Latest News

Tuesday, April 10, 2018

သင်္ကြန်လည်မည့်ကားများ အရောင်းအ၀ယ် ထင်သလောက်မသွက်သည့် ရန်ကုန်ကားဈေးကွက်

သင်္ကြန်လည်မည့်ကားများ အရောင်းအ၀ယ် ထင်သလောက်မသွက်သည့် ရန်ကုန်ကားဈေးကွက်


ဧပြီလသည် ရန်ကုန်ကားလောကအတွင်း အများအားဖြင့် မော်တော်ကား ရောင်းလိုအားနှင့် ဝယ်လိုအား မြင့်တက်မှု ကြုံတွေ့ ရသည့် လဖြစ်သော်လည်း ယခုနှစ်တွင်မူ သင်္ကြန်နီးလာသော်လည်း လည်မည့်ကားများပင် အရောင်းအဝယ်မရှိဘဲ ကျန်ကားများ လည်း အရောင်းအဝယ် မဖြစ်သလောက် နည်းပါးနေသည်ကို မြင်တွေ့ရသည်။

''အဓိကကတော့ အထူးကုန်စည်ခွန်အပြောင်းအလဲကြောင့် ဆိုရင်လည်း မမှားပါဘူး၊ အမှန်က ကုန်စည်ခွန်တွေကြောင့်မဟုတ်ဘဲ ကားဈေးကွက်မှာ အရောင်းအဝယ်က နဂိုကတည်းက အေးနေခဲ့တာပါ၊ ဝင်ငွေခွန်တွေလည်း လျှော့မပေးတဲ့အတွက် ကားဈေး ကတော့ သင်္ကြန်ပြီးသွားရင်လည်း ကျစရာအကြောင်းတော့ မရှိသေးဘူး''ဟု ကားပွဲစားတစ်ဦးက ပြောပြသည်။

ထို့ပြင် လဆန်း ၁ရက်နေ့ဝန်းကျင်က အင်ဂျင်ပါဝါ ၆၆ဝ စီစီ ထရပ် ယာဉ်ငယ်လေးများအား  သင်္ကြန်ရေပက်ခံထွက်လိုသူများ ကြောင့် အရောင်းအဝယ်အနည်းငယ်ရှိလာသော်လည်း ထင် သလောက်အလုပ်မဖြစ်ခဲ့ကြောင်း၊ အများစုမှာ အောက်ဈေးဖြင့်  ရလိုကြပြီး  ဈေးအမှန်ဖြင့် ဆိုပါက   အရောင်းအဝယ်မဖြစ်ကြောင်း၊ ထို့ပြင်      လိုက်ထရပ်ကားများလည်း ကားဝယ်ရောင်းများ  မျှော်မှန်းသလောက် အရောင်းအဝယ်အားမကောင်းကြောင်း ကားလောကအတွင်းမှ သိရှိရသည်။

''မူဝါဒအပြောင်းအလဲက  ရပ်ကို မရပ်တော့ဘူး၊ တစ်မျိုးပြီး တစ်မျိုးဖြစ်နေ တယ်။ ဖြစ်တိုင်းမှာလည်း ကားဈေးကွက် က လှုပ်မလာဘဲ ပိုပြီးတန့်သွားနေတယ်၊ အမှန်က အလုပ်မဖြစ်တာ ကြာပြီ၊ ဒါပေမယ့် အခွန်ဥပဒေတွေနဲ့ ရန်ကုန်လိုင်စင်ကို စောင့်ပြီး ဘာထူးမလဲ စောင့်ကြည့်နေကြတာ၊ အခုတော့ ကားဈေးကို လှုပ်ခတ်ဖို့ထက် အမြင့်ဈေးနဲ့ပဲ အရောင်း အဝယ်ကလည်း နည်းသွားမှာ၊ ကားဈေးမကျတဲ့အတွက် ပိုင်ရှင်ကလည်း လက်မလွှတ်ချင်သလို ဝယ်လက်ကလည်း ခါသွားပြီ၊ ဈေးက ကျရိပ်လည်း လုံးဝမရှိသေးတာမို့ ဝယ်လက်လည်း ရှားသွားမှာဆိုတော့ ရန်ကုန်ကားဈေးဟာ အတော်ကို ဆိုးရွားနေတယ်''ဟု ကားပွဲစားတစ်ဦးကလည်း ပြောသည်။ စလစ်ဈေးနှုန်းများတွင်လည်း စလစ်အပ်ကားများ မရှိသလောက်နည်းပါးလာနေပြီး အရောင်းအဝယ်လည်း မရှိကြောင်း၊ စလစ်ဈေးနှုန်းမှာလည်း ထွက်ပေါ်ခြင်းမရှိဘဲ ကြိုက်ရောင်းကြိုက်ဝယ် အနည်းငယ်သာ ရှိခြင်းကြောင့် ငွေကျပ် သိန်း ၁ဝဝ ကျော်သာ ဈေးပေါက်တော့ကြောင်း သိရှိရသည်။

ကားဈေးကွက်အတွင်း ကြိုတင်ဝင်ငွေခွန်သက်သာရာရသွားသည့် အင်ဂျင်ပါဝါ ၁၅ဝဝ နှင့် ၂ဝဝဝ စီစီကြား ဘယ်မောင်းများ တင်သွင်းနိုင်သော်လည်း လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံတွင် ၂ဝ၁၈ခုနှစ် ဘယ်မောင်းတင်သွင်းမှု အားကောင်းခြင်းမရှိသေးဘဲ အမှန်တကယ်တွင်လည်း တင်သွင်းရန်မှာ မည်သို့မျှ မစဉ်းစားနိုင်သေးဘဲ ကားတန်ဖိုးအလိုက် ပြည်တွင်းဝယ်လိုအားဈေးကွက်လည်း မရှိနိုင်သေးဟု ကားဝယ်ရောင်းများက ခန့်မှန်းသည်။ မကြာမီအတွင်း ရန်ကုန်လိုင်စင်များကို စနစ်သစ်တစ်ခုဖြင့် ချထားပေးမည်ဟု သတင်းများထွက်ပေါ်ထားရာ ကားဈေးကွက်မှာ ပို၍ပင် ငြိမ်သက်စောင့်ကြည့်နေကြခြင်း ဖြစ်ကြောင်း သိရှိရသည်။ ယခုသင်္ကြန် ရက်ပိုင်းအတွင်း လူကြိုက်များသည့် ဆူဇူကီးပစ်ကပ်များနှင့် ဟိုက်ဂျက်များ အရောင်းအဝယ်ဖြစ်ရန် မျှော်လင့်ရပြီး ငွေကျပ် သိန်း ၁၁ဝမှ ၇ဝ အကြား အများဆုံး ဝယ်ယူ၊ ရောင်းချနေကြသည်ကိုလည်း မြင်တွေ့ရသည်။      ။

မင်းသော်(မြန်​မာ့အလင်း)

No comments:

Post a Comment