Latest News

Tuesday, April 3, 2018

မြောင်းမြကြိုးတံတား တည်ဆောက်စဉ်က ဆောက်လုပ်ရေး ဝန်ကြီးမှာ ဗိုလ်ချုပ်စောထွန်း


မြောင်းမြကြိုးတံတား တည်ဆောက်စဉ်က ဆောက်လုပ်ရေး ဝန်ကြီးမှာ ဗိုလ်ချုပ်စောထွန်း ဖြစ်ပါတယ်။ ယနေ့ လော်ဘီပို့စ်တခုတွင် ကွန်ကရစ်တိုင် တိမ်းစောင်းမှု၊ ကွန်ကရစ်ခုံ ကြီးလေးမှုကြောင့် ညွန်ချုပ် နုတ်ထွက်ရသည်ကို ဦးစားပေးရေးသားသည်ကို ဖတ်ရှုရသည်။ အင်္ဂျင်နီယာများက တရုတ်ပညာရှင်များထံမှ ပညာယူနေစဉ် ပထမဆုံးစမ်းသပ်သော တံတား၊ အလကားရသော တံတား ဟုဆိုကြသည်။

ငြင်းပါရစေ။ တံတားပြုတ်ကျရခြင်သည် ကွန်ကရစ်တိုင် တိမ်းစောင်းမှု၊ ကွန်ကရစ်ခုံ ကြီးလေးမှုကြောင့် မဟုတ်ပါ။ ဆိုင်းကြိုး အရည်အသွေး ညံ့ဖျင်း၍ ပြတ်ကျခြင်း ဖြစ်ပါတယ်။

ဓာတ်ပုံတွင် ကြည့်ပါက ကွန်ကရစ်တိုင်သည် အကောင်းပကတိ ရှိနေပါတယ်။ ကွန်ကရစ်တိုင်ကို ကောင်းလှသည်ဟု မဆို။ သို့သော် ကွန်ကရစ်တိုင် ပြိုကျလျှင် ရက်အတန်ကြာကပင် တိမ်းစောင်းမှုကို ကြိုတင် သတိပြုမိနိုင်သည်။ ယခုကဲ့သို့ ချက်ချင်း ပြတ်ကျရန် မရှိ။

ပထမဆုံးစမ်းသပ်သော တံတားဟုဆိုလျှင် တရုတ်ပြည်သည် ၁၉၉၄မှ စတင်၍ တံတားဆောက်သလော။ မဟုတ်ပါ။ တရုတ်အင်္ဂျင်နီယာများသည် မြောင်းမြတံတား မတိုင်မီ တံတားများစွာ တရုတ်ပြည်တွင် ဆောက်နှင့်ပြီးပါပြီ။ မြန်မာပြည်ကို ပို့လိုက်သော တရုတ်အင်္ဂျင်နီယာများသည် ဂျင်းအင်္ဂျင်နီယာများ သို့မဟုတ် စေတနာမမှန်သူများသာ ဖြစ်လိမ့်မည်။

တရုတ်ဆီက အလကားရသော တံတားဟူ၍ မရှိ၊ ဆီရသည်ကိုသာမြင်၍ ဆန်ပေးရသည်ကို မမြင်သူသည် တဖက်ကန်းသူသာ ဖြစ်လိမ့်မည်။ ထိုသို့ ဆို၍ မြန်မာအင်္ဂျင်နီယာများ ညံ့သည်ဟု မဆိုလို။ တော်လှသည်ဟုလည်း မပြောလို။

ဇစ်မြစ်ကား ခိုး၍ အရည်အသွေးမမှီသော ပစ္စည်းများကို သုံးကြသည်က ပြသနာဖြစ်သည်။ အဓိကပြသနာမှာ ဆိုင်းကြိုး၏ အရည်အသွေးဖြစ်သည်။ အင်္ဂျင်နီယာပညာနှင့် မဆိုင်။

Engineering အတတ်ပညာ အားနည်းသည် မှန်သော်လည်း ဆိုင်းကြိုးပြတ်ကျသည်မှာ Engineering ကြောင့် မဟုတ်၊ Quality အရည်အသွေးကြောင့်သာ ဖြစ်သည်။ Quality အရည်အသွေးညံ့ခြင်းသည် ဝယ်ယူခြင်းနှင့်သာ ဆိုင်သည်။ အတတ်ပညာနှင့် မဆိုင်။ ဝယ်ယူရာတွင် ကော်မရှင်ကြေးကို အိတ်ထောင်ထဲထည့်ပြီး အရည်အသွေးညံ့ကို ယူခြင်းသည် ခိုးခြင်း ဖြစ်သည်။

ခိုးကြသည်။ အဆင့်ဆင့် ခိုးကြသည်။ ဝန်ကြီးကို ပူဇော်ပသဖို့ ခိုးကြသည်။ ညွန်ချုပ်ကို ပူဇော်ပသဖို့ ခိုးကြသည်။ တိုင်းမှူးကို ပူဇော်ပသဖို့ ခိုးကြသည်။ ( မပသလျှင် ထိုနေရာ မမြဲ။ နောက်တစင်းရဖို့ မသေချာ။ ) အင်္ဂျင်နီယာမှူးလည်း ခိုးကြသည်။ လက်ထောက်လည်း ခိုးကြသည်။ သူခိုးစနစ်တွင် သင်မခိုးလျှင် သင်နေရာပျောက်ပြီ။ သင်ကို ကန်ထုတ်ပြီး အစားထိုးမည်။ ထို့ကြောင့် အဆင့်ဆင့်ခိုး၍ အဆင့်ဆင့် ပူဇော်ပသရသည်။ ကိုယ်လည်း စားသည်။ ဒီနေရာ ဒီရာထူးရဖို့ပင် ရင်းနှီးပေးကမ်းထားရသည်မှာ မနည်းပေ။ ဤကား ရေးမထားသော လုပ်ထုံးဖြစ်သည်။

ခိုးပြီး ပူဇော်ရုံမျှနှင့် မလုံလောက်သေး။ ဖြေဖျော်ရန်လည်း လိုသေးသည်။ ဝန်ကြီးလာလျှင် မည်သို့ ဖျော်ဖြေရသည်။ တိုင်းမှူးလာလျှင် မည်သို့ ဖျော်ဖြေရသည်။ မည်သို့ စီမံရသည်မှာ လက်ဇောင်းထက်ရေးသော သမီးတော်ရာဇဝင် နီးပါး အမှီလိုက်သည်။ ဘုရင့်သားတော်များ ကျေးတောရွာသို့ ဆင်း၍ ကဲကြသည်အလား ပွဲတော်ကြီး ဖြစ်နေသည်။ သမီးတော်တို့က ယောက်ကျားများ မဟုတ်၍ ကိစ္စတခု ငြိမ်းသေးသည်။ ပါးစပ်ပေါက်တခုသာ ခွံ့ရန်လိုသည်။

The Red

🇼🇸မောင်မာ(မုံရွာသား)

No comments:

Post a Comment