Latest News

Tuesday, April 24, 2018

ခြေလှမ်းတစ်သောင်း လမ်းလျှောက်ပါ - ​ဆောင်းပါး

ခြေလှမ်းတစ်သောင်း လမ်းလျှောက်ပါ - ​ဆောင်းပါး

လမ်းလျှောက်ခြင်းသည် ကျန်းမာရေးအတွက် အကောင်း ဆုံး ဆေးနည်းတစ်ပါးဖြစ်သည်။ သွေးလှည့်ပတ်မှု မှန်ကန်စေရန် နေ့စဉ်ပုံမှန်လမ်းလျှောက်ပေးဖို့လိုသည်။ အနည်းဆုံးတစ်နေ့လျှင် ခြေလှမ်း ၁ဝဝဝဝ လမ်းလျှောက် သင့်သည်ဟု သုတေသနပြုသူများက ဆိုသည်။ လူတိုင်း တွင် ခြေနှစ်ချောင်းပါသည်။ ထိုခြေနှစ်ချောင်းကို သင်၏ ဆရာဝန်နှစ်ဦးဟု တင်စားပြောကြသည်။ ထိုဆရာဝန် နှစ်ဦး အလုပ်လုပ်နေသ၍ သင်ကျန်းမာနေမည်ဟုဆိုလို သည်။

မကြာမီအတွင်း ကျန်းမာရေးလိုက်စားသူများ စုပေါင်း လမ်းလျှောက်ပွဲအဖြစ် ''ခြေလှမ်းတစ်သောင်း လမ်း လျှောက်ပွဲ'' ကျင်းပရန် မန္တလေးမြို့တွင် စီစဉ်နေကြောင်း သတင်းကောင်း ကြားရသည်။ ဆက်လက်၍ ရန်ကုန် မြို့ကြီးတွင်လည်း လမ်းလျှောက်ပွဲကျင်းပရန် စီစဉ်နေ ကြောင်း သိရသည်။ အောင်မြင်ပါစေဟု ဆုတောင်းပါ သည်။

တစ်လောက ဂျပန်နိုင်ငံမှ ပြန်လာသော မိတ်ဆွေ တစ်ဦးက  စာရေးသူကို  ခါးတွင်ချိတ်ထားသော တစ် လက်မ x နှစ်လက်မအရွယ်ရှိ စက်ငယ်လေးတစ်ခုကို လက်ဆောင်ပေးပါသည်။

ထိုစက်ကလေး၏ လုပ်ဆောင်ချက်မှာ ခြေလှမ်း တိုင်းကို မှတ်ပေးသည်။ လမ်းလျှောက်စဉ် ခြေလှမ်း ငါးဆယ်ရှိသောအခါ (၅ဝ)၊ ခြေလှမ်းတစ်ရာရှိသောအခါ (၁ဝဝ) စသည်ဖြင့် ပြသည်။ တစ်လှမ်းလှမ်းတိုင်းနံပါတ် ဆက်တိုးလာသည်။ ခြေလှမ်းရပ်လိုက်လျှင် ရပ်သွား သည်။ နားပြီးနောက်တစ်ကြိမ် ပြန်လျှောက်သွားလျှင် တော့ ဘေးမှခလုတ်ကလေးကို နောက်တစ်ကြိမ် နှိပ်ပေး ဖို့လိုသည်။

အသက်ရှည်ချင်ရင်

ဤသို့ မှတ်ပေးသော စက်ကလေးကို စာရေးသူခါးတွင် တစ်နေကုန်ချိတ်ထားပြီး ညရောက်သောအခါ အနား မယူမီ စစ်ကြည့်လိုက်သောအခါ ခြေလှမ်းပေါင်း ၈၅ဝဝ လှမ်းခဲ့သည်ဟု မှတ်တမ်းတွေ့ရသည်။

စာရေးသူက လက်ဆောင်ပေးခဲ့သော မိတ်ဆွေထံ ဖုန်းဆက်သည်။

''ကျွန်တော် ဒီနေ့လမ်းလျှောက်တာ ခြေလှမ်းပေါင်း ၈၅ဝဝ ကျော် ရှိတယ်။ အဲဒါ မှတ်ထားရမှာလား''ဟု မေးလိုက်ပါသည်။ လက်ဆောင်ပေးသူ မိတ်ဆွေက ပြောသည်မှာ…

''ဒီစက်က ဂျပန်ကလာတာ။ ဂျပန်လူမျိုးတွေက ကျန်းမာရေးအတွက် အလုပ်သွားရင် လမ်းလျှောက်သွား လေ့ရှိကြတယ်။ တကယ်လို့ အလုပ်ကဝေးရင်လည်း ကား သို့မဟုတ် ရထားစီးလာပြီး ကားကို အပ်နှံတဲ့နေရာမှာ ရပ်ထားခဲ့တယ်။ ရထားဆိုရင် ဘူတာရုံကနေ ကိုယ့် အလုပ်ရှိတဲ့နေရာကို လမ်းလျှောက်သွားကြတယ်။

လမ်းလျှောက်ဖို့ကို တမင်ချန်ထားလေ့ ရှိကြတယ်။ အဲဒါကြောင့် ဒီလူမျိုးတွေကျန်းမာတယ်၊ တက်ကြွနေ ကြတယ်။

အသက်ရှည်ချင်ရင် ခါးပတ်ကို တိုပါစေ ဆိုတဲ့ စကား ရှိတယ် မဟုတ်လား။ ခါးပတ်တိုတယ်ဆိုတာ ဗိုက်အဆီ ချဖို့ ပြောတာ။ ဗိုက်ပူနေရင် ခါးပတ်ရှည်မယ်၊ အသက် တိုမယ်လို့ပြောတာ။

ခါးပတ်တိုဖို့၊ ဗိုက်ချဖို့ဆိုတာ အစားလျှော့စားရုံနဲ့ မရဘူး။ တချို့ဆို အစာကို တအားလျှော့စားလိုက်တာ အားယုတ်ပြီး နေမကောင်းဖြစ်လာတယ်။ အားပြတ်လာ တယ်။ ရောဂါဝင်လာတယ်။  အဲ နေကောင်းအောင် ကုသပြီး အစားလည်းပြန်စားရော အားရှိအောင်ဆိုပြီး တွန်းစားလိုက်တာ နဂိုကထက်ပိုပြီး ဝသွားရော။

တကယ်တော့ ခါးပတ်တိုဖို့၊ ဘော်ဒီဝိတ်ချဖို့အတွက် အကောင်းဆုံးသော ဆေးနည်းကတော့ လမ်းလျှောက် ခြင်းပဲ။ လမ်းလျှောက်ခြင်းအတွက် စပါယ်ရှယ် သုတေ သနပြုထားတဲ့ ပညာရှင်တွေရဲ့ တွေ့ရှိချက်က ကျန်းမာ ချင်ရင် တစ်ကနေ ခြေလှမ်းဘယ်လောက်များ လျှောက်ရ မလဲသိလား။''

စာရေးသူက ''မသိဘူး'' ဟု ဖြေလိုက်ပါသည်။

''မှတ်ထား။ တစ်နေ့ခြေလှမ်းပေါင်း တစ်သောင်း (၁ဝဝဝဝ) လျှောက်ရမယ်တဲ့''

''ဘုရားရေ ဖြစ်နိုင်ပါ့မလား။ အလုပ်လုပ်ချိန်ကော ရှိပါတော့မလား'' ဟု စာရေးသူက မေးမိပါသည်။

''ဘာမှ မဖြစ်နိုင်စရာ မရှိပါဘူး။ လမ်းလျှောက်တယ်ဆို တာ အပြင်ထွက်လျှောက်မှ လမ်းလျှောက်တာမဟုတ် ဘူး။ အိမ်ထဲမှာ လျှောက်တာ၊ အလုပ်မှာ အပေါ်ထပ်၊ အောက်ထပ်ဆင်းလိုက်၊ တက်လိုက်၊ သွားလိုက်၊လာလိုက်၊ အားလုံးကို ပေါင်းမှတ်လို့ရတယ်။

တကယ်တမ်းမှတ်ထားရင် ကိုယ့်အလုပ်စားပွဲနဲ့ အလုပ်ဌာနထဲမှာ လမ်းလျှောက်တာကိုက ခြေလှမ်း ပေါင်း နှစ်ထောင်၊ သုံးထောင်နီးပါး ဖြစ်နေတာ တွေ့ရ လိမ့်မယ်။

အဲ အလုပ်အသွားနဲ့ အပြန်မှာ ခြေလှမ်းငါးထောင် လောက် လျှောက်လိုက်။ နှစ်မိုင်သာသာပေါ့။

အိမ်ပြန်ရောက်တဲ့အခါကျတော့ အဝတ်လဲတာနဲ့၊ ရေချိုးတာနဲ့၊ ထမင်းစားသွားတာနဲ့၊ ခြံထဲဆင်းတာနဲ့၊ သားသမီးတွေ ကလေးတွေနဲ့  ဆော့တာနဲ့   ခြေလှမ်း နှစ်ထောင်ပြည့်သွားမှာပဲ။

အဲ   လမ်းလျှောက်တာ   အသွားအပြန်ခြေလှမ်း               ငါးထောင်  (နှစ်မိုင်နီးပါး)၊  ရုံးမှာ၊   အလုပ်မှာလမ်း လျှောက်တာက ခြေလှမ်းသုံးထောင်၊ အိမ်မှာ ပြန်ရောက် တော့ လုပ်စရာရှိတာတွေ လုပ်ရင်းနဲ့ လျှောက်တာ ခြေလှမ်းနှစ်ထောင်ဆိုရင် အဲ အားလုံးပေါင်းလိုက်ရင် ခြေလှမ်း ၁ဝဝဝဝ ဖြစ်ပြီးပေါ့။ ဘာမှ အထွေအထူး အားစိုက်နေရတဲ့ အလုပ်မဟုတ်ပါဘူး။

စာရေးသူ တွေးတော ဆင်ခြင်ကြည့်ပါသည်။

တခြားကို မတွေးကြည့်ပါ။ မိမိနေထိုင်သော ရပ်ကွက် ရှိ မိမိနှင့်ရွယ်တူ အသက်ငါးဆယ်ကျော် လူကြီးပိုင်း ဝင်ခါစများအကြောင်း။

ဘဝဝမ်းစာအတွက် ရုန်းကန်နေကြသူများ

စာရေးသူတို့၏ ရပ်ကွက်အနေအထားကို ပြောရလျှင် ဆင်းရဲသားတစ်ပိုင်း၊ လူချမ်းသာတစ်ပိုင်း ရောနှော နေထိုင်သော ရပ်ကွက်ဖြစ်သည်။ ရှေးယခင်ကတော့ ဤနေရာမျိုးတွင် ဆင်းရဲသားများသာ၊ လက်လုပ်လက်စား များသာရှိသည်။ သို့သော် လွန်ခဲ့သောနှစ် နှစ်ဆယ်ခန့်မှ စပြီး လူချမ်းသာ လူမျိုးခြားများ ဝင်ရောက်လာကြသည်။ မူရင်းနေထိုင်သူများ မြို့သစ်ရောက်သွားကြသည်။ သူတို့ ရောင်းချသွားသော နေရာတွင် တိုက်ကြီးတာကြီးများ ဖြစ်လာသည်။ လမ်းအသစ်လည်း ခင်းပြီးသောအခါ တန်ဖိုးကြီးသော ရပ်ကွက်ဖြစ်လာသည်။

သို့သော် အတွင်းပိုင်းကျ၍ မရောင်းရသောနေရာများ တွင် ဆင်းရဲသားများ၊ လက်လုပ်လက်စားများနှင့် ဝန်ထမ်းများ၊ လူလတ်တန်းစားများပါ ရောနှောနေထိုင် လျက်ရှိသည်။

စာရေးသူ၏ မျက်နှာချင်းဆိုင် တစ်ထပ်တိုက်ပုလေး တွင် နေထိုင်သူမှာ ရုံးမှအငြိမ်းစား အရာရှိတစ် ဦးဖြစ်သည်။ ရှေးယခင်ကတည်းက သူသည် ရုံးမှ ပေးထားသောကားဖြင့် အသွား၊ အပြန်တွေ့ဖူးသည်။ ရပ်ကွက်ထဲတွင်လည်း လမ်းလျှောက်သည်ကို မတွေ့ဖူး ပါ။ ယခုသူ မကျန်းမာပါ။ ပင်စင်ယူပြီးမှ ဆီးချို၊ သွေးချို ဝင်ကာ နေမကောင်း။ ယခင်က ဝဝဖိုင့်ဖိုင့်ကြီး။ ယခု တော့ ခေါက်ချိုးခန့် ပိန်ကျသွားသည်ကို တွေ့ရသည်။

နောက်တစ်ဦးမှာ စာရေးသူအိမ်ကျော်မှ ထရံကာ၊ သွပ်မိုးအိမ်မှ ပန်းချီဆရာ၊ သူလည်း ယခုသိပ်နေမကောင်း၊ နေကောင်းတုန်းကလည်း သူက လမ်းထဲသို့ သိပ်ထွက် လေ့ရှိသူမဟုတ်။ အိမ်ထဲမှာသာ တကုပ်ကုပ် ပန်းချီရေး နေသည်။ သူရေးသော ပန်းချီကားမှာ ဈေးကောင်းရ သည်။ နိုင်ငံခြားသားများပင် လာရောက် ဝယ်ယူကြသည် ဟု ဆိုသည်။ သူသည် အရက်တော့ ပုံမှန်သောက်သည်ဟု ဆိုသည်။ သူ့သားလေး တစ်ခါတစ်ရံ တစ်လမ်းကျော်မှ ဆိုင်သို့ အရက်သွားဝယ်ပြီး ပြန်လာသည်ကို တွေ့ရဖူး သည်။ သူလည်း လမ်းမလျှောက်သောသူဖြစ်သည်။

စာမရေးသူတို့ ရပ်ကွက်တွင် အမြဲလိုပင် နေကောင်း ကျန်းမာနေသောအသက် (၅ဝ) ကျော်နှစ်ဦး ရှိသည်။ ထိုသူများမှာ သတင်းစာပို့သမား ဦးနောက်ကျနှင့် ဆိုက်ကားသမားကြီး ဦးစောတို့ ဖြစ်သည်။

သတင်းစာပို့သမားကြီးနှင့် စာရေးသူတို့ သိသည်မှာ ဆယ်နှစ်နီးပါးခန့်ရှိပြီး ကြာတော့ လူချင်းခင်မင်လာ သည်။ သူ သတင်းစာပို့လျှင် အမြဲနောက်ကျလေ့ရှိသည်။ ထို့ကြောင့်ပင် သူ့ကို နာမည်ပြောင် ဦးနောက်ကျဟု ပေးထားခြင်းဖြစ်သည်။ လကုန်၍ သတင်းစာဖိုး ကြို တောင်းလျှင်တော့ သူသည် စောစော ရောက်လာလေ့ရှိ သည်။ သူသတင်းစာပို့သည့် ရပ်ကွက်မှာ အလွန်များ သည်။ တစ်နေ့လျှင် ခြေလှမ်းသုံးသောင်းပင် ကမည် မထင်။

တခြားသော      အမြဲကျန်းမာနေသူတစ်ဦးမှာ ဆိုက်ကားဆရာကြီး ဦးစောဖြစ်သည်။ သူသည် စာရေး သူ၏ ကလေးများ ငယ်စဉ်ကပင် ကျောင်းအကြိုအပို့ လုပ်ခဲ့သူဖြစ်သည်။ မိုးရွာရွာ နေပူပူ ကျောင်းသွားရမည့် အချိန်ထက် များစွာစောစောလာသည်။ ကလေးများက တစ်ခါတစ်ရံ ရေမချိုးရသေး၊ ကျောင်းဝတ်စုံ မလဲရသေး၊ သူကရောက်လာပြီး ဘဲလ်ကို ကလင်ကလင်နှင့် တီးခေါ် နေပြီ။ ထို့ကြောင့် သူ့ကို ဦးစောဟုခေါ်ခြင်းဖြစ်သည်။ ကလေးများသာ နေမကောင်းဖြစ်ကြသည်။ တစ်နေကုန် ဆိုက်ကားနင်းနေသော ဦးစောကြီးမှာ ဘယ်တော့မှ နေမကောင်းဖြစ်သည်ကို မတွေ့မိပါ။

တကယ်တော့ နေကောင်းကျန်းမာနေသူများကို လေ့လာကြည့်လျှင် ကျန်းမာရေးကို အထူးသီးသန့် လိုက် စားနေသူများမဟုတ်ကြပေ။ နိစ္စဒူဝ ဘဝဝမ်းစာအတွက် သွားလာလှုပ်ရှားရုန်းကန်နေကြသူများပင် ဖြစ်သည်ကို တွေ့ရလေသည်။

ကျန်းမာခြင်းဆုလာဘ်

ထိုသူတို့တွင် ကံမပေး၍ မချမ်းသာကြ။ လက်လှုပ်မှ ပါးစပ်လှုပ်ရသည်၊ ခြေလှုပ်မှ ခရီးရောက်သည်ဟု အများ က သနားကြသည်။ သို့သော် သဘာဝကို အန်တုရင်ဆိုင် နေသော ထိုသူတို့တွင် လူချမ်းသာတို့တွင် မရနိုင်သော ကျန်းမာခြင်းဆုလာဘ်ကို ရရှိနေကြသည်ကို တွေ့ရလေ သည်။ ရပ်ကွက်အတွင်းတွင် လူချမ်းသာများသည် ဇိမ်ခံကားကြီးများဖြင့် သွားကြလာကြရင်းက သွေးတိုး၊ ဆီးချို၊ နှလုံးစသော ငွေအိတ်နှင့် ချိန်စက်ကုရသော ရောဂါကြီးများဖြင့် ဆေးဒဏ်ကို အလူးအလဲခံကာရောဂါ မပျောက်သော်လည်း လူပျောက်သွားကြရသည်။

သတင်းစာပို့သူ ဦးနောက်ကျကြီး၊ ဆိုက်ကားသမားကြီး ဦးစောတို့မှာ တော်ရုံနေမကောင်းလျှင် ဂရုမထား။ ချွေးထုတ်ဆေးတစ်ခွက်၊ ငန်းဆေးတစ်ခွက်နှင့် သော် လည်းကောင်း ဝေဒနာအန်တုပြီး နေ့စဉ် ခြေနှစ်ချောင်း ကို အားထားကာ သွားလာလှုပ်ရှားနေကြသူများ ဖြစ်သည်။ သူတို့၏ ကျန်းမာရေးမှာ သူတို့ ခြေကျင်သွား နေခြင်း၏ ရလဒ်ဖြစ်သည်။ သူတို့၏ ဆရာဝန်မှာလည်း သူတို့၏ ခြေနှစ်ချောင်းပင်ဖြစ်ပါတော့သည်။

နိဂုံးအားဖြင့်…

၁။  နေ့စဉ် ခြေလှမ်းတစ်သောင်းလမ်းလျှောက်ပါ။

၂။  လမ်းလျှောက်ခြင်းဖြင့် ကျန်းမာ၊ အစာကြေ၊ သွေးအားကောင်း ရောဂါကာကွယ်ရာရောက်  ပါသည်။

၃။ စက်တပ်ယာဉ်များဖြင့် သွားမည့်အစား လမ်း လျှောက်ခြင်းဖြင့် ပတ်ဝန်းကျင်နှင့် သဘာဝကို လည်း အထောက်အကူ ဖြစ်နိုင်ကြောင်း တင်ပြ လိုက်ရပါသည်။    

ကြည်လွင်မြင့်(မုဒြာ)

No comments:

Post a Comment