရသာက ချိုမွှေးသင်းပျံ့နေပါတယ်။ ကမ်းခြေမှာတော့ အုန်းလက်ခမောက်၊ ခရုပုတီး၊ အုန်းစိမ်းရည်တွေ ရောင်းနေတာ တွေ့ရ တာမို့ လာရောက်အပန်းဖြေကြတဲ့ သူတွေ ဝယ်ယူကြတာလည်း မြင်ရပါတယ်။

ချောင်းသာကမ်းခြေဟာ ရန်ကုန်မြို့နဲ့လည်းနီးတာမို့ ပွင့်လင်းရာသီဆိုရင် တစ်ရက်ကို လူဦးရေ သောင်းချီ လာရောက်ကြပြီး  မိုးရာသီကာလမှာတော့ လာရောက်သူ နည်းပါးတယ်လို့ဆိုပါတယ်။ ၁၉၉ဝ ပြည့်နှစ်ခန့် ကတည်းက တဖြည်းဖြည်း လူသိများလာတဲ့ ချောင်းသာကမ်းခြေဟာ အခုဆိုရင် ဟိုတယ်တွေ၊ ခရီးလမ်းဆက် သွယ်ရေးတွေ ကောင်းမွန်တိုးတက်လာတာမို့ လက်ရှိအချိန်မှာတော့ အပန်းဖြေ ခရီးလာရောက်သူတွေနဲ့ စည်ကားနေပြီဖြစ်ပါတယ်။

ချောင်းသာကမ်းခြေအနီးမှာလည်း သွားလာလည်ပတ်နိုင်တဲ့ သဲဖြူကျွန်း၊ ဖိုးကုလားကျွန်းနဲ့ ကျောက်မောင်နှမ နေရာတွေရှိသလို ငှက်တောင်၊ ဥတိုချောင်းနဲ့ တံငါရွာလေးတွေလည်းရှိတာမို့  အလည်အပတ်ပဲဖြစ်ဖြစ်၊  လေ့လာမှုပဲဖြစ်ဖြစ် သွားလို့ရနိုင်ပါတယ်။ ကျွန်တော်တို့ ရတဲ့အချိန်မှာအကျိုး ရှိအောင် သဲဖြူကျွန်းကို လှေနဲ့သွားကြပါတယ်။ မိနစ် ၂ဝ ခန့်ကြာအောင် စက်လှေစီးပြီးတဲ့အခါ သဲဖြူကျွန်း ကို ရောက်လာ ပါတယ်။ ဖြူဖွေးနေတဲ့ သဲမှုန်တွေက ကမ်းမှာတွေ့ရသလို တောင်ကုန်းငယ်ထိပ်မှာ စေတီငယ် တစ်ဆူတည်ထားတာ ကိုလည်း လှမ်းမြင်ဖူးတွေ့ရပါတယ်။ လာရောက်တဲ့ အပန်းဖြေလေ့လာသူအချို့ကိုလည်း တွေ့ မြင်ခဲ့ရပါတယ်။ သဲဖြူကျွန်းပေါ် တက်ပြီး    အချိန်ယူလေ့လာနိုင်တော့   ဗဟုသုတ ရစရာတွေ အများကြီး ရှိနေမှာပါ။

ဆက်လက်ပြီး ကျွန်တော်တို့ ဖိုးကုလားကျွန်းကို သွားကြပါတယ်။ ဖိုးကုလား ကျွန်းကိုရောက်တဲ့အခါ တစ်ခဏကြာမျှတက်ပြီး လေ့လာတဲ့အခါ ရွာငယ်လေး တစ်ရွာရှိကြောင်း တွေ့ရပါတယ်။ ရေလုပ်ငန်းကို လုပ်ကိုင်ကြ တဲ့ လူတွေနေထိုင်ကြ တာဖြစ်ပြီး ငါးခြောက်တွေ နေပူလှန်းထား တာတွေ့ရသလို အုန်းသီးတွေ ရောင်းချတာကိုလည်း သတိပြုမိပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာတော့ ငါးဖမ်းမိ တာများလို့လားမသိဘူး။ ငါးခြောက်တွေလှန်းထားတာ အများအပြားပါပဲ။

ကျွန်တော်တို့ ဖိုးကုလားကျွန်းမှာ မိနစ်အနည်းငယ်သာနေပြီး ပြန်လာ ခဲ့ဖြစ်ပါတယ်။ ဖိုးကုလားကျွန်းအနီးမှာ ရေကကြည်လင်သန့်ရှင်းကာ အမှိုက်မရှိတာကို သတိထားမိတာမို့မေးကြည့်တဲ့အခါ ရေပြင်သန့်ရှင်းရေး ကို တတ်နိုင်သမျှ လုပ်ကြတယ်လို့ဆိုတာမို့ ကြိတ်ပြီးချီးကျူးနေမိပါတယ်။ ရေပြင်မှာပဲ ဖြစ်ဖြစ်၊ မြေပြင်မှာပဲ ဖြစ်ဖြစ်၊ ရေမြောင်းတွေမှာပဲဖြစ်ဖြစ် သန့်ရှင်းရေးကို တစ်ယောက်တစ်အားနဲ့ လုပ်ကြမယ်ဆိုရင် သန့်ရှင်းတဲ့နိုင်ငံဖြစ်လာမှာ သေချာပါတယ်။

ကျွန်တော်တို့ ချောင်းသာကမ်းခြေကို ပြန်ရောက်တဲ့အခါ ညနေ ၃ နာရီရှိနေပြီ ဖြစ်ပါတယ်။ ဟိုတယ်ကိစ္စနဲ့ သွားဆွေးနွေးနေတဲ့ ကျွန်တော့် မိတ်ဆွေ ကိုဟန်ကြည်လည်း  မရှေးမနှောင်းရောက်လာပြီး  ပြန်ကြရအောင်လို့ ပြောလို့  ကျွန်တော်တို့ ရန်ကုန်ကိုပြန်ခဲ့ကြပါတယ်။ တကယ်တော့ အချိန်ရရင် ကျောက်မောင်နှမဘက်ကို ဆိုင်ကယ်နဲ့ သွားချင်သေးပေမယ့် အချိန်မရတော့တာမို့ ဆန္ဒကိုမျိုသိပ်ခဲ့ရခြင်းဖြစ် ပါတယ်။

ကျွန်တော်တို့ ချောင်းသာကမ်းခြေမှ ပြန်လာချိန်မှာတော့ ကမ်းခြေမှာရေ ကစားနေတဲ့သူတွေ၊ စက်ဘီးစီးနေသူ တွေ၊ လမ်းလျှောက်နေတဲ့သူတွေ၊ ပြေးလွှား ဆော့ကစားနေတဲ့လူငယ်တွေကတော့ ပျော်ရွှင်စွာနဲ့ အပန်းဖြေလို့ ကောင်းနေဆဲ ပါပဲ။ ကျွန်တော်တို့ကတော့ ချောင်းသာကမ်းခြေနဲ့ တဖြည်းဖြည်း ဝေးလာတာနဲ့အမျှ အပူရှိန်က ပိုပြီးရိုက်ခတ် ခံစားနေရသလိုပဲလို့ တွေးနေမိပြန်ပါတယ်။         ။

မောင်မောင်မြင့်ဆွေ(မြန်​မာ့အလင်း)

No comments:

Post a Comment