လှိုင်သာယာရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်နေမှုကြောင့်
အနီးဝန်းကျင်ရှိ ပြည်သူများ မီးခိုးငွေ့များ ရှူရှိုက်နေရ
ရန်ကုန် ဧပြီ ၂၃
လှိုင်သာယာမြို့နယ် ကုလားကြီးစုကျေးရွာအုပ်စုရှိ ထိန်ပင်အမှိုက်ပုံအတွင်း အပူရှိန်လွန်ကဲမှုကြောင့် ဧပြီ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဧပြီ၂၃ ရက် ညနေ ၅ နာရီအထိ လောင်ကျွမ်းနေသဖြင့် အနီးရှိ ရပ်ကွက်အချို့ နှင့် ကျေးရွာနေပြည်သူများ မီးခိုးငွေ့များ ရှူရှိုက်နေရဆဲဖြစ်ကြောင်း သိရသည်။
''ကုလားကြီးစုရွာထဲကို မနက်ပိုင်းကမှ မီးခိုးအနံ့ တွေ ဝင်လာတယ်၊ ဒီနေ့ဆိုရင်အမှိုက်ပုံ မီးလောင်တာသုံး ရက်ရှိပြီ၊ယာယီဆေးခန်းတစ်ခုတော့ ဖွင့်ထားတယ်၊ ဆေးထိုး၊ ဆေးသောက်လိုတဲ့ ပြည်သူတွေအတွက် ကျန်းမာရေးဆရာမနဲ့ကြက်ခြေနီတွေက ဆောင်ရွက်ပေး နေပါတယ်၊ ရွှေလင်ပန်းနဲ့ (၂ဝ)ရပ်ကွက်က သက်ကြီး ပိုင်းတွေအသက်ရှူမဝလို့ ဆေးရုံ၊ ဆေးခန်းရောက်ကြ တယ်လို့ သိရတယ်၊ မနေ့ညက လွှတ်တော်ကိုယ်စား လှယ်တွေရောက်လာတယ်၊ မီးသတ်ကားတွေလည်း ပထမငါးစီးကနေ ၁၆ စီးအထိ ရောက်လာပြီး ငြှိမ်းသတ် ပေးလို့ ဒီနေ့မီးခိုးငွေ့ရှူရတာ သက်သာနေတယ်လို့ဆိုရ မှာပါ'' ဟု ကုလားကြီးစုကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
ယမန်နေ့ ညပိုင်းက အမှတ် (၂ဝ) ရပ်ကွက် အနော် ရထာလမ်းမကြီးနှင့် အမှတ်(၂ဝ)ရပ်ကွက် ရွှေလင်ပန်း ကျေးရွာသို့ မီးခိုးငွေ့များလွင့်ပျံ့နေ၍ သန့်ရှင်းသောလေကိုမရရှိသောကြောင့် သက်ကြီးရွယ်အို နှင့် ကလေးငယ်များ ဆေးရုံ၊ ဆေးခန်း ပြသနေရကြောင်း သိရသည်။
ထိန်ပင်သုသာန်ဝင်း စည်ပင် သာယာ အမှိုက်ပုံ၊ ရဲတပ်ရင်း (၉)နောက် ပိုင်းနှင့် ခရစ်ယာန်သင်္ချိုင်းထိ မီးကူးဆက် လောင်ကျွမ်းမှုကို ဆက်လက် ငြှိမ်းသတ် လျက်ရှိကာ ရွှေပြည်သာ၊ အင်းစိန်မြို့နယ် တို့ထိ စူးရှသောအနံ့ကိုရှူရှိုက်ရကြောင်း၊ မီးစလောင်သော နေ့တွင် ကောင်းကင် တွင်မီးခိုးငွေ့များ တလိမ့်လိမ့်တက်နေ သောကြောင့် မင်္ဂလာဒုံလေယာဉ်ကွင်းမှ တာဝန်ရှိသူအချို့ လာရောက်ကြည့်ရှု ကြောင်း သိရသည်။
''ကျွန်တော်တို့မနေ့ညက တစ်ည လုံးစောင့်ကြည့်ခဲ့ပါတယ်၊ သောင်ကြီး အောက်စခန်းက လုံခြုံရေးဆောင်ရွက်နေပါတယ်၊အဲ့ဒီနားမှာလည်းကြာကြာ မနေနိုင်ဘူး၊ လွှတ်တော်ကိုယ်စားလှယ် တွေလည်း အနီးကပ်ဆောင်ရွက်နေပါ တယ်'' ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင် မြတ်စိုးက ပြောသည်။
မတ် ၅ ရက်နေ့ မွန်းလွဲပိုင်းကလည်း ထိန်ပင်ခရစ်ယာန် သင်္ချိုင်းဝင်းအတွင်းရှိ အမှိုက်ပုံမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ် ခဲ့ရာ မီးသတ်ယာဉ်များ အချိန်မီငြှိမ်း သတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်ဦးမောင်မောင်စိုးက မီးငြှိမ်း သတ်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ ပြီး မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်မှညွှန်ကြားရေးမှူး ဦးကျော်သူရနှင့်တပ်ဖွဲ့ ဝင်များက မီးသတ်ယာဉ် ၁၂ စီး၊ ရေသယ် ယာဉ် ၁၂ စီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာ ရေးကော်မတီမှ ရေသယ်ယာဉ် လေးစီး၊ မြေတူးစက်လေးစီးတို့ဖြင့် ဆက်လက်ငြှိမ်းသတ်လျက်ရှိကာ မီးခိုး ငွေ့များမှာ ကုလားကြီး စုကျေးရွာ၊ ကံလှ ကျေးရွာ၊ ကျုံစုကျေးရွာ၊ အမှတ် (၂ဝ) ရပ်ကွက်များသို့ တိုက်ရိုက်ပျံ့နှံ့လျက် ကျန်ရပ်ကွက်များသို့ လေကြောင်း ပြောင်းလဲမှုအလိုက် ပလတ်စတစ်အနံ့ များ လွင့်ပျံ့နေဆဲဖြစ်ကြောင်း သိရ သည်။
သန်းထိုက်(လှိုင်သာယာ)ဓာတ်ပုံ-သန်းစိုး(မြန်မာ့အလင်း)
Monday, April 23, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment