နေပြည်တော် ဧပြီ ၁၇
ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် ကုန်ဆုံး၍ ၁၃၈ဝ ပြည့်နှစ် နှစ်သစ်သို့ကူးပြောင်းသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသား တို့၏ နေ့ထူးနေ့မြတ် အချိန်အခါသမယ ဖြစ်သည်။
ယခုကဲ့သို့ နှစ်သစ်ကူးအခါသမယတွင် နှစ်ဟောင်းမှ ကိုယ်၏အညစ်အကြေးများကို အတာရေဖြင့် ဆေးကြောသန့်စင် ပြီး စိတ်၏ အညစ်အကြေးများကို နှစ်သစ်တွင် ကုသိုလ်ဒါနပြု ခြင်းဖြင့် ဆေးကြောသန့်စင်၍ မြန်မာတို့၏ ရိုးရာဓလေ့တစ်ခု အဖြစ် မင်္ဂလာရှိရှိ အစပြုလေ့ရှိကြသည်။
ယနေ့ မြန်မာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ် နှစ်ဆန်းတစ်ရက် နေ့တွင်လည်း မြန်မာနိုင်ငံတစ်ဝန်းရှိ နိုင်ငံသူ နိုင်ငံသားများ အနေဖြင့် ဘုရား၊ စေတီ၊ ကျောင်းကန်များ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း၊ သက်ကြီးဘိုးဘွားများအား တစ်ကိုယ်ရေ သန့်ရှင်းမှုများ ပြုလုပ်ပေးခြင်းနှင့် ကန်တော့ခြင်း၊ ဇီဝိတဒါန ဘေးမဲ့လွှတ်ခြင်းနှင့် ကုသိုလ်ဒါနပြုခြင်းတို့ဖြင့် နှစ်သစ်ကို အစပြုလျက်ရှိကြသည်။
ထို့အတူ နေပြည်တော်ကောင်စီနယ်မြေတွင်လည်း နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နံနက်ပိုင်းမှစ၍ တန်ခိုးကြီးဘုရား စေတီ၊ ကျောင်းကန်များ၌ ဥပုသ်သီတင်းသီလ ဆောက်တည် ကြသူများ၊ ဆရာတော်သံဃာတော်များ ရွတ်ဖတ် သရဇ္ဈယ်သည့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာကြားကြသူများ၊ ဇီဝိတဒါနဘေးမဲ့လွှတ်ကြသူများ၊ အလှူဒါနပြုကြသူများဖြင့် စည်ကားခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် လိုဏ်ဂူတော်အတွင်း၌ ဒသမအကြိမ် နှစ်သစ်မင်္ဂလာ အန္တရာယ် ကင်း ပရိတ်တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနားကို ကျင်းပ ရာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်၊ နိုင်ငံ တော် သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တကဝိသာရ အမှူးပြုသော ဆရာ တော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင် ကိုနှင့်ဇနီး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကဝိသာရထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်သည့် ပရိတ်တရားတော်များနှင့် အန္တ ရာယိက ကမ္မဝါစာများကို နာယူကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ် ပစ္စည်းများကို ဆရာတော်သံဃာ တော်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏သြဝါဒါစရိယ၊ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တကဝိသာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များက ကမ္ဘာသူကမ္ဘာသားများနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ်ကင်းရှင်းစေရန် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရဟတ်ယာဉ်ဖြင့် လှည့်လည်၍ နှစ်သစ်ဦးမင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပြီး ပရိတ်ရေ များ ဖျန်းပက်ကာ မေတ္တာပို့သကြသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေရှိ ထင်ရှားသော သတ္တသတ္တာဟစေတီ တော်၊ မဟာသကျရံသီရုပ်ရှင်တော် မြတ်ကြီး၊ ဓာတုဇယျဓာတ်ပေါင်းစုစေတီတော်၊ ကိုးခမ်းဘုရား ကြီး၊ ဆုတောင်းပြည့်လောကမာရဇိန်စေတီ၊ ရန်အောင်မြင်စေတီ စသည့် တန်ခိုးကြီးဘုရားစေတီများ၌ ဥပုသ်သီလခံယူဆောက် တည်ကြသူများ၊ စတု ဒိသာကျွေးမွေးလှူဒါန်းကြသူများဖြင့် စည်ကားနေပြီး ဇီဝိတဒါနအဖြစ်ငါးနှင့် ငှက်များကို ဘေးမဲ့လွှတ်ကြသူများ များပြားခဲ့သည်။
ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီး ဌာနများ၊ ရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများ၊ ဓမ္မာရုံများတွင်လည်း ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်၍ ပရိတ်တရားတော်များနှင့် အန္တရာယိကကမ္မဝါစာများ နာကြားကြကာ ကုသိုလ် ကောင်းမှုအစုစုတို့အတွက် အမျှပေးဝေကြသည်။ သတင်းစဉ်
No comments:
Post a Comment