Latest News

Sunday, April 8, 2018

လမ်းပေါ်ဖြတ်ပြေးတဲ့ခွေးကို ရှောင်တိမ်းရင်း ကားမှောက်၍ ယာဉ်မောင်းဖြစ်သူတရုတ်နိုင်ငံသားသေဆုံး

လမ်းပေါ်ဖြတ်ပြေးတဲ့ခွေးကို ရှောင်တိမ်းရင်း ကားမှောက်၍
ယာဉ်မောင်းဖြစ်သူတရုတ်နိုင်ငံသားသေဆုံး

တန်ခူး (တိုင်းဧရာ)ရွာငံ၊ ဧပြီလ ၈ ရက်

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရွာငံမြို့၊ ရွာငံ-မြို့ကြီး-ဟံမြင့်မိုရ်ကားလမ်း၊ မိုင်တိုင်(၄၄/၃-၄)ကြားတွင် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့(ယနေ့) နံနက်ပိုင်းက လမ်းဖြတ်ကူးသော ခွေးကိုရှောင်တိမ်းရင်း ယာဉ်တိမ်းမှောက်၍ တရုတ်နိုင်ငံသား တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။

ဖြစ်စဉ်မှာ - ရွာငံမြို့၊ ရွာငံ-မြို့ကြီး-ဟံမြင့်မိုရ်ကားလမ်း၊ မိုင်တိုင်(၄၄/၃-၄)ကြားတွင် တရုတ်နိုင်ငံသား Xif Ayong (၅၅)နှစ် မောင်းနှင်သည့် ပရာဒိုကားမှာ ယနေ့ နံနက်ပိုင်းက ခွေးကိုရှောင်တိမ်းရင်း တိမ်းမှောက်ခဲ့သည့်အတွက် ယာဉ်မောင်းဖြစ်သူ တရုတ်နိုင်ငံသား သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးခဲ့တဲ့တရုတ်နိုင်ငံသားမှာ Xif Ayong ဆိုသူဖြစ်ပြီး GPS Joint Venture ကုမ္ပဏီ၏ ဘော်ဆိုင်းသတ္တုတွင်း
ပညာရှင်တစ်ဦးဖြစ်ကြောင်း၊ ရွာငံမှ မြို့ကြီးဘက်သို့ မောင်းနှင်နေစဉ် တိမ်းမှောက်ခဲ့ရာ တရုတ်နိုင်ငံသားမှာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှသတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင် စီးနင်း လိုက်ပါလာသူ လက်ထောက်မန်နေဂျာ အေးမင်းထွန်း(၃၄)နှစ်နှင့် စကားပြန် ဖြစ်သူ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ (၃)ရပ်ကွက်နေ မမေဖြိုးဖြိုး (၂၄)နှစ် တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ယာဉ်မောင်း တရုတ်နိုင်ငံသား Xif Ayong အား ရွာငံမြို့မရဲစခန်း ယာဉ်(ပ)၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ - ပြည်ထဲရေး

No comments:

Post a Comment