Latest News

Saturday, April 28, 2018

ကျုံပျော်မြို့၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဒီဇယ်အင်ဂျင်စက်ပြင်သင်တန်းဖွင့်

ကျုံပျော်မြို့၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဒီဇယ်အင်ဂျင်စက်ပြင်သင်တန်းဖွင့်


ကျုံပျော် ဧပြီ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျုံပျော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်၍ သင်ကြားပေးမည့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ဒီဇယ်အင်ဂျင်စက်ပြင်သင်တန်း ဖွင့်ပွဲကို ဧပြီ ၂၅ ရက်က အဆိုပါရုံး၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင်   တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  မန်းဂျော်နီက သင်တန်းသားများအနေဖြင့် စက်ပြင်အတတ်ပညာကို ကြိုးစားသင်ယူကြပြီး မိမိတို့ လယ်ယာလုပ်ငန်းခွင်နှင့် ဘဝရပ်တည်ရေးအတွက်အသုံးချရန် အမှာစကား ပြော ကြားသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးလိန်းကွီးနှင့် သင်တန်းဆရာများက သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်နှင့် သင်ကြားပေးမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတက်ရောက်သည့် သင်တန်းသားတစ်ဦးကလည်း ယခု  ဒီဇယ်စက်ပြင် သင်တန်းတတ်မြောက်ပြီးပါက သင်တန်းသားများအနေဖြင့် မိမိတို့ လယ်ယာလုပ်ငန်းခွင် မှ စက်ပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာ ပြုပြင်ပေးနိုင်မည့်အပြင် ရပ်ရွာတွင်းမှ စက်ပစ္စည်းများကို ပြုပြင်ပေးခြင်းဖြင့် ရပ်ရွာအတွက်လည်း အားကိုးရကာ ဝင်ငွေ လည်းရရှိလာမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ယခုလို စက်မှုပညာ သင်ကြား ပေးခြင်းသည် တိုင်းပြည်တိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်သဖြင့်  ကြိုးစားသင်ယူပြီး  မိမိရပ်ရွာတွင်   ပြန်လည်အသုံးပြုသွားမည်ဖြစ် ကြောင်း ပြောသည်။

အဆိုပါသင်တန်းကို ဧပြီ ၂၅ ရက်မှ မေ ၂၄ ရက်အထိ တစ်လတာ သင်ကြားပေး သွားမည်ဖြစ်ပြီး သင်တန်းတွင် ၁၈ ကောင်၊ ၂၂ ကောင်နှင့် ၂၅ ကောင် ဒီဇယ်အင်ဂျင် များ တည်ဆောက်ပုံ၊ ဆီတွန်းပို့မှုနှင့် မီးလောင်ပေါက်ကွဲမှုအကြောင်း၊ နော်ဇယ်၊ ချောဆီ၊ ဘားများ အလုပ်လုပ်ပုံ၊ အင်ဂျင်အအေးပေးစနစ်နှင့် အင်ဂျင်ပြုပြင်နည်း စသည့် ဘာသာရပ်များကို သင်တန်းဆရာ သုံးဦးက  စာတွေ့လက်တွေ့ သင်ကြားပေး သွားမည်ဖြစ်ပြီး သင်တန်းသို့ ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသား ၂၅ ဦး တက် ရောက်သင်ကြားကြကြောင်း သိရသည်။                        

နေဝင်းမြင့် (ပြန်/ဆက်)

No comments:

Post a Comment